ကျွမ်းကျင်ဝန်ထမ်း ဖြစ်လာဖို့

ဟိုးအရင် နှစ်ဆယ့်ငါးနှစ်လောက်က အစိုးရဌာန တစ်ခုမှာ အလုပ်ဝင်လုပ် ခဲ့ဖူးတယ်။ ခုနှစ်အားဖြင့် ဆိုရရင် ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီအချိန် ကာလက ကျွန်တော်ဟာ ဘွဲ့ရပြီး အသက် နှစ်ဆယ့်သုံးနှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ ဘွဲ့ရပြီးပြီဆိုတော့ အလုပ်လုပ်ရမယ်ပေါ့။ အဲဒီ အချိန်တုန်းက ဘာဈေးကွက် စီးပွားရေးမှ မရှိသေးသလို ဘယ်ကုမ္ပဏီမှလည်း ပေါ်မလာ ခဲ့သေးပါဘူး။ ဒီတော့ ဌာနဆိုင်ရာ တွေမှာပဲ တစ်ခုပြီး တစ်ခု လေဘာထပ်ပြီး အလုပ်လျှောက် ရပါတယ်။
အဲဒီလိုနဲ့ ကော်ပိုရေးရှင်း တစ်ခုမှာ အလုပ်ရခဲ့တယ်။ လစာက ရှားပါးစရိတ် မပါ တစ်ရာ့ငါးဆယ် ကျပ်ကစပြီး ရတယ်။ အဲဒီ တစ်ရာ့ငါးဆယ် ကျပ်နဲ့ စတဲ့လစာက ကျွမ်းကျင်လစာလို့ ဆိုကြတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ဦးကတော့ ဌာနတစ်ခုမှာ ကွန်ပျူတာ ကတ်ပြားဖောက် စာရေးဆိုပြီး အလုပ်ရတယ်။ သူ့ရဲ့ လစာက တစ်ရာ့သုံးဆယ် ကျပ်ကစတယ်။ အဲဒီလစာက ကျွမ်းကျင်လစာ မဟုတ်ဘူးတဲ့။ သူ့ရဲ့ အစ်မက နောက်ပြီးတော့ သူ့မောင်ကို ပြောပါတယ်။ “နင်က မကျွမ်းကျင်တော့ တစ်ရာ့သုံးဆယ် ကျပ်ကနေ စပြီးတော့ လခ ရတာပေါ့၊ နင့်သူငယ်ချင်းက ကျွမ်းကျင်တော့ တစ်ရာ့ငါးဆယ် ကျပ်ကနေ စပြီး လခရတာပေါ့” တဲ့။
အဲ့ဒီ အချိန်တုန်းက ကျွမ်းကျင်စကေး လစာကို မရဘဲ ရှားပါးတဲ့ ကွန်ပျူတာနဲ့ ထိတွေ့ခွင့်ရတဲ့ ကျွန်တော့် သူငယ်ချင်းဟာ အခုတော့ ကျွမ်းကျင်တဲ့ Computer Programmer တစ်ဦး ဖြစ်နေပါပြီ။ ဌာနဆိုင်ရာ တွေမှာလည်း ကျွမ်းကျင်လစာ စကေးနဲ့ ရိုးရိုးလစာ စကေးတို့ ခွဲခြား သတ်မှတ်ခြင်း မရှိတော့ဘူးလို့ ယူဆမိပါတယ်။
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ အာဆီယံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသ AFTA ကို အကောင်အထည် ဖော်ဆောင်တော့မယ် ဆိုတာကို သတင်းတွေမှာ ဖတ်ရ၊ ကြားသိရတယ်။ အဲဒီအချိန်မှာ လိုအပ်တဲ့ စိန်ခေါ်မှုတွေကို ယခု အချိန်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ သင့်တယ်လို့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက တညီတညွတ်တည်း သုံးသပ်ပြောဆို ကြတဲ့ အသံတွေကို ကြားသိရပါတယ်။
Trade ဆိုတဲ့ ကုန်သွယ်ရေးမှာ Goods ဆိုတဲ့ ကုန်ပစ္စည်း၊ Services ဆိုတဲ့ ဝန်ဆောင်မှု၊ Investment ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု၊ Capital ဆိုတဲ့ အရင်းအနှီးနဲ့ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သားတွေ ပါဝင်တယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သား တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ အရာရောက်ပါတယ်။ တစ်ချိန်တုန်းကတော့ ကျွမ်းကျင်တဲ့ လူသားရင်းမြစ်ရဲ့ အခန်းကဏ္ဍကို သိပ်ပြီး အလေးမထား ခဲ့ပါဘူး။ အခု အချိန်မှာတော့ လူသားရင်းမြစ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုကို အလေးထား စဉ်းစား ခဲ့ကြပါပြီ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့မြင်ကြရ ပါတယ်။
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကလည်း ဝန်ထမ်းအရည်အသွေး မြှင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပို့ချပေးနေတာကို တွေ့ရတယ်။ လက်ရှိအချိန် လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေ လိုအပ် နေသေးတယ်လို့ ဆိုကြပါတယ်။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒီပလိုမာတွေ၊ အောင်လက်မှတ်တွေ ရရှိလိုက်တာနဲ့ ကျွမ်းကျင်ဝန်ထမ်း ဖြစ်မလာနိုင်ပါဘူး။ လုပ်ငန်းခွင် အတွေ့အကြုံလည်း အထိုက်အလျောက်တော့ လိုအပ်ပါသေးတယ်။ အလုပ်ခန့်အပ်မယ့် သူတွေကလည်း လုပ်ငန်းခွင် အတွေ့အကြုံ မရှိရင် အလုပ်မခန့်ချင် ကြပါဘူး။ အလုပ်အကိုင် ရှာဖွေနေကြတဲ့ လူငယ်တချို့ အနေနဲ့လည်း အလုပ်လုပ်ချင်ပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးတဲ့ အတွက် အလုပ်အကိုင် ရှာဖွေတဲ့ နေရာမှာ အခက်အခဲ ရှိနေတာကို တွေ့ရပြန်တယ်။
အလုပ်အပေါ် တန်ဖိုးထားတတ်တဲ့ စိတ်ရှိမှ ကြိုးစား လုပ်ကိုင်ချင်စိတ် ရှိမှ ကျွမ်းကျင်မှု ရှိလာမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိမှပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိလာနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွင်မှု ရှိမှပဲ လုပ်ငန်းနဲ့ ပတ်သက်ရင် အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိတယ်ဆိုတာက ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည် သဘောပေါက် နေတာလို့ ယူဆမိပါတယ်။ အဲဒီလို သေသေချာချာ နားလည် သဘောပေါက် နေမှပဲ သပ်သပ်ရပ်ရပ်နဲ့ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်မှာဖြစ်တယ်။ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နေသူတွေ ရှိမှပဲ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ပြီး လုပ်ငန်း အနေအထား တိုးတက်မြင့်မား လာမှာဖြစ်ပါတယ်။
ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေ ကနေ ထွက်လာခဲ့တဲ့ လူတိုင်းကို ပြီးပြည့်စုံ လုံလောက်ပြီလို့ ယူဆလို့ မရပါဘူး။ ဆိုလိုတာက ဘွဲ့တွေ ဒီဂရီတွေ ရခဲ့ပေမဲ့လည်း လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျ ဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။ ပညာခေတ်လို့ ခေါ်ဝေါ်သမုတ် နေကြတဲ့ ဒီနေ့ ဒီအချိန်မှာ ဆိုရင် ပိုပြီးတော့တောင် လေ့လာသင်ယူ စရာတွေ ရှိနေပါသေးတယ်။ သီအိုရီချည်းပဲ ကျွမ်းကျင်တဲ့သူကို ကျွမ်းကျင်လုပ်သား အဖြစ် မသတ်မှတ် နိုင်သလို လက်တွေ့ သက်သက်ပဲ သိရှိနေသူ ကိုလည်း ကျွမ်းကျင်သူ အလုပ်သမား အဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ အချက်တွေ ရှိနေသေးတယ်လို့ ယူဆမိပါတယ်။ ကျွမ်းကျင် အလုပ်သမား ဖြစ်လာဖို့ ဆိုရင် လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်း အပိုင်းကို ပြုလုပ်သင့်ပါတယ်။ လုပ်ငန်းခွင်ကို ဝင်ရောက်လာခဲ့ပြီး လိုအပ်ချက် ရှိနေသေးတဲ့ ဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီး လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ဝန်ထမ်းတိုင်း အတွက် ပြုလုပ်သင့်တယ်လို့ ယူဆမိပါတယ်။
စက်မှုဘက်ဆိုင်ရာ ဝန်ထမ်း၊ ရုံးလုပ်ငန်း ဆိုင်ရာဝန်ထမ်း စသဖြင့် အကြမ်းအားဖြင့် ဝန်ထမ်းတွေကို ခွဲခြားသတ်မှတ် နိုင်သလို မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်မှု ရှိအောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စက်မှုဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ ကျောင်းကနေ ထွက်လာပြီး ဘွဲ့ဒီဂရီ ရလာရုံနဲ့ ကျွမ်းကျင်နေတယ် ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ အတွေ့အကြုံ အရတော့ ကျွန်တော်တို့ ဆီမှာ လုပ်ငန်းခွင် ရောက်မှ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ စက်မှုလုပ်သားတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီဝန်ထမ်းတွေရဲ့ သက်ဆိုင်ရာ အလုပ်တွေကို ကျွမ်းကျင်လာအောင် လုပ်ငန်းခွင်ထဲ ရောက်ရှိပြီးသား ဝန်ထမ်းတွေနဲ့ အတူ ညီတူညီမျှ လုပ်ကိုင်ဆောင်ရွက် နိုင်အောင် ကြိုးပမ်းအားထုတ် မယ်ဆိုရင်တော့ သင်ကြားပြသ ပေးရမှာပါပဲ။
သင်ကြားပြသ ပေးမှုနဲ့ ပတ်သက်ရင် ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူ အပေါ်မှာ မူတည်နေပါတယ်။ အနီးကပ်ဆုံး ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူက သင်ကြားပြသမှု ပြုသင့်ပါတယ်။ လုပ်ငန်း အနေအထား အရ တာဝန်ရှိသူ အထက်ပုဂ္ဂိုလ်က သင်ကြားပြသ ပေးဖို့ မအားမလပ် ဖြစ်နေရင် လုပ်ငန်းခွင်ထဲမှာ ရှိပြီးသား ကျွမ်းကျင်ဝန်ထမ်းကို သင်ကြားပြသဖို့ တာဝန် ပေးသင့်ပါတယ်။ အဲ့ဒါမှ ဝန်ထမ်း အသစ်အနေနဲ့ ဘာကို လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်မှုကနေ ကင်းဝေးမှာပါပဲ။
သင်ကြားပြသမှုမှာ ရည်ရွယ်ချက် လေးခု ရှိပါတယ်။ အဲဒါတွေကတော့

  1. ကိုယ့်အတွက် အသိဉာဏ် ဗဟုသုတတွေကို တိုးပွားလာစေပြီး ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းအတွက် အတတ်ပညာ လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်တယ်။
  2. လုပ်ငန်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အတတ်ပညာ ဆိုင်ရာ ပြဿနာနဲ့ အခြားသော နှီးနွှယ်ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာရပ်တွေကို ဖြေရှင်းတဲ့ နေရာမှာ အကျုံးဝင်စေဖို့ အတွက် ဖြစ်ပါတယ်။
  3. သင်ယူသူအတွက် တိုးတက်မှု ဖြစ်စေပြီး နားလည်မှု ကျယ်ပြန့်လာစေကာ လုပ်ငန်းခွင် အပါအဝင် လူမှု အဖွဲ့အစည်း အတွက် အကျိုးရှိစေကာ နေထိုင်မှု ဘဝမှာ အဆင်ပြေစေဖို့ အတွက် ဖြစ်တယ်။
  4. သင်ယူသူ အနေနဲ့ လက်ရှိ လုပ်ကိုင်နေရတဲ့ ရာထူးအတွက်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မဟုတ်ဘဲ ရှေ့ဆက်ရမယ့် ရာထူးနေရာ၊ ပိုမိုလာမယ့် တာဝန်ဝတ္တရား လုပ်ငန်းဆောင်တာ တွေအတွက် လုပ်ကိုင်နိုင်အောင်၊ အဆင့်မြင့်တဲ့ လုပ်ငန်းဆိုင်ရာ အသိပညာ ဗဟုသုတ တွေကို ဆက်လက် ရှာမှီးနိုင်အောင် အသင့်ပြင်ဆင် ထားခြင်းပဲ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကို ရောက်ရှိလာမယ့် ဝန်ထမ်း အသစ်အတွက် သူလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရား လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် လုပ်ငန်း အတွေ့အကြုံ ရှိခဲ့သူ၊ အထူးတလည် ကျွမ်းကျင်ရင်းနှီး ပြီးသားလူ ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုရင် သူ့ကို ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်းအတွက် တာဝန် ပေါ့သွားပါလိမ့်မယ်။ ဘာတာဝန်လဲ ဆိုရင် လေ့ကျင့် သင်ကြားခြင်းနဲ့ ပညာပေးခြင်း တာဝန်ပါ။ အဲဒီလို ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်း အနေနဲ့ ဝန်ထမ်းအသစ်ကို လေ့ကျင့် သင်ကြားခြင်း ပြုလုပ် ရမှာပါပဲ။ အချုပ်ဆိုရရင်တော့ သင်ယူသူ ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ရယူဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ အဲဒီလုပ်ငန်း အဖွဲ့အစည်းကနေ ကင်းကွာသွားမှာပဲ ဖြစ်ပါတယ်။
အညွှန်း - THE NATURE OF MANAGEMENT
             By H.R.LIGHT
 Ref : http://news.yatanarpon.com.mm/business/article-4512

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons