စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များသည် ယခုအခါ၌ MBA သင်တန်းတစ်ခုကို တက်လိုက်လျှင် သေချာပေါက် အောင်မြင်ပြီး လုပ်ငန်းခွင်ထဲတွင် အသာစီးရမည်ဟု ကြော်ငြာလေ့ ရှိကြသည်။ အကယ်၍ သင့်တင့်သည့် စီးပွားရေး လုပ်ငန်း ပညာသင်တက္ကသိုလ် တစ်ခုမှ ဘွဲ့ရလျှင် ထိုလုပ်ငန်းခွင်များ၌လည်း ခန့်ထားရန် သင့်တော် ကောင်းမွန်သည်ဟု အဓိပ္ပာယ် ထွက်နေသည်။ ထို့ပြင် အခြား MBA ဘွဲ့ရသူများနှင့် အချိတ်အဆက် မိသွားမည်။ အတန်းထဲ၌ တက်ရောက် သင်ကြားသည့် အတွေ့အကြုံလည်း အနည်းနှင့်အများ ရမည်။ သို့ဖြစ်ရာ ကျောင်းလခ အကုန်ခံပါ၊ ထိုအကျိုးကျေးဇူး များကို အရယူလိုက်ပါဟု စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များက ကြေညာလေ့ ရှိကြသည်။ ပြဿနာမှာ ထိုမျှ မလွယ်ပါ။ ကျောင်းသားတွေက စီးပွားရေး ပညာသင် တက္ကသိုလ်များ၏ ကတိများသည် အနှစ်မရှိ၊ အကာသက်သက် ဖြစ်ကြောင်း သဘောပေါက်စ ပြုလာကြသည်။ MBA ဘွဲ့သင်တန်းတွင် တက်ရောက် သင်ကြားကာ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် အကျိုးကျေးဇူးမှာ ဂရိပြည်သူ့ ကြွေးမြီများလို ဖြစ်နေသည်ဟု ပြောကြသည်။ အသက် ၂၅၊ ၃၀ အရွယ်၌ လုပ်ငန်း အသင့်အတင့် တစ်ခုရှိလျှင်၊ ကုမ္ပဏီက အကုန်အကျ မခံလျှင် MBA ဘွဲ့ရရန် သင်ကြားခြင်းသည် စွန့်စားရမှု ကြီးမားသည်။ သင့်မှာ စီးပွားရေး လုပ်ငန်း အတွေ့အကြုံ ရှိသည်ဆိုလျှင် အကောင်းဆုံး နည်းလမ်းမှာ ထိုအတွေ့အကြုံများကို ဆက်လက် လေ့လာ ဆည်းပူးရန်၊ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်သွားသည်ထက် ပို၍ အသုံးဝင်အောင် လုပ်ငန်းခွင်တွင် ကြိုးစားရန် ဖြစ်သည်။
စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက စီးပွားရေး တိုးတက်မှု နှေးကွေးနေသည့် အချိန်သည် မိမိပညာရေး အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး အချိန်ဟု ပြောလေ့ပြောထ ရှိကြသည်။ သို့သော် ထုတ်ပြောလေ့ မရှိသည့် ကိစ္စတစ်ခုမှာ သင့်ငွေကို သူတို့က လိုအပ်နေခြင်း ဖြစ်သည်။ သင်၏ ချက်လက်မှတ်ကို စောင့်စားနေသည့် စီးပွားရေးပညာသင် တက္ကသိုလ်များ ရှိသည်။ ၎င်းတို့၏ ကျောင်းနှင့် သုတေသန လုပ်ငန်းများ အတွက် ရန်ပုံငွေ လိုအပ်နေကြသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ပြီး ခန့်ထားရသည့် စီးပွားရေး ပညာသင် ပါမောက္ခများလည်း ရှိသည်။ သို့ဖြစ်၍ ကျောင်းသားလောင်းများ အနေဖြင့် သတိထားရသည်မှာ အကယ်၍ MBA ဘွဲ့သည် စွန့်စားရကျိုးနပ်သည် စွန့်စားထိုက်သည်ဟု ယူဆလျှင် အခြားသူများက အဘယ့်ကြောင့် မတက်ဘဲ နေကြသနည်း။ ကိုယ်အထင်ကြီးနေသည့် သူများက MBA ဘွဲ့မရဘဲ၊ မယူဘဲ နေကြသည်က စဉ်းစားရန် လိုသည်။
ဟားဗတ် စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်တွင် မကြာမီက ကျောင်းအုပ်ကြီး အသစ် ရွေးချယ်ခဲ့သည်။ သူသည် ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှု ပညာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ သူ့ကို ဘလွန်းဘတ်စီးပွားရေး ဂျာနယ်က ဂိုမန်ဆက်ခ်ျ ကုမ္ပဏီ၏ ကွန်ဂရက် လွှတ်တော်တွင် တင်ပြချက်များကို ကြည့်ပါသလားဟု မေးသည့်အခါ သူက “ဟားဗတ် စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်ဟာ ဘဏ္ဍာရေး လောကက ဖြစ်ရပ်တွေကို အမြဲတမ်း စောင့်ကြည့်ပါတယ်။ သူတို့ကို သာဓက ထားပြီးလည်း အတုယူလေ့ ရှိတယ်။ ထွက်လာတဲ့ သတင်းတွေကိုလည်း သေသေချာချာ ကြည့်တယ်။ အနည်းဆုံး ဒီဘဏ္ဍာရေး လုပ်ငန်းတွေမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ နားလည်အောင် ကြိုးစားတယ်။ ဂိုမန်ဆက်ခ်ျက ဘာဖြစ်နေတယ် ဆိုတာ တစ်ချိန်ကျရင် လေ့လာပြီးတော့ တင်ပြမယ်။ အဲဒီလုပ်ငန်းကနေ လေ့လာ တင်ပြစရာတွေ ရှိတယ်” ဟု ဖြေသည်။ သူသည် ဂိုမန်ဆက်ခ်ျဘက်က သော်လည်းကောင်း၊ ဂိုမန်ဆက်ခ်ျကို ဝေဖန်သည့်ဘက်က သော်လည်းကောင်း ရပ်တည်ခဲ့ပုံ ရသည်။ သူကကျွန်တော်တို့ ခေတ်၏ စီးပွားရေး လုပ်ငန်း တစ်ခုကိုသာ ထောက်ပြသည်။ စီးပွားရေး လုပ်ငန်း လောကကို သူတို့က ထောက်ပံ့ခြင်း မပြုမီ ဦးစွာ လေ့လာဖို့ လိုအပ်နေကြောင်း ပြသနေသည်။ လေ့လာရာ၌ နောက်ကျနေသည်၊ နှေးသည်။
အရည်အသွေး မြင့်လွန်းနေသလား ယနေ့ခေတ်တွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲနေသည့် စီးပွားရေးအဖွဲ့အစည်းများကို ကြည့်သည့်အခါ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အတွက် MBA ဘွဲ့ရရန် မလိုသည်မှာ ထင်ရှားသည်။ ကမ္ဘာပေါ်တွင် နည်းပညာ အရာတွင် ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်သော၊ ဈေးကွက်ပေါက် အရင်းအနှီး ပမာဏလည်း ကြီးမားသော Apple သည် မကြာမီက Microsoft က ကျော်လွန်၍ သွားခဲ့ရာ Apple ကုမ္ပဏီ၌ ထိပ်တန်း အရာရှိကြီးများသည် MBA ဘွဲ့ရများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်က ထိပ်တန်း အရင်းအနှီး ကြီးမားသည့် ရန်ပုံငွေ အဖွဲ့များ၌ အင်ဂျင်နီယာများ၊ သင်္ချာ ပညာရှင်များနှင့် ရောင်းဝယ်သမားများ၊ အတွေးအခေါ် ကောင်းကာ အစီအစဉ် ဆွဲတတ်သူများကို MBA ဘွဲ့ရများထက် ပို၍ ဦးစားပေးတတ်သည်ကို တွေ့ကြရသည်။ ကိုယ်ကျင့်တရား၊ ပညာကြောင့် မဝံ့မရဲ ဖြစ်နေသည့် သူများထက် ပို၍ လိုလားသည်။
ထွန်းသစ်စ နိုင်ငံများ၌ ၁၉ ရာစုနှစ်က အမေရိကန် ဓားပြများကဲ့သို့ ဥစ္စာဓနများ ရှာဖွေ စုဆောင်းလာခဲ့ပြီး MBA အစီအစဉ်၌ ပါဝင်သည့် သင်တန်းများ၊ ဘာသာရပ်များကို လုံးဝ မသိဘဲ ကြီးပွားလာသူများ ရှိသည်။ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက သင်ကြား ပေးလိုက်သည့် သင်ရိုးများသည် စီးပွားရေး အပြောင်းအလဲကို အမီ မလိုက်နိုင်။ ဟောင်ကောင်မှ သူဋ္ဌေးကြီး လီကာရှင်းနှင့် မကာအိုမှ စတန်လီဟို သို့မဟုတ် ရူးပတ်မားဒေါ့တို့သည် MBA ဘွဲ့ရများ မဟုတ်ကြ။ သူတို့က MBA ကို စီးပွားရေး လုပ်ငန်း အခွင့်အလမ်း တစ်ခုအဖြစ်သာ မြင်ကောင်းမြင်မည်။ ဤနည်းအားဖြင့်သာ ၎င်းတို့က MBA သင်တန်းကျောင်းများ တည်ထောင်ကာ ရင်းနှီး မြှုပ်နှံကောင်း မြှုပ်နှံမည်။ သူတို့က စရိတ် ကြီးမားတာတွေကိုကြည့်၊ MBA ဘွဲ့ရ တစ်ယောက်နှင့် တစ်ယောက် လခတွေ မညီမျှတာတွေကိုမြင်၊ အထူးသဖြင့် ထိပ်တန်း တက္ကသိုလ်များမှ MBA ဘွဲ့ရပြီး ဘဏ္ဍာရေး လုပ်ငန်းများနှင့် အတိုင်ပင်ခံ လုပ်ငန်းများ၌ ရောက်သည့် လူများ လခ ကောင်းကောင်း ရသည်ကို မြင်မည်။ အများအားဖြင့် MBA ဘွဲ့ရများတွင် အောင်မြင်သည့် လုပ်ငန်းရှင်များ သိပ်မရှိ။
သူတို့က စီးပွားရေး လုပ်ငန်းသည် အခြေခံအားဖြင့် ကိစ္စနှစ်ခုနှင့် ပတ်သက်သည်။ တီထွင် ဆန်းသစ်မှုနှင့် ရောင်းချမှုသာ ဖြစ်သည်ဟု ယူဆသည်။ စီးပွားရေး လုပ်ငန်း ပညာသင် အစီအစဉ် တော်တော်များများ၌ ထိုဘာသာရပ် နှစ်ခုကို သင်ကြားပေးခြင်း မရှိ။ MBA ကွန်ရက်များ အမှန်မည်သို့ ဖြစ်နေသည်ကိုလည်း စဉ်းစားရလိမ့်မည်။ ဟိုနေရာ၊ ဒီနေရာမှ ရောက်လာသည့် စီးပွားရေး လုပ်ငန်း ပညာသင် ကျောင်းသားများဖြင့် ကမ္ဘာအနှံ့ ကွန်ရက်ကြီး တည်ဆောက်နိုင်စရာ အကြောင်းမရှိ။ ကိုယ့်အိမ်မှာ ကိုယ်ကိုယ့်မြို့၊ ကိုယ့်ရွာ၌သာ နေလျှင် ကမ္ဘာ့အနှံ့ ကွန်ရက်ကို ချိတ်ဆက်စရာလည်း မလို။ အကောင်းဆုံးသော ကွန်ရက် တည်ဆောက်သည့် နည်းမှာ ကျောင်းသွားသည့် နည်းလမ်းမဟုတ်။ အောင်မြင်အောင် လုပ်ရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်လိုချင်သမျှ MBA ဘွဲ့ရတွေ၊ မိတ်ဆွေတွေ ရနိုင်သည်။ သူတို့က စီးပွားရေး ပညာရှင် အချို့နှင့် တွေ့ကောင်းတွေ့မည်။ ထိုပညာရှင်များ၏ လျှောက်လွှာများကို ယူပြီးလျှင် ဘေးဖယ် ပစ်လိုက်မည်။

ခင်မောင်ညို (ဘောဂဗေဒ)
0 comments:
Post a Comment