ဈေးဝယ်ခြင်းအနုပညာ ၁၁

“ကိုပါတော တရုတ်လူမျိုးတွေ ဈေးဝယ်တာက တစ်မျိုးဗျ”


“တရုတ်လို ဈေးဆစ်ကြလို့လား”

“အဲဒါပြောတာ မဟုတ်ဘူးဗျ။ တရုတ်လူမျိုးတွေက ကိုယ့်တစ်ကိုယ်ရေ ကိစ္စအတွက် ဝယ်ရင်ခြမ်းရင် သိပ်ကြေးများနေတာမျိုး မရှိဘူးတဲ့။ အဆင်ပြေတာ ဝယ်လိုကတာမျိုးပေါ့။ ဒါပေမဲ့ အများလူမှုရေးနဲ့ သင်္ကေတ တန်ဖိုးအားဖြင့် ဝယ်ရတာမျိုးမှာတော့ သိပ်ကို ဂရုစိုက် ပါဝင်ပတ်သက်လေ့ ရှိသတဲ့”

“ငါ့မိန်းမနာမည် မတရုတ်မပါပဲကွာ။ မင်းပြောတာနဲ့ ပြောင်းပြန်ပါကောဟ”

တရုတ်လူမျိုးတွေက လူမှုရေးမှာ ဟာမိုနီဖြစ်သတဲ့။ မိသားစုတွင်း ဆက်ဆံရေး နူးညံ့သူတွေဖြစ်သတဲ့။ ဒါကြောင့် မိသားစု အတွက် ဝယ်ရင် ခြမ်းရင်တော့ အဆင့်အတန်းနဲ့ ကျေးဇူးတရားကိုငဲ့ပြီး ဝယ်ယူတဲ့ ပစ္စည်းအပေါ် အရေးတကြီး ကိစ္စအဖြစ် သဘော ထားကြတယ်ပေါ့ ခင်ဗျာ။

“ငါနဲ့မထူးဘူး။ အဖေ့ဖို့ ထန်းလျက်ဝယ်တာ၊ မိန်းမဖို့ကျတော့ ပန်းသီးကိတ် ဝယ်တာ”

ဈေးဝယ်ခြင်းနဲ့အတူ စွန့်စားမှု အဆင့်တွေလည်း ရှိတတ်ပါတယ်။ ကိုယ့်အိမ်မှာ မရှိသေးတဲ့ ဒါမှမဟုတ် ကိုယ်မသုံးဖူးသေးတဲ့ ကုန်ပစ္စည်းသစ်ကို ဝယ်ရတော့မယ် ဆိုရင် အရဲကိုးရတော့မယ် ဆိုတဲ့စိတ်ကလေး ခုနေတတ်တာ သဘာဝထင်ပါရဲ့။ စွန့်စားမှုဆိုရာမှာ သုံးမျိုးလောက် ရှိတတ်ပါတယ်။ ရုပ်ပိုင်းစွန့်စားမှု၊ ငွေကြေးပိုင်း စွန့်စားမှုနဲ့ လူမှုရေး စွန့်စားမှုတွေပါ။ အဝယ်မတော်လိုက်တာ အပြော ခံရမလား ဆိုတာကနောက်၊ ဝယ်သင့်ရဲ့လား ဆိုတာကရှေ့ကကိုး။ တချို့ တိုင်းပြည်တွေမှာ ရုပ်ပိုင်းစွန့်စားမှုက အရေးကြီး နေတတ်ပါတယ်။ ယူကေ အမဲသား ဈေးကွက်မှာ နရူး(နွားရူး) ရောဂါ ကြောက်ကြတာမျိုးပေါ့။ တချို့ကတော့လည်း လူမှုရေးအရ စွန့်စားရမှာကို စိုးရိမ်တတ်ကြတယ်။ ကိုယ်အဝယ် မဟုတ်တာနဲ့ အများက ဘာများပြောကြမလဲ ဆိုတာကလည်း ရှိသေးတာကိုး။

“အဲဒါပေါ့ကွ၊ အားလုံး စိတ်ချမ်းသာမယ်ထင်လို့ အသံချဲ့စက် ဝယ်ဖွင့်တာ၊ ရပ်ကွက်က ခဲနဲ့ဝိုင်းထုလို့ ရပ်ထားလိုက်ရတယ်။ ငိုချင်း ချတာတွေ များလွန်းလို့ထင်ပါရဲ့”

“Lose face ခေါ်တယ်ဗျ။ ကိုယ်ဝယ်တဲ့ ပစ္စည်းကြောင့် မျက်နှာပျက်ရတာ၊ မျက်နှာငယ်ရတာကို ကြောက်ကြတယ်”

“အဲဒါပေါ့ကွ ရပ်ကွက် လုံခြုံရေးအတွက် မြွေဟောက်နှစ်ကောင် ရပ်ကွက်ထဲ လွှတ်ထားဖို့ အကြံပေးမိပါတယ်၊ မျက်နှာ မရူးနဲ့တဲ့လေ”

တချို့ ဈေးဝယ်သူတွေကျတော့ ငွေရေးကြေးရေး စွန့်စားရမှာ ကြောက်ကြသဗျ။ ပိုက်ဆံတော့ ချမ်းသာပေးပါ ဆိုသူတွေခင်ဗျ။ ငွေတွင်းက နက်ရတဲ့ကြားထဲ တောင်ရှည်ပုဆိုး ဝယ်ဝတ်ဖို့ စိတ်မကူးရဲသလိုပေါ့လေ။ တစ်ခါတလေ ကိုယ်သုံးစွဲနေကျ အမှတ်တံဆိပ်ကို ဝယ်ချင်ပေမဲ့ ကြုံရာကျရာ ဝယ်သုံးလိုက်ရတာလည်း ရှိတယ်။ အမေရိကန်တွေမှာတော့ စွဲစွဲမြဲမြဲမရှိတဲ့ ဈေးဝယ် အပြုအမူတွေ ရှိသတဲ့။ အလားတူ ကုန်ပစ္စည်းကိုပဲ တံဆိပ် တစ်မျိုးကတစ်မျိုး ကူးလူး ဝယ်ယူတာမျိုး၊ ပြိုင်ဘက် ကုန်အမှတ် တံဆိပ်ကို စမ်းသပ် သုံးစွဲ ကြည့်ချင်တာမျိုး၊ ဈေးနှုန်းအရ ဈေးချိုလို့ ဝယ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကိုပဲ စံဈေးဝယ် အပြုအမူ (Standard buyer behavior) ခေါ်ကြ။ ဒါကြောင့် အမေရိကန်တွေကို ကုန်အမှတ်တံဆိပ် တစ်ခုခုကို စွဲစွဲမြဲမြဲသုံးဖို့ စွဲဆောင်ရတာထက် အသစ်ပါဝင် ယှဉ်ပြိုင်သူ (new entrant) အဖြစ် စည်းရုံးရတာက ပိုလွယ်တယ်လို့ ပြောတတ်ကြတယ်။

“အခြေခံအားဖြင့်တော့ လူတွေဟာ တံဆိပ် စွဲတတ်ကြသဗျ။ တံဆိပ် ဇီဇာကြောင်တာ နည်းတဲ့အပြင် အခြားအလားတူ ကုန်ပစ္စည်း တစ်မျိုးမျိုးကို ပြောင်းပြီး သုံးခဲကြတယ်။ သြစတြေးလျ တိုက်သားတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံသားတွေဆိုရင် တံဆိပ်လုံခြုံမှု ရှိချင်ကြတာ များတယ်။ ကိုယ်မသုံးဖူးတဲ့ ကုန်ပစ္စည်းအပေါ် ယုံကြည်မှု နည်းတဲ့အပြင် စွန့်စားရတဲ့ ကိစ္စလို့ သဘော ထားတတ်ကြတယ်”

“ငါ့မိန်းမလည်း တံဆိပ်လုံခြုံမှုရှိသကွ။ တံဆိပ်များ ရေနဲ့ နှူးတာတောင် မကွာဘူး”

အနောက် နိုင်ငံတွေမှာတော့ စားသုံးသူ အပြုအမူခေါ်တဲ့ ဈေးဝယ်ကျင့် ပုံစံတွေကို ကြည့်ရင် ကျိုးကြောင်းဆီလျော်တဲ့ ဈေးဝယ်ကျင့် ရှိကြတာများပါတယ်။ တစ်နည်းအားဖြင့် ဆင်ခြင်တုံတရား အဆင့်တွေ (rational steps) တွေ ရှိတယ်ပေါ့ ခင်ဗျာ။ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် နိုးကြားတဲ့ အသိစိတ်ကို ပုံဖွဲ့ယူတယ်။ သတင်း အချက်အလက် ရှာတယ်။ ရှာလို့ရတဲ့ သတင်း အချက်အလက်တွေကို သုံးသပ်တယ်။ တခြားနည်းလမ်း ရွေးချယ်စရာတွေကို အကဲဖြတ်တယ်။ နောက်ဆုံးမှ ရွေးချယ်တယ်။ သည်ကြားထဲက တစ်ခါတလေ သမားရိုးကျဆန်တဲ့ သိမြင်မှုသဘောက အလစ် ဝင်ထိုးနှက်လို့ ဆင်ခြင်မှုနဲ့ ဈေးဝယ်ကျင့် ပျက်ရတာများလည်း ရှိသတဲ့။

“ဈေးဝယ်ကျင့်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအားဖြင့် ပုံစံ အမျိုးမျိုးတော့ ရှိတာပေါ့ ကိုပါတောရယ်။ အာရှတိုက်က ဈေးဝယ်သူတွေက အနောက်နိုင်ငံက ဈေးဝယ်သူတွေနဲ့တော့ ကွာတာတွေ ရှိတယ်။ ဆိုပါတော့၊ ဂျပန်တွေနဲ့ တရုတ်တွေဆိုရင် ဈေးဝယ်ရာမှာ စဉ်းစားပုံကိုက Synthetic ဖြစ်တယ်၊ Concrete ဖြစ်တယ်။ Contxtual Orientation ရှိတယ်ပြောကြသဗျ။ သဘောကတော့ စွဲစွဲမြဲမြဲ ရှိတယ်လို့ပြောတာဗျ။ အမေရိကန်တွေနဲ့ မတူဘူးပေါ့ဗျာ”

“ငါတို့ကတော့ မြန်မာလိုပဲ စဉ်းစားသကွာ။ အကြွေးရရင် ဆင်တောင်ဝယ်တယ်”

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ခင်ဗျာ။ ဈေးဝယ်ဖြစ်စဉ်ဆိုတာ သိပ်ပြီး သိပ္ပံနည်းကျ စဉ်းစားလို့လည်း မဖြစ်ပြန်ဘူးတဲ့။ တချို့က Maslow ရဲ့ “လိုအင်ဆန္ဒဝါစဉ်” နည်းနဲ့ စဉ်းစားကြတယ်။ တချို့က လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဟန် ပြုမူဆောင်ရွက်ချက်သာ ဖြစ်တယ်လို့ ပြောပြန်တယ်။ တချို့ကတော့လည်း လူမှုထုံးဓလေ့ အစဉ်အလာအားဖြင့် ဝယ်တယ်လို့လည်း ဆိုကြ။ ပညာရှင်တွေ ငြင်းကြ ခုံကြတုန်းမှာ ဈေးဝယ်တွေက ရပ်နေကြတာ မဟုတ်ပါဘူး။

“ဈေးဝယ်တဲ့အခါ ဝယ်သူရဲ့အမြင်၊ သဘောထားနဲ့ သိနားလည်မှုတွေတော့ ပါရသပေါ့၊ အင်္ဂလိပ်လိုတော့ Perception, attitude and understanding ပေါ့ဗျာ။ သဘောကတော့ စဉ်းစားချက်ကလေးတော့ ပါမြဲဆိုပါတော့”

“ငါတို့အိမ်ကျတော့ မစဉ်းစားဘဲ ဝယ်တာတွေချည်းပါကွာ”

ဈေးဝယ်ခြင်းမှာ ယဉ်ကျေးမှုနှင်အား (Cultural force) ရှိတယ်။ ယဉ်ကျေးမှု မက်ဆေ့ခ်ျ (Cultural message) ရှိတယ်။ ပြီးမှ ဝယ်ခြင်းဆုံးဖြတ်ချက် (buying decision) ကျတယ်လို့လည်း ဆိုကြပြန်တယ်။ ယဉ်ကျေးမှု နှင်အားထဲမှာ ဘာသာရေး၊ နိုင်ငံသမိုင်း၊ ဘာသာစကား၊ ပညာရေးနဲ့ အပြုအမူဆိုင်ရာ အလေ့အထတွေ ပါလေ့ရှိသလို ယဉ်ကျေးမှု မက်ဆေ့ခ်ျမှာတော့ သင်္ကေတ လက္ခဏာတွေ၊ ကျင့်ဝတ်သီလတွေ၊ အသိအမြင်နဲ့ ဆုံးဖြတ်ချက်တွေ ပါသတဲ့ခင်ဗျ။

“သမိုင်းပါတာတော့ ရှိပါစေကွာ။ သင်္ချာမပါရင် ပြီးတာပဲ၊ ငါက သင်္ချာညံ့သကွ”

“ဝယ်သူရဲ့ ဘဝဟန်ပန်မှာ အဖက်ဖက်က အားပြိုင်ပြီး တွန်းနေတာတွေလည်း ရှိတယ်။ ဆိုပါတော့ မိသားစုရှိမယ်၊ စံတန်ဖိုးတွေ ရှိမယ်၊ သင်ယူမှုတွေရှိမယ်၊ လူမှုရေး အဆင့်တွေ ရှိမယ်၊ လှုံ့ဆော်မှုတွေ ရှိမယ်၊ သဘောထားတွေ ရှိမယ်၊ ရည်ညွှန်းအုပ်စုတွေ ရှိမယ်”

“ငါ့ကို အဖက်ဖက်က ဝိုင်းတွန်းနေတာကျတော့ ငါ့ဘော်ဒါတွေက အရက်ဆိုင်ဘက် ဆွဲကြတာလေ”

အောင်မောင်း

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons