ယခု မျက်မှောက်ခေတ် အခါသမယသည် ပညာရေးကို အလေးပေး လိုက်စားလာသော ခေတ်ဖြစ်လာပါ၍ ဘွဲ့ရ ပညာတတ်တွေလည်း ပေါများသော အချိန်အခါ ဖြစ်ပါ၏။ ဘွဲ့ဒီဂရီ အမျိုးအစားတွေလည်း များပြားလာရာ
- ပြည်တွင်းက ပေးသောဘွဲ့
- ပြည်ပနိုင်ငံကြီးတွေက ပေးသောဘွဲ့
- စာပေးစာယူဘွဲ့
- On Line က ယူသောဘွဲ့
- နိုင်ငံခြား တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ ပြည်တွင်း သင်တန်းတွေက ပေးသောဘွဲ့
- ဂုဏ်ထူးဆောင်ဘွဲ့
- အမှန်တကယ် ကျောင်းတက်၍ စာမေးပွဲ ဖြေပြီးရသောဘွဲ့
စသဖြင့် ဘွဲ့ဒီဂရီ အမျိုးမျိုး ပေါ်ပေါက်လာပါ၏။ ထိုအခါ ၎င်း ဘွဲ့ဒီဂရီ အမျိုးမျိုးနှင့် စပ်လျဉ်း၍လည်း အယူအဆ အမျိုးမျိုး ပေါ်ပေါက်လာရာတွင် အယူအဆတို့မှာ စာပေးစာယူ ဘွဲ့ဆိုလျှင် စာသိပ်မတတ် သလိုလို၊ တကယ် အချိန်ပြည့် ကျောင်းတက်ပါမှ တတ်တော့မလိုလို၊ နာမည်ကြီး နိုင်ငံခြား တက္ကသိုလ်ကြီးတွေက ရသောဘွဲ့ကမှ တန်ဖိုး ရှိသလိုလို၊ ပြည်တွင်းက ဘွဲ့ဆိုလျှင် တန်ဖိုး မရှိသလိုလို၊ နာမည် သိပ်မကြီးသော တက္ကသိုလ်တို့က ရသောဘွဲ့ဆိုလျှင် အသိမှတ်ပြု မခံရသလိုလို စသဖြင့် အယူအဆ ကွဲလွဲမှုတွေလည်း ပေါ်ပေါက် လာပါသောကြောင့် ၎င်း အယူအဆတို့နှင့် သက်ဆိုင်သော သဘောတရား အချို့ကို လက်လှမ်းမီသရွေ့ တင်ပြအပ်ပါသည်။
အလုပ် လုပ်ပိုင်ခွင့် (လိုင်စင်) နှင့် အဆက်အစပ်ရှိသော ဘွဲ့အမျိုးအစား
ဤဘွဲ့ အမျိုးအစားများ၏ ဥပမာတို့မှာ
ဆေးပညာဘွဲ့ (M.B.B.S)
သူနာပြုဘွဲ့ (B.N.Sc)
ဥပဒေဘွဲ့ (L.L.B) စသောဘွဲ့များ ဖြစ်ပါ၏။
ထပ်ဆင့် ရှင်းလင်းရပါသော် M.B.B.S ဘွဲ့ရလျှင် ဘွဲ့နှင်းသဘင် တက်ပြီး ဆရာဝန်တော့ ဖြစ်၏။ သို့သော် ဆေးကုသခွင့် (လိုင်စင်) ကို သက်ဆိုင်ရာ နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ဥပဒေဖြင့် ပြဋ္ဌာန်းထားပါ၏။ M.B.B.S အောင်တိုင်း ဆ.မ (လိုင်စင်) မရပါ။ ဥပဒေ ပြဋ္ဌာန်းချက်၊ စည်းကမ်း ပြဋ္ဌာန်းချက်အတိုင်း အလုပ်သင် ဆရာဝန်သင်တန်း ပြီးမြောက်ခြင်း စသဖြင့် ပြဋ္ဌာန်းချက် ရှိသရွေ့ လျှောက်ထားပြီးမှသာ လိုင်စင်ရပါ၏။ သက်ဆိုင်ရာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လိုအပ်ပါက တခြားနိုင်ငံက ဘွဲ့တွေဖြစ်လျှင် စာမေးပွဲ ပြန်ဖြေရပါသည်။ ထိုအခါ ဘွဲ့အတွက် စာမေးပွဲ ဖြေရတာ မဟုတ်ဘဲ လိုင်စင်အတွက် ဖြေရတာ ဖြစ်ပါ၏။ ဥပဒေ လက်မှတ်များ ဖြစ်သော HGP (High Grade Pleadership), RL (Registered Lawer), LLB (Bachelor of Legal Language) တို့ အောင်ပြီးလျှင်လည်း သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ ပြဋ္ဌာန်းချက် နည်းလမ်းအတိုင်း ရှေ့နေ လိုက်ပါခွင့် လိုင်စင် လျှောက်ထားရပါ၏။ တခြားနိုင်ငံက ဥပဒေဘွဲ့ရများသည် လိုအပ်ပါက စာမေးပွဲ ပြန်ဖြေရပါမည်။ နိုင်ငံတစ်ခု၏ ပုဂ္ဂလိက လုပ်ငန်းရှင်တို့က ရှေ့နေ၊ ဆရာဝန်၊ သူနာပြုများကို ခန့်ထားပါက လိုင်စင်ရများကိုသာ ခန့်ထားခွင့် ရှိပါ၏။ လိုင်စင် ထုတ်ပေးရာ၌ တက္ကသိုလ်၏ နာမည်ကြီးတာနဲ့ မဆိုင်ဘဲ သက်ဆိုင်ရာ နိုင်ငံ၏ အာဏာပိုင် အဖွဲ့က လိုင်စင် ပေးမပေးနဲ့သာ ဆိုင်၏။ ဥပမာ- UK နိုင်ငံက နာမည်ကြီး အီဒင်ဘာရာ ဆေးကောလိပ်က M.B.B.S, FRCS ဘွဲ့များကိုပင် USA နိုင်ငံက ချက်ချင်း လိုင်စင် ထုတ်မပေးပါ။ စာမေးပွဲ ပြန်ဖြေရပါ၏။ USA နိုင်ငံက ဆရာဝန် ဘွဲ့ရများကိုလည်း UK ၌ အလုပ်လုပ်ချင်သော် UK က စာမေးပွဲ ပြန်ဖြေခိုင်း၏။
လိုင်စင်နှင့် အဆက်အစပ် မရှိသော ဘွဲ့များ
ဥပမာအားဖြင့် မြန်မာနိုင်ငံက အင်္ဂလိပ်စာ အဓိကနှင့် ဘွဲ့ရပြီး ထိုင်းနိုင်ငံ စားသောက်ဆိုင် တစ်ခုတွင် မန်နေဂျာရာထူး သွားရောက် လုပ်ကိုင်နိုင်ပါသည်။ မန်နေဂျာရာထူး တစ်ခုအတွက် လိုင်စင် မလိုပါ။
အသိမှတ် ပြုခံရတဲ့ ဘွဲ့ဆိုတာ ဘာလဲ
လိုင်စင်နှင့် ချိတ်ဆက်ထားသော ဘွဲ့များသည်သာလျှင် ဘယ်နိုင်ငံသည် ဘယ်နိုင်ငံက ဘွဲ့ဆိုလျှင် အသိမှတ်ပြု လိုင်စင်ပေးမည် သို့မဟုတ် လိုင်စင်မပေးဘဲ စာမေးပွဲ ဖြေခိုင်းတာရယ်လို့ ရှိပါ၏။ လိုင်စင်နှင့် ချိတ်ဆက်ထားခြင်း မရှိသော ဘွဲ့များကို နိုင်ငံ အသီးသီးက အသိမှတ်ပြုပါတယ်ဟု ကြေညာထားတာ မရှိသလို အသိအမှတ် မပြုပါဘူးဟု ပယ်ချထားတာလည်း မရှိပါ။ ထို့ကြောင့် ၎င်းဘွဲ့များကို ရပါက အရှိကို အရှိအတိုင်း (As it is) သာလျှင် ဖြစ်၏။
ဘွဲ့တွေကို ဘယ်သူက တန်ဖိုးဖြတ်ခြင်း (Evaluate) လုပ်သလဲ
လက်တွေ့ နယ်ပယ်မှာတော့ ဘွဲ့တွေကို တန်ဖိုးဖြတ်နေသူမှာ အလုပ်ခန့်မည့် အလုပ်ရှင် (Boss) သို့မဟုတ် HR ဌာနဖြစ်၏။ Boss တစ်ယောက်သည် သူ့ထံ၌ မန်နေဂျာ အလုပ် လာလျှောက်သော ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ရကို ငြင်းပယ်ခွင့် ရှိသလို ဖွံ့ဖြိုးဆဲ နိုင်ငံက စာပေးစာယူ ဘွဲ့ရကို မန်နေဂျာ ခန့်ပိုင်ခွင့် ရှိ၏။ ထို့ကြောင့် ဘွဲ့တစ်ခုကို တန်ဖိုး ရှိမရှိ ဆုံးဖြတ်ရာတွင် ဘွဲ့ပေးလိုက်သော ပါမောက္ခချုပ်က အဓိက အခရာ မကျ၊ အလုပ်ခန့်မည့် Boss က အဓိက ကျပါ၏။
ဘွဲ့ရတစ်ဦး တကယ် တတ်၊ မတတ် ပြဿနာ
ဘွဲ့ရတစ်ဦးသည် တကယ် တတ်မတတ်နှင့် စပ်လျဉ်း၍ ပြဿနာကို ဖြေရှင်းရန် တာဝန်ရှိသူမှာ အလုပ်ခန့်မည့် အလုပ်ရှင်သာလျှင် ဖြစ်ပါသည်။ အမှန်တကယ် တတ်အောင်သင်ရန် တာဝန်ရှိသူကတော့ သက်ဆိုင်ရာ တက္ကသိုလ် ဆရာများ ဖြစ်၏။ သို့သော် မတတ်လျှင်လည်း မည်သည့် ပါမောက္ခချုပ်ကမှ ဘွဲ့ကို ပြန်သိမ်းတယ်ရယ်လို့ မရှိပါ။ တတ်မတတ် စိစစ်ရန်နှင့် လိုအပ်က စာမေးပွဲ ထပ်စစ်ရန်မှာ အလုပ်ရှင်၏ တာဝန်သာ ဖြစ်ပါ၏။ ဘွဲ့ရသွားတဲ့ ကျောင်းသား တစ်ယောက် အနေနှင့်ကတော့ တကယ် တတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ဘွဲ့လက်မှတ်ကို ယူသွား၍ မိမိ၏ ဧည့်ခန်း၌ ချိတ်ဆွဲလိုက်ပါပြီ။ သူ၏သာရေး (မင်္ဂလာဆောင်) ၌ လည်းကောင်း၊ သူ၏ နာရေး ကြော်ငြာ၌ လည်းကောင်း သူရသည့် ဘွဲ့ကို သူ့နာမည် နောက်က ရေးတော့မှာသာ ဖြစ်၏။ ထို့ကြောင့် ဘွဲ့ရရှိပါက အရှိကို အရှိအတိုင်းသာ ဖြစ်၏။
ကျောင်းသား ဈေးကွက်များများ လိုချင်သော်လည်း အလုပ်သမားဈေးကွက် မပေးလိုသော နိုင်ငံကြီးများ
မြန်မာပြည်က မိန်းကလေး တစ်ယောက်သည် UK နိုင်ငံက B.Sc ဘွဲ့ကို လိုချင်၍ UK ၌ လေးနှစ်သွား၍ ကျောင်းတက်ရာတွင် မိဘများက ပေါင်စတာလင်ငွေ သောင်းဂဏန်းမက ကုန်ပါ၏။ သို့နှင့် B.Sc (London) ဘွဲ့ရသောအခါ UK နိုင်ငံ၌ အလုပ်ရဖို့ မလွယ်ပါ။ နေ့စား အလုပ်တွေသာ လိုက်လုပ်နေရ၏။ အကယ်၍ (၂) နှစ်အတွင်း အလုပ်မရပါက ဗီဇာသက်တမ်း ကုန်၍ ပြန်လာရမည် ဖြစ်ပါ၏။ ထို့ကြောင့် B.Sc (London) ဆိုသော ဘွဲ့ကို အဓိပ္ပာယ် ပြန်ဆိုရပါသော်
- စက်မှုနိုင်ငံကြီးက တက္ကသိုလ်ကြီးတွေက ကျောင်းလခ လိုချင်လှပါ၏။
- အလုပ်သမား ဈေးကွက်မှာတော့ နေရာ မပေးချင်ဟု အဓိပ္ပာယ် ထွက်နေပါသည်။
လူငယ်တို့အတွက် သင်ခန်းစာအချို့

- စက်မှု နိုင်ငံကြီးတွေက တက္ကသိုလ်ကြီးတွေ၏ ဘွဲ့များသည် ကောင်းပါ၏။ သို့သော် ကျောင်းလခ အဆမတန် ဆိုလျှင်တော့ မကောင်းပါ။
- မည်သည့်ဘွဲ့မျိုးဖြစ်စေ Something is better than nothing မရှိတာထက် စာလျှင် ကောင်း၏ဟု သဘောပိုက်၍ အခွင့်အရေး ပေးလျှင်ယူသင့်၏။ မိုးရွာတုန်း ရေခံသင့်ပါ၏။
- မသင်အပ်သော ပညာသည် မရှိ။ ရတုန်းမှာ ယူမထားသင့်သော ဘွဲ့ရယ်လို့ မရှိပါ။
ဖွံ့ဖြိုးဆဲ နိုင်ငံက လူငယ် တစ်ယောက်သည် စာပေးစာယူနဲ့သာ ဘွဲ့ရသွားပြီး နိုင်ငံကြီး တစ်ခု၌ အလုပ်ကြမ်း လုပ်၏။ ၎င်းနောက် ကုမ္ပဏီတစ်ခု၌ စာရေးလုပ်၏။ တစ်စတစ်စနဲ့ Supervisor အဆင့် လုပ်နိုင်လာပါတယ်။ လုပ်ငန်းလည်း ကျွမ်းလာပြီး မန်နေဂျာ လုပ်ရန်ပင် တာစူလာပါ၏။ ထိုစဉ် ထိုနိုင်ငံကြီး၏ တက္ကသိုလ်ကြီးက MBA ဝင်ခွင့် သင်တန်းကို ဝင်ဖြေ၏။ သင်တန်းဝင်ခွင့် အတွက် မိမိ၏ ဖွံ့ဖြိုးဆဲ နိုင်ငံက စာပေးစာယူ ဘွဲ့လက်မှတ်လေးကို ထုတ်ပြသောအခါ တက္ကသိုလ်ကြီးက လက်ခံသည်ဟု ဆိုပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
ဒေါက်တာထွန်းဝင်း
0 comments:
Post a Comment