အရည်အချင်း၊ အခွင့်အလမ်းနှင့် လူ့အရင်းအမြစ်

လွန်ခဲ့သော ရက်သတ္တတစ်ပတ်က ခရီးသွားရင်း စာတစ်ပိုဒ်ဖတ်လိုက်ရပါသည်။ ယင်းစာ၏မူရင်းမှာ  “Ability brings opportunity” ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ “အရည်အချင်းရှိပါမှ အခွင့်အလမ်းများ ရရှိနိုင်သည်” ဟု ဆိုလိုပါသည်။
စာရေးသူသည် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုကို လေ့လာ လိုက်စားနေသူဖြစ်သည့် အားလျော်စွာ လုပ်ငန်းအဖွဲ့အစည်း၌ လူများကို စီမံခန့်ခွဲရာတွင် အထက်ပါစာပိုဒ်၏ အကျိုးသက်ရောက်ပုံကို စဉ်းစားမိပါသည်။ ထို့ပြင် အရည်အချင်းနှင့် လူ့အရင်းအမြစ်(ဝါ)ဝန်ထမ်းများ၊ လုပ်ငန်းမန်နေဂျာများ၊ လုပ်ငန်းအဖွဲ့အစည်း၏ ဆက်နွှယ်ဆက်စပ်မှုကိုလည်း ဆင်ခြင်မိပါသည်။

လုပ်ငန်းအဖွဲ့အစည်းများနှင့်အရည်အချင်း

လုပ်ငန်းအဖွဲ့အစည်းများသည် လူများဖြင့် မိမိတို့ရည်မှန်းချက် ရောက်ရှိအောင် လုပ်ဆောင်ကြရပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် လူများ၏ စွမ်းရည်အရည်အချင်းကို အပြည့်အဝ အသုံးချနိုင်ပါက လုပ်ငန်းအောင်မြင် တိုးတတ်မည်ဖြစ်ပြီး လူများ၏အရည်အချင်းကို လျစ်လျူရှုထားပါက အောင်မြင်တိုးတတ်မှုကို ဟန့်တားနေမည်ဖြစ်သည်။

သို့ဖြစ်၍ ယနေ့ကမ္ဘာတွင် လုပ်ငန်းများကို လူသားအရင်းအမြစ်များ၏ စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။  HRမန်နေဂျာများ၊ Training မန်နေဂျာများခန့်ထားကာ နည်းမျိုးစုံဖြင့် လူသားစွမ်းရည်များကို မြှင့်တင်နေကြသည်ကို အထင်အရှားတွေ့မြင်နေရပါသည်။ အမှန်စင်စစ် လုပ်ငန်းအဖွဲ့အစည်းများ၌ သင်တန်းများပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းများ၌ လူနှင့်ပတ်သက်သော ပြဿနာများစွာ ရှိနေခြင်းကြောင့်ပင်ဖြစ်ပါသည်။ အချို့သောလုပ်ငန်းများတွင် ဝန်ထမ်းများသည် အရည်အချင်း ပြည့်ဝကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အဆင်ပြေမှုမရှိကြပေ။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဌာနနှင့်တစ်ဌာန ဆန့်ကျင်ဘက် အသွင်ဆောင်နေကြပါသည်။ ယင်းသို့ဖြစ်ပေါ်နေပါက လုပ်ငန်းအတွင်း ပူးပေါင်းဆောင်ရွက်မှု (Cooperation) ကို မရရှိနိုင်ပါ။

အချို့သော လုပ်ငန်းအဖွဲ့အစည်းများတွင် ဝန်ထမ်းများသည် နိုးကြားတက်ကြွမှု(motivation) အဆင့်မြင့်မားကြပါသည်။သို့သော် အခြားဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်မှု (coordination) အားနည်းကြပါသည်။ လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆောင်ရွက်မှု (coordination) ကင်းမဲ့နေပါက ပူးပေါင်း ဆောင်ရွက်မှုရလဒ်ဖြစ်သော Synergy(ဆင်နာဂျီ)ကို မရရှိနိုင်ပါ။

အချို့သောလုပ်ငန်းများ၌ ဝန်ထမ်းများသည် စိတ်သဘောထားမြင့်မားကြပါသည်။ အလုပ်လည်းကြိုးစားကြပါသည်။သို့ရာတွင် ၄င်းတို့အတွက် လိုအပ်သောအခြေခံစွမ်းရည်များ  (Technical Skill)များ လစ်ဟာနေကြပါသည်။ သို့ဖြစ်၍ ၄င်းတို့၏စွမ်းရည်များ၊ တီထွင် ဖန်တီးနိုင်မှုများလည်း တိမ်မြုပ်ပျောက်ကွယ်နေကြပါသည်။ ပြိုင်ဆိုင်မှုများသည့် မျက်မှောက်ခေတ်တွင် တီထွင်ဖန်တီးမှု (Creativity) မရှိဘဲနှင့် ရေရှည်ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်ပေ။

အထက်ဖော်ပြပါ ပြဿနာများသည် လုပ်ငန်းအဖွဲ့အစည်း တော်တော်များများတွင် မြင်တွေ့ကြရပါသည်။ ယင်းပြဿနာများကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ရပေမည်။ လုပ်ငန်းများအနေဖြင့်  လူများ(ဝါ) ဝန်ထမ်းများ၏ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် စွမ်းရည်များရှိကြရပေမည်။ လူသားများ၏ စွမ်းရည်အရည်အချင်းများကို စနစ်တကျ အသုံးချနိုင်သည့်စွမ်းရည်သည် ခေတ်သစ်လုပ်ငန်း အဖွဲ့အစည်းများကို စိန်ခေါ်လျက်ရှိပါသည်။ ဆောင်းပါးအစတွင် ဖော်ပြထားသည့် “အရည်အချင်းရှိပါက အခွင့်အလမ်းများ ရရှိနိုင်သည်” ဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လူများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သော စွမ်းရည်အရည်အချင်းရှိပါက အောင်မြင် တိုးတက်မှုတည်းဟူသော အခွင့်အလမ်းများကို လှမ်းယူနိုင်မည်ဟူ၍ ဖြစ်ပါသည်။

ဝန်ထမ်းများနှင့်အရည်အချင်း

မျက်မှောက်ခေတ် လုပ်ငန်းအဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောက်ရွက်နေသည့် လူ့အရင်းအမြစ်များ (ဝါ) ဝန်ထမ်းများ၌ သက်ဆိုင်ရာစွမ်းရည် အရည်အချင်းများရှိစေရန် တောင်းဆိုနေပေသည်။ဝန်ထမ်းများအဖို့ သတ်မှတ်ထားသည့် အရည်အချင်း၊ စွမ်းရည်မရှိဘဲနှင့် လက်ရှိအလုပ်တွင်တည်မြဲနေရန် မစွမ်းဆောင်နိုင်ပေ။ တစ်နည်းဆိုသော် အရည်အချင်းမရှိပါဘဲနှင့် အလုပ်လုံခြုံမှု (Job Security) ကို အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ဖွံ့ဖြိုးတိုးတတ်သော လူ့အဖွဲ့အစည်းများတွင် လူများသည် အသိပညာ၊ စွမ်းရည်များကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းသင်ယူနေကြပေသည်။ အချို့သောလူများသည် အလုပ်လုပ်ချင်စိတ်ရှိကြသည်။ အလုပ်ကြိုးစားကြသည်။
သို့ရာတွင် သတ်မှတ်ထားသည့်အရည်အချင်း အားနည်းနေမှုကြောင့် ရာထူးတိုးမြှင့်ခြင်း  (Promotions)၊  ပိုမိုကောင်းမွန်သော လုပ်ငန်းများ၌ လုပ်ကိုင်နိုင်ခြင်းစသည့် အခွင့်အလမ်းများကို မရယူနိုင်ကြပါ။ တနည်းအားဖြင့် စိတ်ကောင်းရှိရုံ၊ ကြိုးစားရုံဖြင့် လူတစ်ဦးအတွက် အခွင့်အလမ်းကောင်းများ (good opportunity) မရရှိနိုင်ပါ။ ရိုးသားမှုသည် ဝန်ထမ်းများအဖို့ များစွာ အရေးကြီးပါသည်။ သို့ရာတွင် ရိုးသားမှုတစ်ခုတည်းဖြင့် အောင်မြင်တိုးတတ်မှုကို မလှမ်းကိုင်နိုင်ပါ။ ရိုးသားပြီးထက်မြက်နေဖို့ လိုအပ်နေပါသည်။ ရိုးသားထက်မြက်သော လူ့အရင်းအမြစ်များကို ခေတ်သစ်လုပ်ငန်းအဖွဲ့အစည်းများက အမြဲတမ်းကြိုဆိုနေပါသည်။

ထို့ကြောင့် အခွင့်အလမ်းကောင်းများ ရရှိလိုသော လူများ(ဝါ)ဝန်ထမ်းများသည် မိမိတို့၌ရှိထားအပ်သော စွမ်းရည်အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းထားရပေမည်။ မိမိကိုယ်မိမိ အမြဲဆန်းစစ်ကာမည်သို့သော အရည်အချင်းများ လိုအပ်နေသည်ကို ပဓာနကျကျသုံးသပ်သင့်ပါသည်။ လိုအပ်သော အရည်အချင်းများကိုလည်း စနစ်တကျ အကျိုးရှိရှိဖြည့်ဆည်းထားရပါမည်။

အရည်အချင်းနှင့်မန်နေဂျာများ

လုပ်ငန်းမန်နေဂျာဟူသည် လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံး၏ အရင်းအမြစ်များကိုစုစည်းကာ ရည်မှန်းချက်ရောက်အောင် စွမ်းဆောင်ရသူဖြစ်ပါသည်။ လုပ်ငန်းမန်နေဂျာများ ရှိသင့်သောစွမ်းရည်များစွာရှိပါသည်။ ယေဘုယျအားဖြင့် နည်းပညာဆိုင်ရာစွမ်းရည် (Technical skills)၊ လူမှုဆက်ဆံရေး စွမ်းရည် (human skills) နှင့် သဘောတရားဆိုင်ရာစွမ်းရည်(conceptual skills) တို့ဖြစ်ပါသည်။ ၄င်းအပြင် လုပ်ငန်းမန်နေဂျာများ၌ ရှိသင့်သည့်အခြား အရည်အချင်းတစ်ခုမှာ လူ့အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်ပင်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုပြုရာတွင် မန်နေဂျာတစ်ဦးတည်းဖြင့် လုပ်ငန်းများအားလုံးကို လုပ်ဆောင်၍မရပါ။ လုပ်ငန်းအဖွဲ့အစည်းရှိ အခြားလူများဖြင့် ကြိုးပမ်းဆောင်ရွက်ကြရပါသည်။ တစ်နည်းဆိုသော် မန်နေဂျာတစ်ဦးတည်း အရည်အချင်းပြည့်ဝရုံနှင့် မလုံလောက်ပါ။ လုပ်ငန်းတစ်ခုလုံးရှိ ဝန်ထမ်းများအားလုံး အရည်အချင်းပြည့်ဝနေဖို့ လိုပေသည်။ ဝန်ထမ်းများ၏ အရည်အချင်းဖြင့် ရည်မှန်းချက်ကိုပြီးမြောက်အောင် ဆောင်ရွက်ရပါသည်။

သို့ဖြစ်၍ လုပ်ငန်းရည်မှန်းချက်တည်းဟူသော အခွင့်အလမ်းရရှိစေရန်မှာ လုပ်ငန်းမန်နေဂျာများ၏ အရည်အချင်း၊ လက်အောက်ဝန်ထမ်းများ၏ အရည်အချင်း၊ ပြည့်ဝအောင် လုပ်ဆောင်နိုင်မှု စွမ်းရည်တို့အပေါ်တွင် များစွာမူတည်နေပါသည်။ လုပ်ငန်းတိုးချဲ့နိုင်မှု၊ ဈေးကွက်ချဲ့ထွင်နိုင်မှုစသည့် အခွင့်အရေးများသည် မန်နေဂျာများ၊ ဝန်ထမ်းများအရည်အချင်းဖြင့်သာ စွမ်းဆောင်နိုင်ပါသည်။

လုပ်ငန်းများအတွက်အခွင့်အလမ်း

“အရည်အချင်းရှိပါက အခွင့်အလမ်းများ ရရှိနိုင်သည်” ဟူသော စကားသည်ယနေ့ လုပ်ငန်းအဖွဲ့အစည်းများအတွက်များစွာ အရေးထားရမည့် အချက်ပင်ဖြစ်ပါသည်။ တစ်နည်းဆိုသော် မျက်မှောက်ခေတ်လုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် ကောင်းစွာအသုံးချရမည့် နည်းစဉ်တစ်ခုလည်းဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် မည်သည့်အရည်အချင်းများ ရှိနေသနည်း။ မည်သည့်အရည်အချင်းများ လိုအပ်နေသနည်း။ မည်သည့်အခွင့်အလမ်းများ ရရှိခဲ့ပါသနည်း။ မည်သည့်အခွင့်အလမ်းများ လက်လွတ်ခဲ့ရပါသနည်း။ မည်သည့်အရည် အချင်းကြောင့် မည်သည့်အခွင့်အလမ်းများ ရရှိခဲ့ပါသနည်း။ မည်သည့်အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းထားရမည်နည်း။ အစရှိသဖြင့် စနစ်တကျလေ့လာ စိစစ်သုံးသပ်ရပေမည်။ ထို့ပြင် အရည်အချင်းရှိသော လုပ်ငန်းများသည် အခွင့်အလမ်းများစွာ ရရှိအောင်မြင်နေကာ အရည်အချင်းအားနည်းသော လုပ်ငန်းများသည် အခွင့်အလမ်းများဆုံးရှုံးကာ လက်ရှိအခြေအနေမှ စွန့်ခွာကြရသည်ကိုလည်း သတိချပ်သင့်ပါသည်။
မျက်မှောက်ခေတ်လုပ်ငန်း အဖွဲ့အစည်းများသည် အရည်အချင်းရှိသော လူ့အရင်းအမြစ်များကို များစွာလိုအပ်လျက်ရှိပါသည်။ ယနေ့ခေတ် အခြေအနေများကလည်း အရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များရှိသည့် လုပ်ငန်းအဖွဲ့အစည်းများကို တောင်းဆိုနေကြပါသည်။ ထို့ပြင်လုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် လူ့အရင်းအမြစ်များကို အရည်အချင်းပြည့်ဝအောင် ဖြည့်ဆည်းပေးကာ ပြည့်ဝလာသည့် ယင်းအရည်အချင်းများကို အကောင်းဆုံးအသုံးချနိုင်အောင် ကြိုးပမ်းကြရပေမည်။ သို့ဖြစ်၍ အရည်အချင်းပြည့်ဝသော လူ့အရင်းအမြစ်များဖြင့် အခွင့်အလမ်းများပွင့်လန်းသည့် လုပ်ငန်းအဖွဲ့အစည်းများပေါ်ထွန်းကာ အခွင့်အလမ်းများဖြစ်ထွန်းနေမည့် လူ့အဖွဲ့အစည်းများဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။


ပါမောက္ခဒေါက်တာထွန်းအောင်(စီမံခန့်ခွဲမှု)
Ref:http://news.yatanarpon.com.mm/news/article-6103

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons