HR Manager လား Admin Manager လား

အရင်တုံးကလည်း ဟောပြောပွဲတွေမှာ ကြုံရင်ကြုံသလို ခဏခဏ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ မကြားမိလိုက်သူတွေ မသိလိုက်ရသူတွေ များနေသေးဟန်တူတော့ ထပ်ပြောရပြန်ပါပြီ။HR Manager နဲ့ Admin Manager တို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကွဲကွဲပြားပြား သိရှိထားသူ အရေအတွက်များများ ထပ်လိုနေသေးတယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ HR နဲ့ ပတ်သက်ပြီး ပထမဦးဆုံး အင်တာဗျူးတစ်ခု ရှိခဲ့ပါတယ်။ အင်တာဗျူးသူကတော့ ဦးလူသာကျော်ဖြစ်ပြီး ဖြေဆိုသူကတော့ စာရေးသူ ကိုယ်တိုင်ပါဘဲ။ ၂၀၀၁ ခုနှစ်လောက်က ဖြစ်ပါတယ်။ အဲဒီတုံးက UMCCI အဖွဲ့ကြီး (UMFCCI မဖြစ်သေးပါ) ကထုတ်ဝေတဲ့ (Business) ဆိုတဲ့ မဂ္ဂဇင်းလေးအတွက် ဗျူးတာ ဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာကတည်း HR နဲ့ Admin ရဲ့ ခြားနားချက်ကို မြန်မာပြည် ပုံနှိပ်မီဒီယာလောကမှာ ပထမဦးဆုံး (dounmented) မှတ်တမ်း တင်ခဲ့ပြီးပါတယ်။ ပြီးတော့ ၂၀၀၄ ခုနှစ်မှာ MRTV4 ကနေ (Management Talk) အစီအစဉ်အတွက် ရုပ်သံရိုက်ကူးဖို့ ဆက်သွယ်လာပါတယ်။ မေးမြန်းသူက ဦးမျိုးမြတ်သူ ဖြစ်ပြီး စာရေးသူက HRM နဲ့ ပတ်သက်လို့ မြန်မာပြည်နဲ့ ပထမဦးဆုံး ရုပ်သံမီဒီယာ အစီအစဉ်အနေနဲ့ ဖြေကြားခဲ့စဉ်ကလည်း တစ်ခါ ထပ်ပြောခဲ့ပါသေးတယ်။ ပြီးတော့ ၂၀၀၇ ခုနှစ်၊ မတ်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ HRM Seminar ဟောစဉ်ကတစ်ခါ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာဘဲ HRD ခေါင်းစဉ်နဲ့ ဟောပြောစဉ်က တစ်ခါ၊ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း UMFCCI မှာ(Human Capital Management) ခေါင်းစဉ်ကို ဟောပြောစဉ်က တစ်ခါထပ်ပြီး ခွဲခြားပြခဲ့ပါတယ်။ ဒါပေမဲ့ အခုထပ်ပြောဖို့ တောင်းဆိုလာတဲ့ အခြေအနေတွေ ရှိလာလို့ ထပ်ပြောရပြန်ပါပြီ။

HR နဲ့ Admin ရောထွေးမှုရဲ့ မူလအခြေခံ အကြောင်းအရင်း
၁၉၈၉ ခုနှစ် ကုမ္ပဏီမှတ်ပုံတင် စတင်လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် ခန့်ထားတာ လုံးဝ(လုံးဝ) မရှိခဲ့ပါ။ အဲဒီတုံးက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ Chairman, Vice Chairman, MD,Dy-MD နဲ့ Executive Director တွေနဲ့ GM တွေ တော်တော်များများဟာ ဌာနဆိုင်ရာ အရာရှိကြီး ဘဝကနေ အငြိမ်းစား ယူထားကြသူတွေ ဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးဌာန(Admin) ကနေ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်တယ်ဆိုတဲ့ အသိနဲ့ ခေါက်ရိုးကျိုးလာကြတော့ ကုမ္ပဏီထောင်တဲ့ အခါမှာလည်း ဝန်ထမ်းရွေးချယ် ခန့်ထားတဲ့အခါ သင်တန်းပေးဖို့ကိစ္စ ကြုံလာတဲ့အခါ၊ ခွင့်ပေးဖို့ ရှိလာတဲ့အခါ အရင် ဌာနဆိုင်ရာမှာတုံးကလိုဘဲ အုပ်ချုပ်ရေးဌာန(Admin) ကဘဲ တာဝန်ယူ ဆောင်ရွက်စေပါတယ်။ “ငါတို့ အရင်တုံးကလည်း ဒီလိုဘဲ အောင်အောင်မြင်မြင် လုပ်လာနိုင်ခဲ့တာပဲ” ဆိုတဲ့ သဘောထား ရှိကြပါတယ်။ နောက်တစ်ချက်က ၁၉၈၉ ခုနှစ် ကုမ္ပဏီတွေ စတင်တည်ထောင်ခွင့် ပေးတဲ့အချိန်မှာ ကမ္ဘာ့ခေတ်မီ စီးပွားရေး စီမံခန့်ခွဲမှု ပညာတွေထဲက “လူစွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုပညာ (HRM) ဆိုတဲ့ ဘာသာရပ်ကို အထူးပြုပြီး ဒီပလိုမာတွေ၊ ဘွဲ့တွေ အောင်မြင်မှု ရရှိလာသူလည်း မရှိကြသေးတော့ ဝန်ထမ်းရေးရာကိစ္စကို(Admin) ကဘဲ ကိုင်တွယ်နေတာ ဟုတ်သလိုလို ရှိခဲ့ပါတယ်။

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး
Admin ဆိုတာ သက်မဲ့ပစ္စည်းနဲ့ပဲ ဆိုင်တယ်။ ဝန်ထမ်းဆိုတာဟာ သက်ရှိ(လူ) ဖြစ်တဲ့အတွက် (Emotion, Feeling,Reaction)အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိတာမို့ အဲဒါကို နားလည်းခံစားပေးနိုင်တဲ့ (HR) သမားတွေကပဲ တာဝန်ယူရမယ်လို့ မြန်မာပြည်အတွက် ပထမဦးဆုံး ကွဲပြားခြားနားမှုကို စာရေးသူ နေရာတော်တော်များများမှာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ရုံးစားပွဲတင်ပေါ်က ကွန်ပြူတာတစ်လုံးကို အခြားစားပွဲပေါ် ပြောင်းရွှေ့လိုက်ရင် ကွန်ပျူတာက ဘာမှပြောမှာ မဟုတ်ပါဘူး။ ဝန်ထမ်းတစ်ယောက်ကို သူမသွားချင်တဲ့နေရာ၊ မသွားချင်တဲ့ ဌာနခွဲတစ်ခုခုကို ဇွတ်ပြောင်းလိုက်မယ် ဆိုရင်တော့ ရွှေ့ပြောင်းသူ အထက်အရာရှိကို အမိန့်စာ လက်ထဲကိုင်ပြီး ရုံးချိန်အတွင်းမှာ ကိုယ်ထိလက်ရောက် အသက်အန္တရာယ် ပေးလိုက်တာမျိုး ကြားဖူးလာရပါပြီ။ ဒီအချက်ဟာ လူဆိုတဲ့ ဝန်ထမ်းတွေကို စားပွဲ ကုလားထိုင်၊ ဘီဒိုတွေလို သက်မဲ့ပစ္စည်း တစ်ခုအဖြစ် သဘောထားလို့ မရတော့ဘူးဆိုတဲ့ သက်သေပြလိုက်တာပါဘဲ။

သြော် လက်စသတ်တော့ သူက HR သမား မဟုတ်ပါလား
နည်းနည်းတော့ ကြာပါပြီ။ ခင်မင်ရင်းနှီးရတဲ့ တပည့်တစ်ဦးက ဖုန်းဆက်လာပါတယ်။ “ဆရာဆီကို ကျွန်တော်တို့ရုံးမှာ အသစ်ခန့်လိုက်တဲ့  HR Manager တစ်ယောက် လာတွေ့ပါလိမ့်မယ်။ သူလိုအပ်တာကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ချိန်းဆိုထားတဲ့ နေ့ရက်၊ ချိန်းဆိုထားတဲ့ အချိန်နာရီမှာ အဲဒီပုဂ္ဂိုလ် ရောက်လာပါတယ်။ အပြန်အလှန် မိတ်ဆက်ကြပြီးတော့ ကျွန်တော်က မေးပါတယ်။ အရင် HR အလုပ်ကို ဘယ်မှာ လုပ်ခဲ့ဘူးပါသလဲ။ HR ပညာကို ဘယ်မှာ သင်ခဲ့ပါသလဲ ဆိုတာပါ။ သူက အရင် Hotel ကြီးတစ်ခုမှာ HR Manager လုပ်ခဲ့ကြောင်း ဖြေပါတယ်။ စကားပြောရင်းပြောရင်းနဲ့ သူအရင်အလုပ်မှာ ဘယ်ဝန်ထမ်းတွေကို ဘယ်လိုနှိပ်ကွပ် ကိုင်တွယ်ခဲ့တယ်၊ မလှုပ်နိုင်အောင် ဘယ်လို ထိန်းချုပ်ခဲ့တယ်ဆိုတဲ့ စကားတွေ ပါလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က သိလိုက်ပါပြီ။ သူဟာ HR သမား မဟုတ်ပါ။ “အုပ်မယ် ချုပ်မယ်” ဆိုတဲ့ Admin သမား ဖြစ်နေပါတယ်။ အဲဒါကြောင့် သူအကူအညီလာတောင်းတဲ့ ကိစ္စဖြစ်တဲ့ သူ့ရဲ့ လက်ထောက်အဖြစ် (HR Executive) တစ်ယောက် လာတောင်းတာကို MHR မှာရှိတဲ့ HR ဒီပလိုမာ အတန်းတွေထဲက အလုပ်လုပ်ချင်ပါတယ်လို့ ပြောထားသူ ရှိပါလျှက်နဲ့ ထည့်မပေးလိုက်ပါ။ ကိုယ့်လူတွေ တစ်နှစ်ခွဲလောက်ကို HR ဘာသာရပ်ပေါင်း ၁၀ ခုကျော် သင်ယူဖြေဆိုလာခဲ့ရတာကို ဓာတ်ကူးပြီး ပျက်သွားမှာစိုးလို့ ဖြစ်ပါတယ်။

သူလည်း HR Manager မဟုတ်ပါလား
သိပ်မကြာခင် အခမ်းအနားတစ်ခုမှာ တပည့်တစ်ယောက် မိတ်ဆက်ပေးလို့ ကုမ္ပဏီတစ်ခုရဲ့ HR Manager ဆိုသူနဲ့ စကားပြောဖြစ်ပါတယ်။ စာရေးသူက “ဘယ်လိုလဲ HR သမား လုပ်ရတာ ကျေနပ်အားရရဲ့လား” လို့ မေးလိုက်တော့ သူက ဒီလို ပြန်ဖြေပါတယ်။ “စိတ်ညစ်စရာ ကောင်းပါတယ် ဆရာရယ်။ ဝန်ထမ်းတွေက တစ်ယောက်ကို ပြဿနာ တစ်မျိုးစီနဲ့မို့လို့ တစ်ရက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းနေတာကြောင့် ဒီအလုပ်လုပ်ရတာ စိတ်ပျက်နေပါပြီ” ကဲ မှတ်ကရော။ စာရေးသူ ချက်ခြင်း ခံစား နားလည်မိလိုက်ပါတယ်။ လက်စသတ်တော့ သူက HR သမား မဟုတ်ပါဘူး။ စာရေးသူ သင်တန်းတွေ တော်တော်များများမှာ ပြောလေ့ ရှိပါတယ်။ “လူလည်း လာပါ။ ပြဿနာလည်း ခေါ်လာပါ။ ကျွန်တော် HR သမားပါ” ဆိုတဲ့ စကားလေးပါဘဲ။ လူမှန်ရင် ပြဿနာနဲ့ မကင်းပါ။ အနည်းနဲ့အများ၊ အကြီးနဲ့အသေးသာ ကွာမှာပါ။ HR သမားဆိုတာ လူတွေကို စိတ်ဝင်စားသူ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ပျော်မွေ့သူ၊ လူတွေကို ကူညီချင်သူ၊ လူတွေ တိုးတက်အောင်မြင်တာကို ကြည့်မြင်စိတ် မရှိရင် HR လုပ်ငန်းနယ်ပယ်ကနေ စောစောစီးစီး ထွက်ခွာတာက ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီစိတ် မရှိတဲ့သူဟာ ဘာဘွဲ့ရထားပါစေ vice-president(HR)  နဲ့ (Chief Human Resource Executive) ရာထူးအဆင့် တိုးဖို့မပြောနဲ့ လက်ရှိ HR မန်နေဂျာရာထူးကနေ အလုပ်ပြုတ်တော့မှာမို့လို့ ဖြစ်ပါတယ်။

HR သမားတွေဟာ လစာဖြတ်ဖို့ဘဲ သိတယ်
ဟိုတစ်လောက ကြားလိုက်ရတဲ့ သတင်းတစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး ခံစားလိုက်ရပါတယ်။ ကုမ္ပဏီကြီး(အသစ်) တစ်ခုမှာ Boss က HR ဆိုပြီး ခန့်ထားတဲ့ အမျိုးသမီးငယ်လေး(၃) ယောက်ကို ဝန်ထမ်းတွေ ရုံးတက် နောက်ကျတာနဲ့၊ ရုံးစောဆင်းတာကို နာရီ၊ မိနစ် အတိအကျ မှတ်ထားပြီး လစာထုတ်တဲ့အခါ ဖြတ်ဖို့ အမိန့်ပေးထားလို့ သူတို့ခမျာမှာ ခိုင်းတဲ့အတိုင်း လုပ်ရင်းနဲ့ ကျန်တဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ ညိုညင်ဆူဆောင့်ခြင်း ခံရပြီး အလုပ်ကနေ အားလုံး ထွက်လိုက်ကြရတဲ့ ဘဝကို ရောက်သွားရပါတယ်။ သြော် လက်စသတ်တော့ အဲဒီ Boss ရော၊ သူတို့လေးတွေရော HR ရဲ့ အနှစ်သာရနဲ့ အခြေခံ သဘောတရားတွေ ဘာမှ မသိကြပါလားလို့ တွေးမိရင်း HR ပညာရပ်ကြီးတော့ အထင်လွဲ ခံနေရပြီလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်တော့ နေ့စဉ် ရုံးတက်၊ ရုံးဆင်း ကိစ္စနဲ့၊ လစာကိစ္စဟာ HR ရဲ့ တာဝန်ဝတ္တရားတွေထဲက သေးငယ်လှတဲ့ အစိတ်အပိုင်း ဖြစ်တဲ့အပြင် HR ပညာရပ် နယ်ပယ်ကြီးထဲက အောက်ခြေအဆင့် လုပ်ရတဲ့ လုပ်ငန်းအနိမ့်စားလေး (Operational Level) လေးသာ ဖြစ်ပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတစ်ခုကတော့ ကုမ္ပဏီကြီးတစ်ခုက HR Manager ကြီးဟာ တစ်ရက်တစ်ရက် နေ့စဉ် ရုံးတက်၊ ရုံးဆင်း အချိန်တွေ စစ်ဆေးရတာနဲ့၊ လစာ ဖြတ်တောက်မှုကို အလေးအနက်ထား အချိန်ပေးပြီး အားရပါးရ လုပ်ကိုင်နေတယ် ဆိုတာပါဘဲ။

HR Manager အတုအယောင်များ
စက်ရုံမှာ အခြေခံဝန်ထမ်းငယ်(shop Floor Workers) များစွာကို အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိတာမို့ HR Manager ရာထူးလောက်ကတော့ ဝင်လုပ်ရင် ရတယ်ဆိုပြီး အလုပ်လာလျှောက်တဲ့(Foremen) တစ်ယောက်ကို တွေ့ဘူးပါတယ်။ “ကျွန်တော်က ဌာနဆိုင်ရာမှာတုံးက အုပ်ချုပ်ရေးအရာရှိ (Admin Officer) အဖြစ် လုပ်သက် အနှစ် ၂၀ ကျော် လုပ်လာခဲ့တာမို့ အခု HR Manager Post ကို လာလျှောက်တာပါလို့ ပြောသူကိုလည်း အင်တာဗျူးခဲ့ဘူးပါတယ်။ ကိုယ့်ပြိုင်ဖက် ကုမ္ပဏီမှာ (HR Department) ဖွဲ့ပြီး  HR Manager ခန့်လိုက်တဲ့ သတင်းကြားလို့ Boss တစ်ယောက်က သူ့ကုမ္ပဏီက Admin Manager ကို ချက်ခြင်း HR Manager အဖြစ် ပြောင်းခန့်လိုက်တာမျိုးလည်း ကြားဘူးရပါပြီ။ Admin အလုပ်ဟာ တာဝန်များပြား ကျယ်ပြန့်လှတာမို့ လေးစားမှု ထားရှိတာ အမှန်ဖြစ်ပေမယ့် သူက (Intuition) နဲ့ လုပ်လို့ရတယ်။ လုပ်သက် (by experience)နဲ့ လုပ်လို့လည်း တော်တော်လေး ရပါတယ်။ ဒါပေမဲ့ HR ပညာက Principles ဖြစ်လို့ သင်ယူမှကို ရပါတယ်။ မွေးကတည်းက လုံးဝ(လုံးဝ) မတတ်ခဲ့ပါ။ လုပ်ရင်းကိုင်ရင်းနဲ့ ပြည့်စုံအောင် မတတ်မြောက်နိုင်ပါဘူး။ HR ပညာဟာ Marketing ပညာလိုပါဘဲ။ စနစ်တကျ သင်ယူမှသာ အနှစ်သာရကို ရမှာပါ။ လုပ်ငန်းခွင်ထဲမှာ သင်မယ်ဆိုရင်လည်း ရတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ခက်တာက HR ပညာကို တော်တော်လေး ခရီးပေါက်နေပြီ ဖြစ်တဲ့အချိန်က Trader Hotel ရဲ့ Director of HR ဒေါ်မဉ္စူချစ်လို ပြီးပြည့်စုံအောင် လက်တွေ့ ကျွမ်းကျင်သူက တော်တော်လေး ရှားနေပါပြီ။ MBL နဲ့ RPMM က HR Manager တွေကတော့ တော်တော်လေး HR ပညာ ပြည့်ဝကြ၊ တော်ကြပါတယ်။

ဦးအေးကျော် (MHR)

Ref: http://news.yatanarpon.com.mm/news/article-6111

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons