စိတ်နဲ့ချုပ်တဲ့ စာချုပ်

(၁)
စာရေးသူရဲ့ မိတ်ဆွေကုမ္ပဏီ MD တစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ရင်း သူက သူ့ကုမ္ပဏီက ဝန်ထမ်းတွေ အလုပ်ကောင်းကောင်း မလုပ်တဲ့အကြောင်း၊ သူ့ဘက်က အပြည့်အဝ ပံ့ပိုးမှုတွေ ပြုလုပ်ထားပေးပေမဲ့ ကုမ္ပဏီ အပေါ်ကိုတော့ သိသိသာသာ ဘာ Performance Result တုံ့ပြန်မှုမှ မရှိကြကြောင်း၊ ကုမ္ပဏီရဲ့ Management  ပိုင်းလူကြီးတွေက အချိန်ပြည့် အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်နေကြပေမဲ့ ဝန်ထမ်းတွေက အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိကြကြောင်း ညည်းပြပါတယ်။ တကယ်တော့ အဖွဲ့အစည်း (Organization) ဆိုတာ အပေါ်ဘက် Management ပိုင်းကပဲ သိပ်ထက်မြက် ထူးချွန်နေပြီး အောက်ခြေက ဝန်ထမ်းတွေက Management ရဲ့ ဦးဆောင်မှုနောက်ကို မီအောင်မလိုက်နိုင်လို့ ဘယ်လိုမှမဖြစ်ပါဘူး။ အထူးသဖြင့် ဝန်ထမ်းတွေ အနေနဲ့ အလုပ်ခွင်မှာ မပျော်ပိုက်ဘဲ အလုပ်အပေါ် စိတ်ဝင်စားမှု မရှိကြလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ ယေဘုယျအားဖြင့် ဝန်ထမ်းတွေ အနေနဲ့  စွမ်းဆောင်ရည် ကျဆင်းပြီး အလုပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းရတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က အစဉ်အလာ ဘွန်းစာချုပ်များအရ (ဥပမာ-တစ်နှစ်၊ နှစ်နှစ် စသည်) လုပ်ငန်းအပေါ် စိတ်ဝင်စားမှု မရှိတော့သော်လည်း အလုပ်မှ နှုတ်ထွက်ပါက လျော်ကြေးပေးရမည်က စိုးရွံ့၍ စိတ်မပါတော့သော်လည်း ကြိတ်မှိတ် လုပ်ကိုင်နေကြရခြင်း၊ ဒုတိယ အချက်ကတော့ ကုမ္ပဏီအပေါ် တစ်စုံတစ်ရာ (ဥပမာ - လစာ၊ Facilities) စသည် မကျေနပ်ကြ၍ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာ နှစ်ရပ်စလုံး ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်း (Root Cause) ကတော့ ဝန်ထမ်းများနဲ့ ကုမ္ပဏီအကြား နားလည်မှု လွဲမှားခြင်းနဲ့ အပြန်အလှန် ယုံကြည်(Mutual Trust) မရှိကြခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(၂)
အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန် အဖြေက တစ်ခုသာ ရှိပါသည်။ ယင်းမှာ သက်ဆိုင်ရာ အလုပ်ရှင် (Employer)နှင့် အလုပ်သမား (Employee) တို့အကြား စိတ်နှင့်ချုပ်တဲ့ စာချုပ် (Psychological Contract) ချုပ်ဆို ထားကြဖို့ပင်။ တကယ်တော့ Psychological Contract ဆိုတာ ပုံမှန် အလုပ်ဝင်ရင် ချုပ်ဆိုနေကျ အလုပ်ခန့်အပ်မှု စာချုပ် (Employment Contract)နဲ့ မတူညီပါဘူး။  Psychological Contract  နဲ့ ပတ်သက်ပြီး ၁၉၉၆ ခုနှစ်မှာ HR ဂုရုကြီး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဂတ်စ် (David Guest) က ခုလို ရေးသားခဲ့ပါတယ်။ Psychological Contract concerned with assumptions, expectations, promises and mutual obligations. Good people management practices are associated with a ' positive psychological contract based on trust, fairness and delivery of the deal ”

“စိတ်နှင့်ချုပ်တဲ့ စာချုပ်ဆိုတာ ထင်မြင်ယူဆချက်၊ မျှော်မှန်းချက်၊ ကတိကဝတ်နဲ့ အပြန်အလှန် တာဝန်ရှိမှုတွေနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ကောင်းမွန်တဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေဟာလည်း ယုံကြည်မှု၊ တရားမျှတမှုနဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးမှုတို့ ပေါ်မှာ အခြေခံတဲ့ စိတ်နှင့်ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်”

(David Guest, 1996)
တကယ်တော့ Psychological Contract ဆိုတာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း သံယောဇဉ်တွေလိုပါပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ စာနဲ့ချရေးမထား၊ လက်မှတ်မထိုးထားတဲ့ နားလည်မှု၊ အပြန်အလှန် တာဝန်ယူမှု၊ ယုံကြည်မှု၊ သံယောဇဉ် တရားတွေနဲ့ တည်ဆောက်ထားရတာပါ။ အစဉ်အလာ တရားဝင်စာချုပ် (Formal Contract)တွေလောက် တိတိကျကျ ရေရေရာရာ မရှိတဲ့အတွက် Psychological Contract အပေါ် ဝေဖန်မှုတွေရှိပေမဲ့ ယနေ့မှာ Psychological Contract & JU Good People Management Practices တွေအပေါ် သက်ရောက်မှုကို ကျွန်တောတို့ ထင်ထင်ရှားရှား တွေ့မြင်နေရပါပြီ။
(၃)
Psychological Contract Concept ကို Management လောကကို စတင်မိတ်ဆက်ပေးခဲ့တဲ့ HR ဂုရုကြီး David Guest ကပဲ ကုမ္ပဏီတွေ အတွက် “Positive" Psychological Contract တွေ ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ကြရမယ့် အချက်တွေကို ခုလို အကြံပြုခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) ဝန်ထမ်းများအတွက် သင်ယူမှု (learning)၊ သင်တန်း (Training) နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development) တို့အတွက် အခွင့်အလမ်းများ ဖန်တီးထားပေးခြင်း။
(၂) အလုပ်အာမခံချက် (Job Security)၊ Promotion နှင့် အသက်မွေးမှု (Careers)တို့အတွက် ဂရုစိုက်လုပ်ဆောင်ပေးခြင်း။
(၃) အဆင့်အတန်းကွာခြားမှု (Status differentials) များကို တတ်နိုင်သလောက် လျှော့ချခြင်း။
(၄) တရားမျှတသည့် ဆုပေးစနစ် (Fair Reward Systems) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။
(၅) ဝန်ထမ်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိနေပြီး တတ်နိုင်သမျှ ဆုံးဖြတ်ချက်ချမှု (Decision Making Process)များတွင် လက်အောက် ဝန်ထမ်းများကို ပါဝင်ခွင့်ပေးခြင်း။
(၄)
ကုမ္ပဏီများ အနေနဲ့  Guest အကြံပြုခဲ့တဲ့ အထက်ဖော်ပြပါ Practices များကို သက်ဆိုင်ရာ နည်းဗျူဟာ (Tactics)များမှာ ခုလို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ “Psychological Contract တည်ဆောက်ရေး အတွက် နည်းဗျူဟာများ”
(၁) အလုပ်ခေါ် အင်တာဗျူး (Recruitment Interviews)များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်ရာထူး၏ ကောင်းသည့် အချက်များ သာမက မကောင်းသည့် အချက်များကိုပါ ဖော်ပြ၍  ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းပါ။
(၂) အလုပ်နှင့် ကနဦး မိတ်ဆက်ပေးသည့် Induction Programmes များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်သမား သစ်များကို ကုမ္ပဏီ၏  Vision, Mission, Core values များကို ရှင်းရှင်းလင်းလင်း ပြောကြ၍ ၎င်းတို့ထံမှ ကုမ္ပဏီ၏ မျှော်လင့်ချက်များကို ပွင့်ပွင့်လင်းလင်း ကြိုတင် ထုတ်ဖော် ပြောကြားထားပါ။
(၃) ဝန်ထမ်းလက်စွဲစာအုပ် (Employee handbooks) ထုတ်ဝေ၍ ဝန်ထမ်းများထံ ဖြန့်ဝေထားပါ။ လိုအပ်လျှင် မကြာခဏ Update  ပြန်လုပ်ပါ။
(၄) ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Performance)ကို စောင့်ကြည့်အကဲဖြတ် စီမံခန့်ခွဲပေးသည့် Performance Management System ကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။
(၅) တစ်ဦးချင်းစီ၏ သင်ယူမှု (Self Learning)၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု (Personal Development)တို့အတွက် ကုမ္ပဏီအနေဖြင့် စနစ်တကျ ဂရုပြုဆောင်ရွက်ပေးပါ။
(၆) သက်ဆိုင်ရာ Middle Level အလယ်အလတ် Line Managers များအနေဖြင့်လည်း ကုမ္ပဏီ၏ Vision, mission, core values များကို ယုံကြည်နားလည် သဘောပေါက်ပြီး HR Practices  များကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ရေး အတွက် စိတ်အားထက်သန် တက်ကြွနေအောင် ဆောင်ရွက်ထားပါ။
(၇) ကုမ္ပဏီအနေဖြင့် တတ်အားသမျှ ပွင့်လင်းမြင်သာမှု (transparency) ရှိအောင် ဆောင်ရွက်ပေးထားပြီး ကုမ္ပဏီအတွင်း ဖြစ်ပျက်နေသည့် ကိစ္စ (What is happening)များနှင့် ၎င်းကိစ္စများ ဘာကြောင့်ဖြစ်ရသလဲ (Why it is happening)များကို ဝန်ထမ်းများ သိရှိနိုင်အောင် ဆောင်ရွက်ပေးပါ။
(၈) Manager များ၊ Team Leader များနှင့် လက်အောက်ဝန်ထမ်း Staff များအကြား မပြတ်ထိတွေ့ ဆက်ဆံနေပါ။
(၉) ဝန်ထမ်းများ၏ မကျေနပ်ချက် (Grievance)များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေးပြီးသာ တူညီမှု အခွင့်အရေး (Equal Opportunities) ဖြစ်အောင် ဆောင်ရွက်ပေးပါ။
(၁၀) ကုမ္ပဏီ၏ ဆုချီးမြှင့်သည့်စနစ် (Reward System) ကို ညီမျှမှု (Equity)၊ တရားမျှတမှု (fairness)၊ တစ်သမတ်တည်းဖြစ်မှု (Consistency) တို့ပေါ် အခြေခံ၍ ဆောင်ရွက်ပါ။
(၁၁) သက်ဆိုင်ရာ ၀န်ထမ်းများနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်ရာတွင် အလုပ်သမား (Employee)နှင့် အလုပ်ရှင် (Employer) တို့အကြား အပြန်အလှန် ယုံကြည်မှု (Mutual Trust)ကို အခြေခံ၍ ဆောင်ရွက်ပါ။

                                                                                      
Ref: Human Resource Manage at Work (4th Edition)
By: Mick Marchington and Adrian Wilkinson ISBN 978-1-84398-200-5
ရေးသားသူ - လင်းသိုက်ညွှန့်(မြန်မာ့မြေ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons