လုပ်ရည်ကိုင်ရည် သတင်း အချက်အလက်များ

ထိုသို့ စူးစမ်း လေ့လာရာတွင် နေ့စဉ်နေ့တိုင်း ဆိုသလို တယ်လီဖုန်း မြည်သံကို မိမိကိုယ်တိုင် စောင့်ဆိုင်း နားထောင်ပြီး ရေတွက် နေနိုင်ပါမည်လား။  အကယ်၍ ယင်းသို့သော သတင်း အချက်အလက်များကို ကောက်ယူ စုစည်းရာတွင် လက်အောက် ဝန်ထမ်း တစ်ဦးဦး၏ အကူအညီကို ရယူလိုက်မည် ဆိုပါက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အလုပ် နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သလို ဖြစ်မသွား ပေဘူးလား။ ဤသို့ ဆောင်ရွက် လိုက်ခြင်းသည် ပြဿနာကို စူးစမ်း လေ့လာရာတွင် လက်တွေ့ကျသော နည်းလမ်းကို အသုံးပြုလိုက် နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ပြဿနာ ဖြေရှင်းသည့် ဖြစ်စဉ်တွင် အလုပ်သမားများအား ပါဝင် ဆောင်ရွက်စေရာလည်း ရောက်ပါသည်။ ဤသို့ဖြင့် မိမိက သူတို့အား စောင့်ကြည့် စစ်ဆေးနေခြင်း မဟုတ်ကြောင်းကို လက်အောက် ဝန်ထမ်းများ သိရှိ နားလည် သဘောပေါက်သွားကြ ပါလိမ့်မည်။ အချက်အလက်များကို ကောက်ယူ စုစည်းရာတွင် တစ်စုံတစ်ရာသော ရည်ရွယ်ချက်ဖြင့် ကောက်ယူ စုစည်းရသည်။ ဘာ့ကြောင့် အဲဒီ အချက်အလက်တွေ လိုအပ်ပါသလဲ၊ သို့တည်းမဟုတ် ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ဂဃနဏ မသိရှိဘဲနှင့် အချက်အလက်တွေကို ကောက်ယူ စုစည်းနေလျှင် အချက်အလက် ရူးသွပ်မှု၏ သားကောင်ဘဝသို့ ကျရောက်သွားပါလိမ့်မည်။ ယင်းသို့ အဖြစ်မခံပါနှင့်။

တချို့သော ကုမ္ပဏီတွေက ပုံမှန်စစ်တမ်း ကောက်ယူသလို အချက်အလက်များကို ကောက်ယူ စုစည်းနေပြီး အလုပ်သမား ဝန်ထမ်းများအား ဖြစ်ပေါ် ပြောင်းလဲမှုများကို မျက်ခြည်အပြတ် မခံစေဘဲ ကောက်ယူ စုစည်းစေတတ်ကြ ပါသည်။ ပြီးတော့မှ ကောက်ယူ စုစည်းထားသည့် အချက်အလက်များကို မည်သို့မျှ အသုံးမပြုဘဲ ချောင်ထိုးတတ်ကြ ပါသည်။ ထိုသို့သော လုပ်ရပ်သည် အကုန်အကျ အလွန်များပြီး အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးရာ ရောက်ပါသည်။ သို့ကြောင့် သတင်း အချက်အလက်တွေကို ကောက်ယူစုစည်းခြင်း မပြုမီ ဘာ့ကြောင့် ကောက်ယူစုစည်းဖို့ လိုအပ်သလဲ ဆိုတာနှင့် ဘယ်လို အသုံးပြုမှာလဲ ဆိုတာတွေကို အရင်ဦးစွာ ဆုံးဖြတ်ထားရ ပါလိမ့်မည်။ ထို့အပြင် ကောက်ယူ စုစည်းထားသော စာရင်းအင်း အချက်အလက်များကို အလွယ်တကူ လေ့လာ သိရှိနိုင်အောင် ပုံပြဇယားများကို ရေးဆွဲရန် လိုအပ်သည့်အပြင် ပျမ်းမျှကိန်း(average)၊ ဆနှုန်းကိန်း (index)အစရှိသည့် အကျဉ်းချုံး ဖော်ပြသည့် ပြကိန်းများ (measures of central tendency)ကိုလည်း တွက်ချက်ရန် လိုအပ်ပါသေးသည်။ ယင်းပုံပြဇယားများနှင့် တွက်ချက်မှုများသည် လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီဖို့ အထူး လိုအပ်ပါသည်။ ဥပမာအားဖြင့် ဆိုရသော် စာရင်းအင်း ပညာရပ်တွင် ပျမ်းမျှကိန်းဟု ဆိုရာ၌ သမတ်ကိန်း(mean)၊ ကြိမ်များကိန်း(mode)နှင့် တစ်ဝက်ကိန်း (median)ဟူ၍ ရှိပေရာ မည်သို့သော ပျမ်းမျှကိန်း အမျိုးအစားကို တွက်ချက်ရမလဲ ဆိုသည်ကို ကောက်ယူထားသည့် စာရင်းအင်း အချက်အလက်၏ သဘောသဘာဝအပေါ် မူတည်ပြီး ဆုံးဖြတ် ရွေးချယ်ရပါသည်။ ယင်းမှာ မန်နေဂျာများ အတွက် မကြာခဏ ဆိုသလို တွေ့ကြုံရတတ်သော စိန်ခေါ်မှုပင် ဖြစ်သည်။

ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် အလုံးစုံ အရည်အသွေး စီမံခန့်ခွဲမှု (total quality management) သို့တည်းမဟုတ် တခြားသော စာရင်းအင်း အခြေပြုနည်းလမ်း (statically based approach) များနှင့် အကျွမ်းတဝင် မရှိပါက ရိုးစင်းသော နည်းနာများကိုပဲ အသုံးပြုသွားရမည် ဖြစ်သည်။ အကွဲကွဲ အပြားပြားသော အရာများကို ရေတွက်ရာတွင် တာလီဇယားများ (tally sheets) ကို အသုံးပြုခြင်းသည် အင်မတန် ထိရောက်သော နည်းလမ်း ဖြစ်ပါသည်။ ကိန်းဂဏန်း အချက်အလက်များကို အကျဉ်းချုံး ဖော်ပြရန်နှင့် ပြောင်းလဲမှု အသွင်သဏ္ဌာန်များ (patterns) လေ့လာနိုင်ရန် အတွက် မျဉ်းတန်း ကွက်ကားချပ် (bar chart)၊ စက်ဝိုင်းကားချပ် (pie chart) အစရှိသည်တို့ကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် မိမိ စောင့်ကြည့် လေ့လာလို့ တွေ့ရှိတာ (observation)နှင့် ကောက်ချက်ချတာ (inference)တို့ကိုလည်း ခွဲခြား သိမြင်တတ်ရ ပါသေးသည်။ ယင်းသို့ ခွဲခြား သိမြင်ခြင်းကလည်း အလွန်ပဲ အရေးကြီးပါသည်။ ဥပမာ- အလုပ်သမား ဝန်ထမ်းတစ်ဦး စားပွဲကို လက်သီးဖြင့် တဗုန်းဗုန်း ထုနေသည်ကို မိမိ တွေ့မြင်လိုက်ရသည်ဟု ဆိုကြပါစို့။ ယင်းမှာ မိမိ၏ တွေ့မြင်ချက် (observation)ဖြစ်သည်။ အကယ်၍ မိမိက “အဲဒီလူဟာ အလွန်အမင်း အမျက်ဒေါသ ထွက်နေပြီး ဆောက်တည်ရာမရ ဖြစ်နေတယ်” လို့ ဆိုလိုက်ပါက၊ ယင်းမှာ မိမိ၏ ကောက်ချက် (inference) ဖြစ်သွားပါသည်။ အလုပ်သမားရဲ့ စိတ်ခံစားနေရမှု အခြေအနေ (emotional state)ကို မိမိ၏ တွေ့မြင်ချက်အပေါ် အခြေခံပြီး မှန်းဆလိုက်ခြင်း ဖြစ်သည်။ မိမိသည် ကောက်ချက်ချရာတွင် အမှန်တကယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

သို့သော် ရာနှုန်းပြည့် တိကျအောင် မှန်းဆနိုင်သူ တစ်ဦး မဟုတ်ပါက မိမိရဲ့ ကောက်ချက် တစ်နည်းဆိုရသော် မှန်းဆချက်ဟာ ဘယ်သောအခါမှာ မှန်သည်၊ သို့တည်းမဟုတ် ဘယ်သောအခါမှာ မှားသည်ဆိုတာကို သိရှိနိုင်မည် မဟုတ်ပါ။ သို့ကြောင့် လေ့လာတွေ့ရှိချက်နှင့် ကောက်ချက်တို့၏ ကွဲပြားခြားနားမှုကို သတိပြုရမှာ ဖြစ်သလို၊ မိမိ တွေ့ရှိတာကိုပဲ မှတ်တမ်းမှတ်ရာ ပြုစုထားရှိရမည် ဖြစ်သည်။ ပြုစုထားရှိသော မှတ်တမ်း မှတ်ရာများကို ဥပဒေကြောင်းအရ အသုံးပြုမည်ဆိုလျှင် တွေ့ရှိချက်နှင့် ကောက်ချက်တို့ကို ခွဲခြားထားနိုင်ဖို့ အထူးပင် အရေးကြီးပါသည်။ ဆိုကြပါစို့။ မိမိက “သူဟာ အလွန့်အလွန် ဒေါသူပုန်ထနေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်” ဟု ရေးသားထားပါက “ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ် ဆိုတာကို ခင်ဗျား ဘယ်လို သိရှိပါသလဲ” လို့ တရားသူကြီး သို့မဟုတ် ဥပဒေ အကျိုးဆောင် ရှေ့နေက မိမိအား မေးခွန်း ထုတ်လာနိုင်ပါသည်။ အကယ်၍ မိမိရဲ့ တွေ့ရှိချက်အတွက် လုံလောက်သော အထောက်အထား မတင်ပြနိုင်ဘူး ဆိုပါက မိမိရဲ့ တွေ့ရှိချက်သည် ကောက်ချက် ဖြစ်သွားပါလိမ့်မည်။ ထို့အတွက် ပြဿနာ တက်နိုင်ပါသည်။ သို့ကြောင့် အမှန်တကယ် ဖြစ်ပျက်သည်များ (facts) ကိုပဲ မှတ်တမ်းတင်ထားရမည် ဖြစ်သည်။ ဆိုရသော် “ရုံးထဲမှာ ခင်ဝါဆို အရက်တွေ မူးနေသည်” ဟူသော ရေးသားချက်သည်ပင်လျှင် ကောက်ချက် (inference) ဖြစ်သွားနိုင်ပါသည်။

တကယ့် အဖြစ်အပျက်က “သူ့စကားတွေက ဗလုံးဗထွေး ဖြစ်နေသည်။ အရက်နံ့တွေလည်း ရနေသည်။ ပြီးတော့ ဟိုစားပွဲကိုဝင်တိုး၊ သည်စားပွဲကို ဝင်တိုက်နဲ့ ဒယီးဒယိုင် ဖြစ်နေသည်” ဆိုတာမျိုး ဖြစ်နေနိုင်ပါသည်။ တချို့သော ဆေးဝါးများကို သုံးစွဲသည့်အခါ အရက်မူးသည့် လက္ခဏာမျိုး ဖြစ်ပေါ်တတ်ပါသည်။ သို့ကြောင့် ကျန်းမာရေးအတွက် ဆေးသောက်ထားသော အလုပ်သမား တစ်ဦးမှာ အရက်မူးသည့် လက္ခဏာမျိုး တွေ့ရသည်ကို အရက်မူးနေသည်ဟူသော ကောက်ချက်ဖြင့် အလုပ်မှ ထုတ်ပယ်လိုက်သည် ဆိုပါက ဥပအေကြောင်း အရရော၊ လူမှုရေး အရပါ မည်မျှ ရှုပ်ထွေးသွားနိုင်သလဲ ဆိုတာကို ပြေးကြည့်ရန်မလို၊ တွေးကြည့်ရုံမျှနှင့်ပင် သိမြင်နိုင်ပါသည်။ မိမိကောက်ယူမည့် စာရင်းအင်း အချက်အလက် ပမာဏကို လျော့နည်းသွားစေလိုပါက နမူနာစာရင်း ကောက်ယူနည်း (sampling method) ကို အသုံးပြုနိုင်ပါသည်။ တယ်လီဖုန်း အဝင်ခေါ်ဆိုမှု(incoming call) ကို လက်ခံသည့်အခါမြန်မြန်ဆန်ဆန်လက်ခံသလား၊ သို့တည်းမဟုတ် တုံ့နှေးတုံ့နှေး လက်ခံသလားဆိုတဲ့ response time ကို တိုင်းတာနိုင်ဖို့ အတွက် တယ်လီဖုန်းအဝင် ခေါ်ဆိုလာသည့် အခါတိုင်း တယ်လီဖုန်းအသံ ဘယ်နှကြိမ် မြည်သလဲ ဆိုတာကို ရေတွက်ဖို့ လိုအပ်ပါသလား။ မလိုအပ်ပါ။ ကိုယ်စားပြုနမူနာ (representative sample) ကို စာရင်းကောက်ယူလို့ ရပါသည်။

ဥပမာအားဖြင့် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုများ၏ ၅ ရာခိုင်နှုန်းကိုပဲ စောင့်ကြည့် လေ့လာခြင်းအားဖြင့် response time ကို ခန့်မှန်း တွက်ချက်တာမျိုး ဖြစ်သည်။ အရေးကြီးသည်မှာ ယင်းသို့သော  စောင့်ကြည့် လေ့လာမှုသည် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုများကို ကိုယ်စားပြု (representative) ဖြစ်ဖို့ လိုအပ်ပါသည်။ ဧည့်ကြိုဝန်ထမ်း receptionist ဟာ သူ့အတွက် သတ်မှတ်ထားသော စံချိန်စံနှုန်းများ (standards) နှင့်အညီ ပြည့်မီအောင် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ ဆိုတာကို အကဲဖြတ် သုံးသပ်ပြီး၊ တုံ့ပြန်မှု အချိန် (response time) လျှော့ချနိုင်မည့် နည်းလမ်းကို ရှာဖွေလိုသည်ဟု ဆိုကြပါစို့။ သို့ဆိုလျှင် ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် သတင်း အချက်အလက်များ လိုအပ်မည် ဖြစ်သည်။ ထို့အတွက် တယ်လီဖုန်း ဝင်လာသည့်အခါ တယ်လီဖုန်းကို ကောက်ကိုင်ပြီး တုံ့ပြန်ဖြေဆိုခြင်း မပြုမီ “ကလင်ကလင်” အသံဘယ်နှကြိမ် မြည်သလဲ ဆိုတာကို ရေတွက်သွားရန် သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်လျှင် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာတယ်လီဖုန်းအဝင်ခေါ်ဆိုမှုတစ်ကြိမ်ကိုနမူနာ  sample အဖြစ်စောင့်ကြည့်ပြီးတယ်လီဖုန်းမြည်သံကိုရေတွက်မည်ဆိုပါက လုံလောက်ပါမည်လား။ လုံလောက်မည် မဟုတ်ပါ။

သို့ဆိုလျှင် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ ပထမဆုံး ဝင်လာသည့် တယ်လီဖုန်း ခေါ်ဆိုမှုအကြိမ် ၃ဝ ကိုစောင့်ကြည့်ပြီး တယ်လီဖုန်းမြည်သံကိုရေတွက်သွားရမလား။ ထိုလုပ်နည်းလုပ်ဟန်ကလည်း မကောင်းသေးပါ။ အဘယ်ကြောင့်ဆိုသော် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုတွေက မနက်စောစောပိုင်းမှာ ခပ်စိပ်စိပ် အဝင်များတတ်သောကြောင့် ဖြစ်ပါသည်။သို့ကြောင့် ပထမဆုံး ဝင်လာသည့် တယ်လီဖုန်း ခေါ်ဆိုမှု အကြိမ် ၃ဝ ရဲ့ တုံ့ပြန်ချိန်တွေက အဝင်ခေါ်ဆိုမှု အားလုံးကို ခြုံငုံ ကိုယ်စားပြုနိုင်လိမ့်မည်ဟု မဆိုနိုင်ပေ။ သို့ကြောင့် လစဉ်လတိုင်း တစ်လမှာတစ်ပတ်၊ တစ်ပတ်အတွင်းမှာ နေ့စဉ် ၁၀ ကြိမ်မြောက် အဝင် ခေါ်ဆိုမှုတိုင်းရဲ့ တယ်လီဖုန်း မြည်သံကို ရေတွက်သွားရန် လျာထားလိုက်ပါသည်။ ယင်းသို့သော ရေတွက်မှုသည် ကိုယ်စားပြုနမူနာ ဖြစ်နိုင်ကောင်းပါသည်။ တစ်ဖန် တယ်လီဖုန်း အဝင် ခေါ်ဆိုမှုသည် လုပ်ငန်း၏ သဘောသဘာဝအရ ရာသီအလိုက် အတက်အကျ ရှိသည်ဆိုပါက ထိုသို့သော အတက်အကျကို ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်သည်။ သို့မှသာ စာရင်းအင်း အချက်အလက် ကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်ပါလိမ့်မည်။

မန်နေဂျာ Checklist

အချက်အလက် ကောက်ယူစုစည်းခြင်း (data gathering)၊ စောင့်ကြည့်လေ့လာခြင်း (observing) နှင့် မှတ်တမ်းထားရှိခြင်း (documenting) တို့က လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုနှင့် တိုးတက် မြှင့်တင်နိုင်မှုတို့ကို ခံစားချက် (feelings) အပေါ်မှာ အခြေမခံဘဲ တကယ့် အဖြစ်အပျက်များ (facts)အပေါ် အခြေခံကာ စီမံ ဆောင်ရွက်သွားစေပါသည်။  မှတ်တမ်းမှတ်ရာများက အရေးကြီးသော သတင်း အချက်အလက်များကို မပျောက်မပျက် ထိန်းသိမ်းသွားပါသည်။ မှတ်တမ်းမှတ်ရာများသည် ဥပဒေကြောင်း အရလည်း အရေးကြီးပါသည်။ မှတ်တမ်းမှတ်ရာ အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲနှင့် ဝန်ထမ်း အလုပ်သမားများအား စည်းကမ်းပိုင်းအရ အရေးယူအပြစ် ပေးတာမျိုးသည် အလွန်ပင် အန္တရာယ် ကြီးပါသည်။

အချက်အလက်များ ကောက်ယူ စုစည်းရာတွင် ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုမလဲ ဆိုတာနှင့် ဘာတွေကို ကောက်ယူမလဲ ဆိုသည်တို့မှာ မိမိရဲ့ ခံယူချက်နှင့် ထားရှိသည့် ရည်ရွယ်ချက်တို့အပေါ် မူတည်နေပါသည်။ ဘာ့ကြောင့် စုစည်း ကောက်ယူရသလဲ ဆိုတာနှင့် ဘယ်လိုမျိုး အသုံးပြုဖို့ ကောက်ယူရသလဲ ဆိုသည်တို့ကို မသိရှိဘဲနှင့် သတင်း အချက်အလက်များကို ကောက်ယူနေခြင်းသည် ဘယ်လို အချက်အလက်မျိုးကိုမှ မကောက်ယူဘဲ နေခြင်းထက် ပိုမို ဆိုးဝါးပါသည်။ မန်နေဂျာတစ်ဦး အနေဖြင့် သတင်း အချက်အလက်များ အားလုံးအတွက် တာဝန်ယူဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ယင်းသို့ တာဝန်ယူဖို့ ကြိုးစားမည်ဆိုလျှင်လည်း မိုက်မဲမှုသာ ဖြစ်ပေလိမ့်မည်။ အလုပ်သမား ဝန်ထမ်းတိုင်းက အချက်အလက်များကို ကောက်ယူနိုင်ကြပါသည်။ ထို့အတူ စောင့်ကြည့် လေ့လာ နေနိုင်ကြပါသည်။ သို့ကြောင့် အလုပ်သမား ဝန်ထမ်းတိုင်းသည် ပြဿနာ အဖြေရှာရာမှာ လက်တွဲ ပါဝင်နိုင်စွမ်း ရှိကြသလို လုပ်ငန်းကို စဉ်ဆက်မပြတ် တိုးတက် ဖြစ်ထွန်းအောင် ဆောင်ကြဉ်းရာမှာလည်း ပါဝင် ဆောင်ရွက်နိုင်စွမ်း ရှိကြပါသည်။

Ref: “Data Gathering, Observing, and Documenting” by Robert Bacal

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons