လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း (၁)

လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း (၁)



အကယ်၍သာ လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးပြုနိုင်သည့် ခြောက်ပြစ်ကင်း သဲလဲစင်သော နည်းလမ်း တစ်ခုသာ ရှိခဲ့မည် ဆိုပါက စီမံခန့်ခွဲသူများ အတွက်  များစွာ လွယ်ကူသွားမည် ဖြစ်ပါသည်။ သို့သော် ခြောက်ပြစ်ကင်း သဲလဲစင်သော နည်းလမ်းဟူ၍ မရှိသေးပါ။ ခြောက်ပြစ်ကင်း သဲလဲစင်သော လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း ပေါ်ထွက်လာအောင် ကြိုးပမ်းမှုတွေ ရှိလင့်ကစား ယနေ့အထိတော့ ပေါ်ထွက်လာခြင်း မရှိသေးပါ။ ဆိုရသော် လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်ရာတွင် အသုံးပြုသည့် ပိုမို ဆန်းသစ်သော၊ ပိုမို ရှုပ်ထွေးသော နည်းလမ်းများသည် အခြေခံ ကျသော နည်းလမ်းများလောက် အသုံးတည့်ပုံ မရသေးပါ။ မည်သို့ဆိုစေ နည်းလမ်း တစ်ခုချင်းမှာ အားသာချက်များနှင့် အားနည်းချက်များဟူ၍ ရှိသောကြောင့် မိမိ အသုံးပြုမည့် နည်းလမ်း၏ ကန့်သတ်ချက်များကို သိရှိ နားလည်ထားရန်မှာ အထူးပင် အရေးကြီးပါသည်။ ထို့အပြင် နည်းလမ်း အသီးသီးမှ အားသာချက်များကို အတတ်နိုင်ဆုံး ပေါင်းစပ်ကာ အသုံးပြုသွားရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ ဤစာစုတွင် လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ရာမှာ အများဆုံး အသုံးပြုနေသော နည်းလမ်း ၃ သွယ်ကို တင်ပြသွားမည် ဖြစ်ပါသည်။ ယင်းသို့ တင်ပြရာ၌ နည်းလမ်း တစ်ခုချင်း၏ ကောင်းကွက်များကို သုံးသပ်ပြီး ထိရောက်မှုရှိအောင် ဘယ်လို အသုံးပြုရမလဲ ဆိုသည့် အကြံပြုချက်များကိုပါ ရေးသား ဖော်ပြသွားရန် ရှိပါသည်။

အကယ်၍ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုစနစ် (performance management system) တစ်ခုကို စတင် ထူထောင်ဖို့ လိုအပ်သည် ဆိုပါကလည်း မိမိရဲ့ လုပ်ငန်းခွင် သဘောသဘာဝနှင့် ကိုက်ညီအောင် မည်သည့် နည်းလမ်းကို အသုံးပြုသင့်သလဲ၊ သို့တည်းမဟုတ် မည်သည့် နည်းလမ်းတွေကို ပေါင်းစပ် အသုံးပြုရမလဲ ဆိုတာကို ရွေးချယ် ဆုံးဖြတ်ရာမှာပါ ဤစာစုက အထောက်အကူ ပြုသွားနိုင် ပါလိမ့်မည်။ ဆိုရသော် နည်းလမ်း တစ်ခုကို ရွေးချယ် အသုံးပြုသည့်အခါ ပိုမိုထိရောက်မှု ရှိစေနိုင်ရန် အတွက် တခြားနည်းလမ်း တစ်ခုရဲ့ ကောင်းကွက်တွေနှင့် ပေါင်းစပ်ပြီး အသုံးပြုကောင်း အသုံးပြုသွားရပါလိမ့်မည်။ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ရာတွင် အသုံးပြုနိုင်သည့် နည်းလမ်း ၃ သွယ် ဖြစ်သော အဆင့်ခွဲခြား အကဲဖြတ်နည်း (rating system)၊ နှိုင်းယှဉ် အကဲဖြတ်နည်း (ranking system) နှင့် ရည်မှန်းချက် အခြေပြု အကဲဖြတ်နည်း (objective-based system) တို့ကို ရေးသားတင်ပြခြင်း မပြုမီ “လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု (performance appraisal)” ဆိုသည့် အသုံးအနှုန်း၏ အဓိပ္ပာယ်ကို အရင်ဦးစွာ ဖွင့်ဆိုတင်ပြ လိုပါသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု ဆိုသည်မှာ အလုပ်သမား ဝန်ထမ်းတစ်ဦး၏ လုပ်ငန်း စွမ်းဆောင်နိုင်မှုကို အကဲဖြတ် ဆန်းစစ်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။ “သတ်မှတ်ထားသည့် အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်းမှာ အလုပ်သမား ဝန်ထမ်း တစ်ဦးဟာ သူ့ရဲ့ အလုပ်ကို ဘယ်အတိုင်းအတာအထိ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲ” ဆိုသည့် အခြေခံ မေးခွန်းရဲ့ အဖြေကို စူးစမ်းရှာဖွေသည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု (performance appraisal) သည် လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှု (performance management) မဟုတ်ပါ။ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှု၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုတွင် လုပ်ရည်ကိုင်ရည် အကဲဖြတ်မှုအပြင်
-လုပ်ရည်ကိုင်ရည် စီမံကိန်း ရေးဆွဲခြင်း (performance planning)
-ပြဿနာများ၏ အရင်းခံ အကြောင်းတရားတို့ကို ဆန်းစစ်ရှာဖွေ ဖော်ထုတ်ခြင်း (diagnosing problems)
-လုပ်ရည်ကိုင်ရည် အတားအဆီးများကို ပိုင်းခြားဖော်ထုတ်ခြင်း (identifying barriers to performance) နှင့်
-အလုပ်သမား ဝန်ထမ်းများ၏ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်ဆောင်ပေးခြင်း (working to develop staff) တို့လည်း ပါဝင်ပါသေးသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှုနှင့် လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုတို့ကို ခွဲခြားသိရှိထားဖို့ ဘာ့ကြောင့် အရေးကြီးပါသလဲ။ အကြောင်းကတော့ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု တစ်ခုတည်းဖြင့် အခက်အခဲတွေ၊ ပြဿနာတွေကို တားဆီးနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု အတွက် အလုပ်သမား ဝန်ထမ်းများနှင့် တစ်နှစ်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် သိသာထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်ရှိသော် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလိုပဲ စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါသည်။

တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ရည်ကိုင်ရည် အကဲဖြတ်မှု၏ ဝိဝါဒ
လူအများစုသည် တစ်ကိုယ်တော် အစွမ်းအစကို အလေးပေးသော ထုံးတမ်း အစဉ်အလာ individualistic culture အဝန်းအဝိုင်းမှာ ရှင်သန်နေကြပါသည်။ ကြီးကြီးမားမား အောင်မြင်မှုကို ဖော်ဆောင်နိုင်သူများအား လူအများက တန်ဖိုး ထားတတ်ကြပါသည်။ လေးစားတတ်ကြပါသည်။ အားကျတတ်ကြပါသည်။ ချီးမြှင့်မြှောက်စား တတ်ကြပါသည်။ လူတစ်ယောက် အောင်မြင်သောအခါ “သူတော်” လို့ဆိုပြီး ချီးကျူး ဂုဏ်ပြုလေ့ ရှိကြသည်။ ရှုံးနိမ့်ကျဆင်းသော အခါကျတော့လည်း “သူအသုံးမကျ” လို့ဆိုပြီး အပြစ် မြင်တတ်ကြပါသည်။ တစ်ကိုယ်တော် အစွမ်းအစ အသားပေး အစဉ်အလာထုံးစံ individualistic culture အရ အောင်မြင်မှု သို့တည်းမဟုတ် ရှုံးနိမ့်မှုသည် တစ်ဦးချင်း တစ်ယောက်ချင်း၏ ပယောဂကြောင့် ဖြစ်သည်ဟု ပုံချထားတတ်ကြပါသည်။ ဤသို့ ပုံချခြင်းက အကောင်းကို ဦးတည်ပါသလား သို့တည်းမဟုတ် အဆိုးကို ဦးတည်ပါသလား။ ဤမေးခွန်းကိုတော့ အတွေးအခေါ် ပညာရှင်များ အတွက်ပဲ ချန်ထားလိုက်ပါတော့မည်။ ကျွန်တော်တို့အတွက် စဉ်းစားစရာကတော့ လူတစ်ဦးရဲ့ အလုပ်ဆောင်ရွက် ပြီးစီးမှု (job performance) ကို သူတစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုနှင့် ကျွမ်းကျင်မှုတို့ကပဲ အဆုံးအဖြတ် ပေးပါသလားဆိုသည့် အချက်ပင် ဖြစ်သည်။ အကယ်၍ အဆုံးအဖြတ် ပေးသည်ဟု ဆိုပါက သူတစ်ဦးတည်းရဲ့ လုပ်ရည်ကိုင်ရည်ကို ဆန်းစစ် အကဲဖြတ်ပြီး ဆုချီးမြှင့်တာ၊ သို့တည်းမဟုတ် အပြစ်ပေး အရေးယူတာကို ဒွိဟ ဖြစ်နေစရာ မလိုဘဲ စိတ်ချလက်ချ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ မည်သို့ဖြစ်စေ အလုပ်ဆောင်ရွက် ပြီးစီးမှုကို အလုပ်သမားဝန်ထမ်း တစ်ဦးတည်းရဲ့ ပယောဂအပြင် တခြားသော အကြောင်းအချက်တွေ (တခြားလူတွေ၊ အရင်းအမြစ်တွေ၊ စနစ်တွေ) ကလည်း အဆုံးအဖြတ် ပေးသေးသည်ဟု ဆိုပါက တိုးတက် ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းအတွက် အဆိုပါ အကြောင်းအချက်တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါလိမ့်မည်။ သို့ဆိုလျှင် မည်သည့် အကြောင်းအချက်တွေကို ထည့်သွင်း စဉ်းစားရမည်နည်း။ ယင်းမေးခွန်း၏ အဖြေကို စီမံခန့်ခွဲမှု သီအိုရီအရ ဆွေးနွေး သုံးသပ်ခြင်းဖြင့် ရှာဖွေသွားနိုင်ပါသည်။ သို့သော် သီအိုရီအစား ကျွန်တော်တို့ရဲ့ အတွေ့အကြုံနှင့် ဆင်ခြင်တုံ တရားတွေကို အသုံးပြုပြီး အောက်ပါနမူနာ ဖြစ်ရပ်တွေကို လေ့လာ သုံးသပ်ခြင်းဖြင့် အဖြေ ရှာကြည့်ကြပါစို့လား။

-နိုင်ငံကျော် အဆိုတော် တစ်ဦးသည် သီတင်းကျွတ် မီးထွန်းပွဲတွင် ရပ်ကွက်အပျော်တမ်း တီးဝိုင်းနှင့် တွဲဖက်ပြီး သီဆို ဖျော်ဖြေပါသည်။ အဆိုတော်က အကောင်းဆုံးဖြစ်အောင် ကြိုးကြိုးစားစား သီဆိုစေကာမူ နားထောင်လို့ မကောင်းပါ။ ထို့အတွက် အဆိုတော်ကို အပြစ်တင်ရမှာလား၊ သို့တည်းမဟုတ် သူရဲ့ ကြိုးပမ်းမှုကို ချီးကျူးရမှာလား။
-အကောင်းဆုံး ရှေ့တန်း တိုက်စစ်မှူး တစ်ဦးသည် ခပ်ညံ့ညံ့ ဘောလုံးအသင်းသို့ ပြောင်းရွှေ့သွားပါသည်။ တိုက်စစ်မှူးသည် ပွဲစဉ်တိုင်းမှာ အနည်းဆုံး တစ်ဂိုးရအောင် သွင်းပေးနိုင်ခဲ့ပါသည်။ သို့သော် သူ့ရဲ့ ဘောလုံးအသင်းသည် ၄ ပွဲ ကစားလျှင် ၃ ပွဲ ရှုံးပါသည်။ သို့အတွက် ရှေ့တန်း တိုက်စစ်မှူးကို လက်ခုပ်တီး အားပေးရမှာလား၊ သို့တည်းမဟုတ် အသင်းရဲ့ ညံ့ဖျင်းမှုကိုပဲ လက်ခံလိုက်ရမှာလား။
-လုပ်ငန်းသုံးကုန် ပြတ်လပ်မှုကြောင့် မော်တော်ယာဉ် တပ်ဆင်ရေးလိုင်း (auto assembly line) သည် ပြတ်တောင်းပြတ်တောင်း လည်ပတ် နေရပါသည်။ သို့ကြောင့်  အမှန်တကယ် ထုတ်လုပ်မှုမှာ လျာထားသည်ထက် လျော့နည်းနေပါသည်။ သို့ဆိုလျှင် အဆိုပါ တပ်ဆင်ရေး အလုပ်သမားများကို မည်သို့ ဆန်းစစ် အကဲဖြတ်ရ ပါမည်နည်း။
-လက်လီ အရောင်းဆိုင် တစ်ဆိုင်မှ မန်နေဂျာအား အရောင်းပမာဏကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ရန်နှင့် မမြှင့်တင်နိုင်ပါက အလုပ်မှ ထုတ်ပယ်မည်ဟု အသိပေးထားပါသည်။ တစ်ချိန်တည်းမှာပဲ သူရဲ့ ဝန်ထမ်းအင်အား ဘတ်ဂျက်မှာ ဖြတ်တောက် ခံထားရသဖြင့် အရောင်းဆိုင်မှာ လျော့တိလျော့ရဲ ဖြစ်နေပါသည်။ ငွေသွင်းကောင်တာမှာ ဝယ်သူတွေ အကြာကြီး တန်းစီးနေရသဖြင့် မကျေမနပ် ဖြစ်နေကြသည်။ သို့အတွက် အရောင်းမှာ ကျဆင်းလာနေပါသည်။ ထိုသို့သော အနေအထားတွင် မန်နေဂျာကို အလုပ်မှ ထုတ်ပယ်ဖို့ဆိုတာ အဓိပ္ပာယ် ရှိပါသလား။ ထိုမေးခွန်းထက် ပို၍ အရေးပါသည်မှာ မန်နေဂျာအသစ် ခန့်ထားလို့ကော အရောင်း တက်လာနိုင်ပါမည်လား။

အထက်ပါ နမူနာ ဖြစ်ရပ်တွေကို လေ့လာ သုံးသပ်ခြင်းဖြင့် ပြဿနာကို တွေ့မြင်ရပါပြီလား။ အဆိုပါ ဖြစ်ရပ်များတွင် နိုင်ငံကျော် အဆိုတော်တို့၊ အကောင်းဆုံး ရှေ့တန်း တိုက်စစ်မှူးတို့၊ မော်တော်ယာဉ် တပ်ဆင်ရေး လုပ်သားတို့၊ အရောင်း မန်နေဂျာတို့ တစ်ဦး တစ်ယောက်ချင်း အနေနှင့် ဘယ်လိုပဲ ကြိုးစားကြိုးစား လုပ်ရည်ကိုင်ရည် ပြဿနာကတော့ ရှိနေမှာပဲ ဖြစ်သည်။ အကယ်၍ တစ်ဦး တစ်ယောက်ချင်း အပေါ်မှာသာ အလေးထားနေမည် ဆိုလျှင် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ ဖြေရှင်းနိုင်ဖို့ နေနေသာသာ၊ ပြဿနာတွေရဲ့ တကယ့်အရင်းခံ အကြောင်းတရားကိုပင် ပိုင်းခြားရှာဖွေ ဖော်ထုတ်နိုင်မည် မဟုတ်ပါ။ ကျွန်းကလေး အပေါ်မှာ တစ်ယောက်တည်း ဆိုသလို အထီးတည်း နေထိုင်သူဟူ၍ မရှိပါ။ ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကျွမ်းကျင်မှု၊ ကြိုးပမ်းအားထုတ်မှု အစရှိသော ပုဂ္ဂလိက အကြောင်းခြင်းရာတွေ (individual factors) က သတ်မှတ် ပြဋ္ဌာန်းပေးတာ ရှိသလို တခြားလူတွေရဲ့ အဆုံးအဖြတ်၊ အရင်းအမြစ် ခွဲဝေရရှိမှု၊ တွေ့ကြုံနေရသော စနစ် အစရှိသော မိမိတို့ ထိန်းကွပ်လို့ မရသည့် အကြောင်းအချက်တွေ (factors beyond our direct control) က သတ်မှတ်ပြဋ္ဌာန်း ပေးတာမျိုးလည်း ရှိပါသေးသည်။ ဆိုကြပါစို့၊ အထက်တွင် ဖော်ပြခဲ့သော လက်လီ အရောင်းဆိုင် မန်နေဂျာကို အကဲဖြတ် သုံးသပ်ပါက သူရှုံးနိမ့်သည်ဟု ဆိုရပါမည်။ သူ့နေရာမှာ တခြား မန်နေဂျာ တစ်ယောက်ကို ရုံးချုပ်က အစားထိုး ခန့်ထားဦးတော့ မန်နေဂျာ အသစ်သည်လည်း ရှုံးနိမ့်မှုကိုပဲ ကြုံရမည် ဖြစ်သည်။

နောက်ထပ် မန်နေဂျာ အသစ်အသစ်တွေ မည်သို့ပင် အစားထိုး ခန့်ထားပါစေ၊ လုပ်ငန်းတိုးတက် အောင်မြင်ဖွယ်ရာ အကြောင်းရှိမည် မဟုတ်ပါ။ ထိုသို့ အစားထိုး ခန့်ထားခြင်းသည် တရားမျှတမှု မရှိရုံသာမဟုတ်၊ မိုက်မဲရာလည်း ကျပါသည်။ ထုတ်ပယ်ခံရသူများသည် အရည်အချင်း ပြည့်ဝသော မန်နေဂျာများ ဖြစ်ကောင်းဖြစ်နေ နိုင်ပါသည်။ မန်နေဂျာ အသုံးမကျသောကြောင့် အရောင်းကျဆင်း နေရသည်ဟု ကောက်ချက် ချထားလို့ကတော့ လက်လီ အရောင်းဆိုင်ရဲ့ လုပ်ငန်း ဘာ့ကြောင့် ကျဆင်းနေရတာလဲ ဆိုသည့် တကယ့်အရင်းခံ အကြောင်းတရားကို မည်သည့်အခါမှ ရှာဖွေ တွေ့ရှိလိမ့်မည် မဟုတ်ပါ။ ဆိုရသော် ဤအချက်သည် အရေးအကြီးဆုံးသော အချက် ဖြစ်ပါသည်။ အစဉ်အလာ ဓလေ့ထုံးစံနှင့် ကုမ္ပဏီများ၏ လိုအပ်ချက်များအရ အလုပ်သမားဝန်ထမ်း တစ်ဦးချင်း၏ လုပ်ကိုင်ရည်ကို သီးခြားအကဲဖြတ် နေကြရပါသည်။ အကယ်၍ လုပ်ရည်ကိုင်ရည်ကို အဆုံးအဖြတ်ပေးသည့် တခြားသော အကြောင်းအချက်များကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အလုပ်သမားဝန်ထမ်း တစ်ဦး တစ်ယောက်ချင်းအလိုက် လုပ်ရည်ကိုင်ရည်ကိုပဲ ဇောင်းပေးပြီး focus လုပ် အကဲဖြတ်နေမည် ဆိုလျှင် ယင်းအကဲဖြတ် သုံးသပ်မှုသည် အဓိပ္ပာယ်မရှိ ဖြစ်နေပါလိမ့်မည်။ ဆိုလိုသည်မှာ ပြဿနာရဲ့ တကယ့် အရင်းခံ အကြောင်းတရားကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်သောကြောင့် လုပ်ရည်ကိုင်ရည် တိုးတက်ကောင်းမွန်အောင် ပြုပြင် မွမ်းမံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့အပြင် အလုပ်သမား ဝန်ထမ်းများအား သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိသည့် အကြောင်းအချက်များ အပေါ် အခြေခံပြီး ဒဏ်ပေးတာမျိုးတွေ၊ မှားယွင်းသော အကြောင်းအချက်များ အပေါ် မူတည်ပြီး ဆုပေးတာမျိုးတွေကိုလည်း လုပ်မိတတ်ပါသေးသည်။ ယင်းသည်ပင်လျှင် တစ်ဦး တစ်ယောက်ချင်းရဲ့ လုပ်ရည်ကိုင်ရည်ကို သီးခြား အကဲဖြတ်သည့်အခါ တွေ့ရတတ်သော ဝိဝါဒ ကွဲနိုင်စရာ အချက် ဖြစ်ပါသည်။


မောင်ရေအေး (ဟားဗတ်တက္ကသိုလ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons