ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အဆိုးမြင်ဝါဒီတို့ အကြောင်း

လုပ်စရာအလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဟာ ပထမဦးစားဖြစ်တဲ့ အချိန်မှာ ခင်ဗျားဟာ အသေးစိတ် လေ့လာဆန်းစစ်ဖို့ အလုပ်ကို ခပ်ဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဖွယ် ရှိပါတယ်။  ကုန်ကုန်ပြောရရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ စပ်လျဉ်းတဲ့ သံသယ တစ်ခုတလေမျှကို အကြောင်းပြုပြီးတော့တောင် အရေးယူ ဆောင်ရွက်ဖို့ ငြင်းပယ်ကောင်း ငြင်းပယ် နိုင်ပါတယ်။

လုပ်စရာရှိတဲ့ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ခြင်း (get it right) ဟာ လူသားတို့ရဲ့ အမူအကျင့်အပေါ် သြဇာ လွှမ်းမိုးတတ်တဲ့ နောက်ထပ် အလုပ်ပဓာနပြု အာရုံကျမှု (task-focused intent) တစ်ခု ဖြစ်ပါတယ်။ (ပထမတစ်ခုဖြစ်တဲ့ အလုပ် ပြီးမြောက်ရေး ကိုသာ ပဓာနပြု အာရုံကျမှု (get it done) အကြောင်းကို ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့ပြီးပါပြီ။) ခင်ဗျားဟာ အမှားကျူးလွန်မိမှာ စိုးလို့ဆိုပြီး သေချာပေါက် ဖြစ်နိုင်ချေရှိတဲ့ အချိန်မှာ အဲဒီ အလုပ်ကိစ္စနဲ့ စပ်လျဉ်းပြီး အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ရတာကြောင့် အလုပ်ကို တဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဆောင်ရွက်လာနိုင်ပါတယ်။ ခင်ဗျားဟာ ရလဒ် အနေနဲ့ ဘာ ထွက်ပေါ်လာမယ် ဆိုတာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို မယုံကြည်တာကြောင့် လုပ်ဆောင်ချက် မှန်သမျှကို ရှောင်ရှားဖို့အထိ အားထုတ်ကောင်း အားထုတ်လာနိုင်ပါတယ်။ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဆီ အာရုံကျချိန်မှာ ကဖျက်ယဖျက် လုပ်မှု သို့မဟုတ် ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ သူ့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို ဖရိုဖရဲနဲ့ အလေးဂရုပြုစရာ မလိုတော့သယောင် ထင်မှတ်လာပါတယ်။ အလုပ် မှန်ကန်ရေးအပေါ် အလွန်အကျွံ အာရုံစိုက်လာတဲ့ အခါမှာတော့ ရလဒ်က အဆိုးမြင် ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီ ဦးတည် ဖြစ်ပေါ်လာပါတယ်။ ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အပျက်မြင်သမားတို့ အားလုံးဟာ ဆိုခဲ့ပါ အမူအကျင့်အတွက် နမူနာ စံပြ လူသားတွေပါပဲ။

(၁) ခိုလိုလူ
ကျွန်တော်တို့ရဲ့ မပြီးပြည့်စုံလှတဲ့ လောကကြီးမှာ ခိုလိုလူက သူ့အဖို့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ကင်းမဲ့နေတယ်လို့ ယုံကြည်ထားပါတယ်။ မှားယွင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ မရေရာ မသေချာမှုတွေ အားလုံးက သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေ စေပါတယ်။ ခိုလိုလူတွေဟာ အဖြေရှာမှု အားလုံးကို စွန့်ပစ်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက် မြင့်မားလာတာနဲ့ အမျှ သူတို့ဟာ ဝါးလုံးချေးသုတ်ရမ်းဖို့ လိုအပ်တဲ့ သက်သေ အထောက်အထား အဖြစ် အသုံးပြုနိုင်တဲ့ ပြဿနာ မှန်သမျှအပေါ် အာရုံစိုက်ကြပါတယ်။ သူတို့က “ဘယ်ဟာမှ မမှန်ဘူး၊ အားလုံး အမှားတွေချည်းပဲ” လို့ စတင် ညည်းညူကြပါတယ်။ ဒါ့ကြောင့် အဲဒီလို ညည်းညူခြင်းက တခြားလူတွေကို စိတ်ပျက်ဖွယ် ဖြစ်စေပြီး နောက်ထပ် ညည်းညူစရာတွေ ဖြစ်ပေါ်စေမယ့် ယိုယွင်း ပျက်စီးတဲ့ အခြေအနေတွေကို ပေါ်ပေါက်လာစေပါတယ်။

(၂) မြုံစိစိပုဂ္ဂိုလ်
ခိုလိုလူနဲ့ မတူတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ အမှားအယွင်းတွေ ဖြစ်ပေါ်စေမယ့် အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခါမှာ ချက်ချင်းလက်ငင်း အကူအညီ မဲ့သွားသလို မခံစားရပါဘူး။ သို့ပေမဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ တဖြည်းဖြည်းချင်း မျှော်လင့်ချက် ကင်းမဲ့လာသူ ဖြစ်ပါတယ်။ မှားသွားတဲ့ ကိစ္စဟာ ဘယ်တော့မှ ပြန်ပြီး မှန်လာမှာ မဟုတ်ဘူးလို့ ခံယူထားတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ သူတို့ ဘယ်လို ခံစားရတယ် ဆိုတာကို တခြားသူတွေ သိသွားမှာနဲ့ စပ်လျဉ်းပြီး ရှက်ကြောက်မှုတော့ မရှိပါဘူး။ “အဲဒါကို မေ့လိုက်စမ်းပါ။ ငါတို့ ဒါကို ကြိုးစားခဲ့တာပဲ။ အဲဒါဟာ အလုပ် မဖြစ်ခဲ့သလို အခုလည်း ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်စုံတစ်ဦးက တစ်မျိုး ကွဲပြားစွာ ပြောခဲ့မယ်ဆိုရင် ခင်ဗျားဟာ မိမိ ကိုယ်ကို့ယ် လှည့်စားတာနဲ့ အတူတူ ဖြစ်မှာပဲ။ ဆုံးရှုံးမယ့် ကိစ္စ တစ်ခုအတွက် မိမိရဲ့ ခွန်အား စိုက်ထုတ်မှုတွေကို ဖြုန်းတီးမနေပါနဲ့။ အရှုံးပေးလိုက်စမ်းပါ” ဆိုတဲ့ စကားမျိုးတွေ ပြောတတ်ပါတယ်။ အဲဒီလို အမူအကျင့်ဆိုင်ရာ တွင်းနက်ကြီးက တခြားလူတွေကို မြုံစိစိ ပုဂ္ဂိုလ်ရဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ ချိုင့်ခွက်ကြီးထဲ ရောက်ရှိသွားအောင် စုပ်ယူလေ့ ရှိပါတယ်။

(၃) အဆိုးမြင်သမား
ဖြစ်ရပ်တွေဟာ ပြီးပြည့်စုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို မမီတဲ့အခါ တချို့လူတွေဟာ စိတ်ပျက်လက်ပျက်နဲ့ အလုံးစုံ နောက်ဆုတ် သွားတတ်ကြပါတယ်။ မှန်ကန်စွာ လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း အတွက် နောက်ဆုံး အနေနဲ့ ဟစ်ကြွေးမှု ရှိနိုင်ပါတယ်။ အဲဒါကတော့ “ကောင်းပြီ၊ ခင်ဗျားနည်း ခင်ဗျားဟန်နဲ့သာ လုပ်ပေတော့။ တကယ်လို့ အဲဒါ အလုပ်မဖြစ်ဘူး ဆိုရင် ကျွန်တော့်ဆီကို ငိုကြွေးပြီး ရောက်မလာပါနဲ့” လို့ ပြောဆိုတတ်ပြီး ဘာမျှ မလုပ်ဘဲ နေလေ့ ရှိပါတယ်။ ဒီနေရာမှာ သိရှိထားရမယ့် သော့ချက်တွေ ကတော့

(၁) အမူအကျင့်တွေဟာ တစ်ခါတစ်ရံ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ တွန်းအားကြောင့် ဖြစ်ပေါ် လာရတယ် ဆိုတာကို  နားလည် သဘောပေါက်ပါ။
ထပ်ပြောလိုတာက အဲဒါဟာ ပြုပြင်လို့ မရလောက်အောင် ဆိုးဝါးခြင်း သို့မဟုတ် မသင့်လျော်ခြင်း မဟုတ်ပါဘူး။ စင်စစ်အားဖြင့် အဲဒါဟာ အခြေအနေက လိုလား တောင်းဆိုတဲ့အတိုင်း အတိအကျ ဖြစ်နိုင်ပါတယ်။

(၂) အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ရှိမှုကို သိရှိပါ။
လူတွေဟာ အမှား မကျူးလွန်မိအောင် အသေးစိတ် အာရုံစိုက်နိုင်ဖို့ အတွက် ဖြည်းဖြည်းမှန်မှန် စိန်ပြေနပြေ လုပ်တတ်ကြပါတယ်။ ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ စပ်လျဉ်းပြီး ထည့်သွင်း စဉ်းစားတာကြောင့် ဘာမျှ မလုပ်ဘဲလည်း နေကောင်း နေနိုင်ပါတယ်။ သူတို့ဟာ မိမိအလုပ်အပေါ် အပြည့်အဝ အရေးမထားတတ်တဲ့ တခြားလူတွေရဲ့ အမှားတွေကိုတော့ တွေ့မြင်တတ်ကြပါတယ်။

(၃) အလုပ် မှန်ကန်စွာ ပြီးမြောက်ရေးကို အာရုံကျခြင်းဟာ ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီသို့ ဦးတည် သွားတတ်ကြောင်း သတိပြုပါ။
ဒါကို ခိုလိုလူရဲ့ ညည်းညူခြင်း သို့မဟုတ် မြုံစိစိပုဂ္ဂိုလ်ရဲ့ အပျက်သဘောရှုမြင်ခြင်း သို့မဟုတ် အဆိုးမြင်ဝါဒီရဲ့ အသံတိတ် နောက်ဆုတ်မှု အဖြစ် ထုတ်ဖော်ပြသနိုင်ပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ အချက်က ဘာကိုမျှ အပြုသဘော အမြင်နဲ့ သေချာပေါက် မဆောင်ရွက်တတ်ခြင်းပါပဲ။
Ref: Dealing with Difficult People by Dr.Rick Brinkman and Dr. Rick Kirschner

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons