ဈေးဝယ်ခြင်း အနုပညာ

မ္ဘာကြီးမှာ လူဦးရေတွေ ပွားချင်တိုင်း ပွားလာတဲ့ အပြင် တောနဲ့မြို့ တပြန့်တပြောတည်း ဆက်စပ် ကျယ်ပြန့်မှုဟာလည်း ပမာဏ ကြီးလာပါတယ်။



ဒါကို gigantic Conurbations ခေါ်ကြတယ်။ သည်တော့ ဈေးဝယ်သူတွေကလည်း ဖွဲ့တည်မှု နီးကပ်လာခြင်းနဲ့ အတူ လိုအင်ဆန္ဒတွေ တစ်ပြေးညီ ဖြစ်လာတယ်လို့ ကောက်ချက်ဆွဲမယ် ဆိုရင်လည်း ဖြစ်ပါရဲ့။ တောနယ်က ဒါကြိုက်တယ်၊ ဒါကိုဝယ်တယ်။ မြို့ပြက ဒါကို ဝယ်တယ်၊ ဒါကိုကြိုက်တယ် ဆိုတာ အကွာအဟ ကျဉ်းသွားပြီးလို့ ဆိုလိုတာပါ။ တိုကျိုဆိုရင် လူဦးရေသန်း ၃၀ လောက်၊ မက္ကဆီကိုဆိုရင် သန်း ၂၀ လောက် ရှိနေပါပြီ။ ပါရီ၊လန်ဒန်၊ ရောမမြို့ကြီး တွေလိုပဲ လာဂို့စ်၊ ဗျနောအေးရိစ်၊ ဂျာကာတာလို မြို့တွေဟာလည်း ဖြတ်တက်သွားဖို့ တာစူနေပါပြီ။ “လူတွေ များလာသဗျာ၊ လူတွေရဲ့ နေထိုင်မှုပုံစံက နီးကပ်လာသဗျာ၊ ခေတ်သစ်မီဒီယာတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ချက်ချင်းမြင်၊ ချက်ချင်းသိ၊ ချက်ချင်းကြား၊ ချက်ချင်း ဆုံးဖြတ်နိုင်သဗျာ၊ သည်တော့ လူမှုယဉ်ကျေးမှု ပတ်ဝန်းကျင် ကွာဟမှု နည်းသွားသဗျာ။ ဒါကြောင့် ဈေးဝယ်သူတွေ များလာတယ်လို့ ဆိုတယ်” “မင်းကသာ များနေ၊ ငါ့ဆိုင်ဈေးဦးမပေါက်တာ လေးရက်ရှိပေါ့” “နိုင်ငံတကာ မားကက်ကို ပြောနေတာဗျ၊ ကမ္ဘာ့ဈေးဝယ်သူတွေကို လေ့လာတဲ့အခါ ခေတ်ပေါ် ပစ္စည်းတွေပိုပြီး အဝယ်များလာသတဲ့” “ငါ့ဆိုင်တော့ ထန်းလျက်ခဲ ဝယ်ကြတာ များတာပဲ” “ဝယ်သူတွေဘက်က များများ သုံးခွင့်ရသဗျာ၊ နားလည်ရ လွယ်လာကြသဗျာ၊ accessible   ဖြစ်လာကြတယ် ဆိုပါတော့။ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ၊ သယ်ရယူရတာ လွယ်တဲ့ ပစ္စည်းတွေကို ဝယ်ကြတာများသတဲ့” “ဒါကြောင့် ထန်းပင်မြစ်စည်းတွေ ဝယ်ကြတာနေမှာ” လူဦးရေ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုဟာ လူမှုအပြောင်းအလဲတွေ ဖြစ်စေတဲ့ အကြောင်းရင်းလို့ ဆိုနိုင်ပါတယ်။ လူဦးရေ ကြီးထွားလာပေမဲ့ ကြီးထွားမှု ပုံစံတွေကတော့ ကျိုးကြောင်း ညီညွှတ်မှု ထပ်တူကျတယ်လို့ မဆိုသာပါဘူး။ လာမယ့် ရာစုဝက်မှာ အာဖရိကလူဦးရေဟာ သုံးဆ တိုးလာပါလိမ့်မယ်။၁၉၉၅ ခုနှစ် လူဦးရေသန်း ၇၀၀ ရှိခဲ့တယ် ဆိုရင် ၂၀၅၀ ခုနှစ်မှာ ၂ ဘီလျံရှိမယ့် သဘောပါ။ တရုတ်ဆိုရင် ၁ ဒသမ ၂ ဘီလျံလောက် တက်လာနိုင်ပြီး အိန္ဒိယ နိုင်ငံကလည်း နှစ်ငါးဆယ် အတွင်း ၁ ဒသမ ၅၃ ဘီလျံ ရှိဖို့များပါတယ်။ ဥရောပ နိုင်ငံတွေမှာတော့ လူဦးရေ တိုးနှုန်း ကျနိုင်သတဲ့။ “အေးလို့နေမှာကွ” “နိုင်ငံနဲ့ မြို့ပြတွေမှာ စီးပွားရေး အခြေအနေနဲ့စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်မတူကြတာတွေတော့ ရှိသဗျ။ ပွားရေးဖွံ့ဖြိုးမှုအဆင့်မတူကြတာတွေတော့ရှိသဗျ။ GNP မတူတာတွေလည်းရှိတယ်။ ဈေးကွက်ထဲမှာရှိနှင့်ပြီးသား စီးပွားရေး လုပ်ငန်းတွေနဲ့ နောက်ထပ် နောက်ထပ် အသစ်အသစ် ထူထောင် လာကြတဲ့ ကုမ္ပဏီတွေရဲ့ စီးပွားရေးအရ အားပြိုင်မှု၊ ဈေးကွက်ဝေစုအရ အားပြိုင်မှု ဆိုတာတွေက ကြီးထွားလာဖို့ပဲ ရှိတာကိုးဗျ။ စီးပွားရေးကောင်းတဲ့ နိုင်ငံတွေမှာ အကြောင်း မဟုတ်ပေမဲ့ စီးပွားရေးမကောင်းတဲ့ နိုင်ငံတွေမှာ ဝယ်ယူသူ အရေအတွက်ရော ဝယ်ယူတဲ့ ငွေတန်ဖိုး ပမာဏပါ များများ မမျှော်လင့်နိုင်ဘူးပေါ့ဗျာ” “ငါ့ဆိုင်တော့ ညဘက်ဈေးဆိုင်သိမ်းလို့ စာရင်းချုပ်ရင် ခြောက်ကျပ်တစ်မတ်လောက် ကျန်တာကွ။ ပိုက်ဆံသေတ္တာကို ကြုံတဲ့ကောင်က နှိုက်ကြတာကိုး” နိုင်ငံရေး ပူညံပူညံဖြစ်မှုတွေ political squabbles)၊ ဗျူရိုကရေစီ နှောင့်နှေးမှုတွေ (bureaucratic delays)၊ အခြေခံ ကျောထောက်နောက်ခံ ခေါင်းခဲစရာတွေ (infrastructure headaches)၊ သိက္ခာမဲ့ စီးပွားရေး အလေ့အကျင့်တွေ (unprofessional business practices) တွေ ရှိနေသရွေ့ ဈေးဝယ်သူတွေမှာ စိတ်မချမ်းသာမှုတွေ ကြုံရတာလည်း ရှိတတ်ပါတယ်။

 တစ်ခါတစ်ခါတော့ လူမျိုးအလိုက် စရိုက် သဘာဝတွေကို သိမှဝယ်ရခြမ်းရတာ အဆင်ပြေတာလည်း ရှိရဲ့။ Social etiquette, business etiquette ခေါ်တဲ့ လူမှုကျင့်ဝတ်တွေပေါ့။ “ကိုပါတောရဲ့ ပြင်သစ်နိုင်ငံရောက်လို့ ဈေးဝယ်ချင်ရင် ပြင်သစ်စကားပြောနိုင်မှ အဆင်ပြေတယ်။ မပြောတတ်ရင် ခွင့်လွှတ်ဖို့အရင် တောင်းပန်ရသဗျ။ ပြင်သစ်တွေက သူတို့ဘာသာစကားကို ဂုဏ်ယူတတ်တဲ့ လူမျိုးကိုး။ ဆိုးတာက လူတိုင်း ပြင်သစ်စကားတတ်တယ်လို့ချည်း ထင်တတ်ကြတာဗျ” “မ၀ယ်ရလို့ နေနေကွာ။ ငါတို့မြန်မာတွေလည်း တကောင်းအဘိရာဇာသာကီဝင်မျိုးတွေပဲကွ။ သည်လိုလူပါးဝလို့ ဘာရလိမ့်မလဲ” “ဂျာမန်တွေကျတော့ သူတို့ဂုဏ်ပုဒ်တွေနဲ့ ပတ်သက်လို့ အင်မတန် တန်ဖိုးထားတတ်သဗျ။ အထူးသဖြင့် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်ရင် သူ့ဂုဏ်ပုဒ်တွေ ရှည်ရှည်လျားလျား ပြောမှကြိုက်တယ်။ အစနဲ့အဆုံးမှာ လက်ဆွဲနှုတ်ဆက်မှ အဆင်ပြေတယ်” “ဈေးမဝယ်ခင် နှုတ်ဆက်ရမှတော့ မကြိုက်လည်း ဝယ်ရတော့မှာပေါ့ဟ” “ကိုရီးယားတွေဆီမှာ ဈေးဝယ်ရင် ခင်ဗျားတို့ ယဉ်ကျေးမှုက ဂျပန်ယဉ်ကျေးမှုနဲ့တူတယ်နော်လို့ အာမချောင်မိစေနဲ့။ ကိုရီးယားတွေက အဲ့သလို ပြောတာကို မကြိုက်ဘူး” “ကိုရီးယား ဇာတ်လမ်းတွဲနဲ့ လူဖြစ်လာတာပါကွာ။ အဲသလောက်တော့ သိပါတယ်” ဈေးဝယ်တယ်ဆိုတာ အသိစိတ်အားဖြင့် ဒါမှမဟုတ် ဝတ္တရားအားဖြင့် ဝယ်ရတယ်လို့ ပညာရပ်က ဆိုပါတယ်။ ဈေးဝယ်သူရဲ့ ရည်စူးချက်ဟာ ရေတိုသဘော ဆောင်ပေမဲ့ ကြီးစွာသော ဗျူဟာသဘော ဆောင်တယ်လို့တောင် ဆိုကြတယ်။ ဝယ်ယူခြင်းမှာ အနည်းဆုံးဈေးနဲ့ အကောင်းဆုံးကို လိုချင်တဲ့ စိတ်လည်း ရှိသတဲ့။ ပိုက်ဆံတစ်မူးနဲ့ ငါးကြင်းခေါင်းကိုင်တယ်ပဲဆိုဆို နည်းနည်းပေးပြီး အရည်အသွေးကောင်းလည်း လိုချင်တယ်၊ ရနိုင်သုံးနိုင်ခွင့်လည်း လိုချင်တယ်လို့ ဆိုလိုတာပါ။ တန်ဖိုးကောင်းကို ချိန်ခွင်လျှာတစ်ဖက်စောင်းနင်းသာသာထိုးထိုး လိုချင်ကြတယ်လို့လည်း ဆိုတယ်ခင်ဗျ။ ဈေးဝယ်သူတွေဟာ လိုချင်တဲ့ ပစ္စည်းကို ချောင်းနေတာ မဟုတ်ဘဲ အရည်အသွေးနဲ့ ဈေးနှုန်းကို ချောင်းနေတာလို့လည်း ဆိုတယ်။ “ဈေးဝယ်သူတွေကို ကြည့်ရင် ပထမတော့ လိုချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ကြည့်သဗျ။ တွေ့ပြီဆိုရင်တော့ အရည်အသွေး ကောင်းရဲ့လား၊ ဈေးနှုန်း ခံသာရဲ့လား၊ အဝယ်ကောင်းဖြစ်ဖို့ သေချာရဲ့လား ကြည့်တော့တာပဲတဲ့။ အဲသည့်အချိန်မှာ ဝယ်လိုရင်း ပစ္စည်းကိုတောင် မေ့နေတတ်သတဲ့” “ငါကတော့ ဘယ်တော့မှ ဈေးနှုန်းနဲ့ အရည်အသွေးကို မကြည့်ဘူး။ ရောင်းတဲ့ ကောင်မလေးပဲ ကြည့်တယ်”

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons