စိတ်ဖိစီးမှု သက်သာရာ ပေါင်းသင်းဆက်ဆံရေး ကောင်းမှသာ

လုပ်ငန်း အဖွဲ့အစည်း အမျိုးမျိုးတွင် ဝန်ထမ်းထုကို အလုပ်တာဝန် ခွဲဝေမှုအရ အလွှာအသီးသီး ခွဲခြားထားပါသည်။  အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင် စီမံခန့်ခွဲသူများ၊ မန်နေဂျာများ စသည့် အစုအဖွဲ့ ရှိကြပြီး ၎င်းတို့၏ လက်အောက်တွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းများကို တာဝန် ခွဲခြားပေးထားရမြဲ ဖြစ်ပါသည်။ ထိုသို့သော လုပ်ငန်း အဖွဲ့အစည်း တစ်ရပ်ရပ်အတွင်း “လူ” တို့ ပေါင်းစု လုပ်ကိုင်နေကြသည် ဖြစ်ရာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မလွဲမသွေ ပေါင်းသင်း ဆက်ဆံနေရပါသည်။ လုပ်ငန်းခွင် အတွင်းရှိ ဝန်ထမ်းထုများသည် “တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား” ဆိုသလို အလုပ် ရည်မှန်းချက် တူသူများ၏ လူမှုဆက်ဆံရေး ဘဝတွင် ကျင်လည်ရပါသည်။ ဤသို့ဖြင့် အဖွဲ့အစည်း တစ်ခုအတွင်း တွေ့ကြ ဆုံကြသည့် ဝန်ထမ်းအချင်းချင်း ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်မှသာ စိတ်ဖိစီးမှု သက်သာမည် ဖြစ်ပါသည်။ လုပ်ငန်း သဘောသဘာဝအရ အလုပ်တာဝန် ထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး နိစ္စဓူဝ တစ်နည်းမဟုတ် တနည်းဖြင့် တွေ့ဆုံပြောဆို ဆက်ဆံနေကြရပါသည်။ တစ်နည်း ဆိုသော် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထက်ပိုင်းမှ စီမံခန့်ခွဲသူ တာဝန်ရှိ လူကြီးများ၊ အလယ်အဆင့်ရှိသော ဝန်ထမ်းများ၊ အောက်ခြေဝန်ထမ်းများ၊ အလုပ်သမား အချင်းချင်း ဆင့်ကဲဆင့်ကဲ ဆက်ဆံနေကြရသလို မိမိတို့ဌာနမှ ဝန်ထမ်းများသည်လည်း အခြားဌာန အဖွဲ့အစည်းများမှ ဝန်ထမ်းများကို လည်းကောင်း၊ မိမိတို့၏ ဖောက်သည်များကို လည်းကောင်း မဖြစ်မနေ ပြောဆို ဆက်ဆံ နေရပါသည်။


ဤသို့ ဝန်ထမ်းများ ပေါင်းသင်းဆက်ဆံရေး ဘဝကို ဖြတ်သန်းကြရာတွင် ရင်းနှီးပျူငှာ ဆက်ဆံရေး ကြိုးပမ်းကြသော်လည်း တစ်ခါတစ်ရံ ဆက်ဆံရေး မပြေလည်ခြင်း၊ အဖုအထစ်များ ကြုံရခြင်းတို့ကြောင့် စိတ်ဖိစီးမှု ခံစားရတတ်ပါသည်။ Leiter and Maslach တို့၏ ၁၉၈၈ ခုနှစ်က ဆေးရုံတစ်ရုံရှိ သူနာပြု ဆရာမများ၏ စိတ်ဖိစီးမှု ကြုံတွေ့ ခံစားရမှုကို လေလာခဲ့ရာတွင် သူနာပြု ဆရာမများသည် ၎င်းတို့ ကြည့်ရှုရသည့် လူနာများနှင့် ဆက်ဆံမှုကြောင့် စိတ်ဖိစီးမှု ဖြစ်ရသည်ထက် ဆေးရုံအတွင်းရှိ ဝန်ထမ်းအချင်းချင်း၊ သူနာပြု ဆရာမများ အချင်းချင်း ဆက်ဆံရေး မပြေလည်ခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်ရသည်မှာ ၁၀ ဆခန့် ပိုမိုသည်ဟု ဖော်ပြထားပါသည်။ လုပ်ငန်း အဖွဲ့အစည်းတိုင်းတွင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးမြင့်လာရေးအတွက် လူ့စွမ်းအား အရင်းအမြစ်သည် အရေးပါကြောင်း HR လေ့လာသူ အားလုံး အသိပင် ဖြစ်ပါသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ် လေ့လာစဉ်က “လူသာပဓာန” (Man matter most) ဟူသော အယူအဆ တစ်ရပ်ကို ထည့်သွင်း စဉ်းစားလာကြပါသည်။ ယခုခေတ် လုပ်ငန်း အဖွဲ့အစည်း အတွင်းရှိ စီမံခန့်ခွဲသူများ သို့မဟုတ် မန်နေဂျာ တစ်ဦးဦး၏ တာဝန် ဝတ္တရားများကို စွမ်းအား အရင်းအမြစ် အမျိုးအစားများ (Types of resources) အပေါ် အခြေခံလျက် အောက်ပါအတိုင်း (၃) မျိုးခွဲ၍ လေ့လာနိုင်ပါသည်။

(က) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို တာဝန်ယူ စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် ဌာန၏ ရ-သုံးမှန်းခြေငွေ စာရင်း (Budget) ပြုစုရေးဆွဲခြင်း၊ စာရင်းကိုင်လုပ်ငန်း ဆောင်ရွက်ခြင်း၊ နှစ်ချုပ် စာရင်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ရေးဆွဲခြင်း၊ အခွန်အကောက်များ ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခြင်း၊ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း စသည်တို့ ပါဝင်ပါသည်။

(ခ) ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်များကို တာဝန်ယူ စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် လုပ်ငန်း အဖွဲ့အစည်း၏ စက်ပစ္စည်း ယန္တရားများ၊ ပရိဘောဂများ၊ ကုန်ကြမ်းများ ထိန်းသိမ်းကြီးကြပ်ခြင်း၊ လုပ်ငန်းအတွက် လိုအပ်သည်များကို ဝယ်ယူခြင်း၊ ထုတ်လုပ်ပြီး ကုန်ချော ပစ္စည်းများကို ဖြန့်ဖြူးခြင်း စသည်တို့ ပါဝင်ပါသည်။

(ဂ) လူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းခြင်း၊ ရာထူး တိုးမြှင့်ခြင်း၊ အလုပ် ပြောင်းရွှေ့ခြင်း၊ ခွင့်ကိစ္စများ ကိုင်တွယ်ခြင်း၊ အလုပ်ခွင် စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် အရေးယူ ဆောင်ရွက်ခြင်း၊ သင်တန်းများ စီစဉ်ခြင်း စသည့် HR လုပ်ငန်းများ ပါဝင်ပါသည်။ မန်နေဂျာ တစ်ဦးဦးသည် အထက်ဖော်ပြပါ လုပ်ငန်းတာဝန် ဝတ္တရားများ အမျိုးအစား ၃ မျိုးတွင် တစ်မျိုးမျိုးကို ဖြစ်စေ၊ တစ်မျိုးထက် ပို၍ဖြစ်စေ တာဝန်ယူ ဆောင်ရွက်လေ့ ရှိပါသည်။ သုတေသန ပြုလုပ်ချက်အရ “လူ” များကို ထိတွေ့ကိုင်တွယ် ဆက်ဆံရသော သို့မဟုတ် “လူ” များကို စီမံ ခန့်ခွဲရသော တာဝန်ယူရသည့် မန်နေဂျာသည် စိတ်ဖိစီးမှု ဒဏ်အခံရဆုံး ဖြစ်သည်ဟု ကောက်ချက် ချထားပါသည်။ ခြုံ၍ ပြောရပါက ငွေ၊ ပစ္စည်း၊ စာရင်း စသည့် ရုပ်ဝတ္ထုများကို စီမံခန့်ခွဲရခြင်းထက် ရုပ်နှင့်နာမ်တို့ ပိုင်ဆိုင်သော “လူ” ကို စီမံခန့်ခွဲခြင်းက ပိုမိုခက်ခဲကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပါသည်။ “လူ” တွင် စိတ်၏ ခံစားမှုရှိခြင်း၊ ကာယစွမ်းအားဖြင့် အလုပ်လုပ်ခြင်း၊ ပြောဆို ဆုံးမမှုကို နာယူခြင်း၊ ညွှန်ကြားချက်များ နာယူခြင်း၊ ပြန်လည် မေးမြန်းခြင်း၊ ဆွေးနွေးပြောဆိုခြင်း အပြင် “နှုတ်သီးကောင်း လျှာပါး” ဟု ပြောရလောက်အောင် ပြန်လည် ခွန်းတုံ့ ပြန်ပြောဆိုခြင်း၊ ငြင်းခုံခြင်း၊ အော်ဟစ်ဆဲဆိုခြင်း စသည်တို့ကို ပြုလုပ်နိုင်စွမ်း ရှိကြသည်ကို စာရှုသူအားလုံး အသိပင် ဖြစ်ပါသည်။

တစ်ခါက အစိုးရဌာန တစ်ခုတွင် ဝန်ထမ်းများ ရာထူး တိုးတက်ပေးရာတွင် လည်းကောင်း၊ နိုင်ငံခြား ပညာသင် ရွေးချယ်ရာတွင် လည်းကောင်း အရည်အချင်း မမီသည့် ဝန်ထမ်းတစ်ဦးသည် ၎င်း၏ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို စာတစ်တန် ပေတစ်တန်ဖြင့် “တိုင်စာ/ပစ်စာ” ရေး၍ အထက်လူကြီးများထံ ပေးပို့ခဲ့ပါသည်။ လုပ်ကြံ ဇာတ်လမ်းများဖြင့် ပုံကြီးချဲ့ထားသော အဆိုပါ ပစ်စာ မျိုးများသည် ဝန်ထမ်း လောကအတွင်း မလိုလားအပ်သော ဆူးငြောင့် ခလုတ်များပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အတိုင်ခံရသည့် ဝန်ထမ်းအဖို့ မမျှော်လင့်ဘဲ ကြုံလာရသည့် ပြဿနာကို ဖြေရှင်းနေရသဖြင့် ရာထူးတက်ရန် နှောင့်နှေးခြင်း၊ နိုင်ငံခြား ပညာသင် သွားရန် အချိန် ဖင့်နွှဲခြင်းတို့ကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ရပါသည်။ ကုမ္ပဏီ တစ်ခုသည် စီးပွားရေး ကျဆင်းခြင်းနှင့် ကြုံတွေ့ရ သောကြောင့် ဝန်ထမ်း အချို့ကို မလွဲမရှောင်သာဘဲ အလုပ်မှ ရပ်စဲရန် စီစဉ်ရသည် ဆိုပါစို့။ ထိုသို့သော အခြေအနေမျိုးတွင် အလုပ်မှ ရပ်စဲခံရသည့် ဝန်ထမ်းများ အပါအဝင် ၎င်းတို့အား မှီခိုသူများ၊ ဆက်နွှယ်သူများတို့သည် စိတ်သောက ရောက်ကြရပါသည်။ လုပ်ငန်း အဖွဲ့အစည်း တစ်ခုလုံးတွင် အလုပ်မှ ရပ်စဲမည့် ဝန်ထမ်း (၃၀) ဦးအနက်၊ မိမိ၏ ဌာနမှ ဝန်ထမ်း ၁၀ ဦး ပါသည်ဟု သတင်းဆိုး ကြားလိုက်ရသည့်အခါ ဌာနခွဲ မန်နေဂျာ အနေဖြင့် မိမိ တိုက်ရိုက် ကိုင်တွယ် အုပ်ချုပ်ရသော ဝန်ထမ်းများ သို့မဟုတ် လက်ပွန်းတတီး ရင်းနှီးချစ်ခင်သော သူတို့နှင့် ခွဲခွာရမည့် အခြေအနေကြောင့် စိတ်မချမ်းမြေ့ဖွယ် ခံစားရပါသည်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော လောကီ လူ့ဘောင်တွင် စီးပွားချမ်းသာ ပြည့်စုံ ကြွယ်ဝနိုင်သော တရားတော်ဖြစ်သည့် လူတိုင်း လိုက်နာဆောင်ရွက်ရမည့် အရည်အချင်းကောင်းများ “သမ္ပဒါ” တရားလေးမျိုး အနက် “ကလျာဏ မိတ္တသမ္ပဒါ” ဟူသော မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ကောင်းသော အတုယူခြင်းဟူသော သမ္ပဒါတရား တစ်မျိုးလည်း ပါဝင်ပါသည်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့နှင့် ပြည့်စုံသော မိတ်ဆွေကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံရသောအခါ ၎င်းတို့အား အတုယူခြင်းဖြင့် မိမိလည်း အသိအလိမ္မာ တိုးပွားလာပြီး စီးပွားချမ်းသာ တိုးတက်လာမည် ဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်းကောင်းများနှင့် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိ၏ အကျိုးစီးပွား တိုးတက်ရန် များစွာ အထောက်အကူ ဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ကြရသကဲ့သို့ တစ်ခါတစ်ရံ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေခြင်းကြောင့်လည်း တစ်နည်းတစ်ဖုံ စိတ်ဖိစီးမှု ကြုံတွေ့ရပြန် ပါသေးသည်။ လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်ရင်းနှီးမှုကြောင့် သံယောဇဉ်ရှိသောအခါ ၎င်းအား သနားငဲ့ညှာမှု၊ စာနာထောက်ထားမှု ဖြစ်ပေါ်လာကာ လိုအပ်သော အကူအညီ အထောက်အပံ့များ အနစ်နာခံ၍ ပေးတတ်ကြပါသည်။ လေ့လာချက် တစ်ခုတွင် အများပြည်သူများ အတွက် ရေပေးဝေရေး၊ လျှပ်စစ် ဖြန့်ဖြူးပေးရေး စသော Public Utility လုပ်ငန်းများကို တာဝန်ယူ ကိုင်တွယ်ရသည့် စီမံခန့်ခွဲသူများ သို့မဟုတ် မန်နေဂျာများသည် ပြည်သူများ၏ လိုအပ်ချက်ကို အရေးပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနေရသည် ဖြစ်ရာ ပြည်သူများ ကျေနပ်နှစ်သက်မှု မရရှိသောအခါ ၎င်းတို့ အနေဖြင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုဒဏ် အမြင့်မားဆုံး ခံစားရကြောင်း ဖော်ပြထားပါသည်။

လူမှု ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အောက်ပါ နည်းလမ်းများအတိုင်း စိတ်ဖိစီးမှု လျော့ကျစေမှုများကို ပံ့ပိုးပေးလျက် ရှိကြပါသည်။

(က) စိတ်ဆင်းရဲစရာ ကိစ္စရပ်များကို မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို ကိုယ်ကျိုးမဖက်၊ မျှော်လင့်ချက်မထားဘဲ လက်တွေ့ အသုံးဝင်မည့် နည်းလမ်းများကို အကြံဉာဏ်ပေးခြင်း
(ခ) ကြောက်ရွံ့ စိုးရိမ်မှုများ ရှိလာပါက သေချာစွာ စိစစ်သုံးသပ်ရန်နှင့် စိတ်ခံစားမှု မရရှိရေးအတွက် ထိန်းသိမ်းနိုင်စေရန် အားပေးခြင်း
(ဂ) စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အဖြစ်အပျက်များကြောင့် ဆိုးရွားသော ခံစားမှု သို့မဟုတ် အနုတ်လက္ခဏာ ဆောင်သော ခံစားမှုတို့ကို မည်သို့ လျှော့ချမည်ကို ကူညီ ဆောင်ရွက်ပေးခြင်း  စသည်တို့ ဖြစ်ပါသည်။

နိဂုံးချုပ် အနေဖြင့် အပေါင်းအသင်း မိတ်ဆွေနှင့် ပတ်သက်၍ “A problem shared is a problem halved” ဟူသော အင်္ဂလိပ် စကားပုံ တစ်ခု ရှိပါသည်။ ယင်းစကားပုံ၏ အဓိပ္ပာယ်မှာ “ကြုံတွေ့ ခံစားရသော ပြဿနာများကို သူငယ်ချင်းများအား ရင်ဖွင့်ပြောပြခြင်း၊ မျှဝေ ခံစားစေခြင်း တို့ဖြင့် မိမိ၏ ပြဿနာများ သို့မဟုတ် စိတ်ခံစားရမှု ဝေဒနာများ တစ်ဝက် သက်သာစေပါသည်” ဟု ဖြစ်ပါသည်။ သို့ဖြစ်၍ လုပ်ငန်း အဖွဲ့အစည်းအတွင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အပေါင်းအသင်းကောင်းများနှင့် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံ နေထိုင် သွားပါက အခက်အခဲ ပြဿနာ ကြုံတွေ့စေကာမူ စိတ်ဖိစီးမှု သက်သာစေနိုင်မည် ဖြစ်ပါသည်။
Ref : http://news.yatanarpon.com.mm/cp/hrjournal/article-10827

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons