ဘွဲ့တစ်ခုတည်းရလို့ မျက်နှာငယ်စရာလား

တစ်နေ့ ကျွန်တော် ညနေ ၅း၀၀ နာရီ ရုံးဆင်းတော့ ရုံးနှင့်အိမ်က နီးပါသောကြောင့် လမ်းလျှောက်၍ အိမ်ပြန်လာစဉ် လမ်း၌ မိတ်ဆွေတစ်ဦး ကျွန်တော်နှင့်တွေ့၍ ကျွန်တော်က နှုတ်ဆက်လိုက်၏။
‘ဟာ ကိုတင်မြင့် (နာမည်လွှဲထား) ပါလား၊ မတွေ့တာကြာပြီ ဒီလမ်းပေါ်မှာ ဘာလာလုပ်နေတာလဲ’ ဟုမေးရာ သူက
‘အကို ထွန်းဝင်းရေ တွေ့ချင်လွန်းလို့ စောင့်နေတာ၊ ပြောစရာရှိတာ ပြောချင်လွန်းလို့။ ခင်ဗျားက ရုံးချိန်ကျတော့လည်း ရုံးတက်နေလို့ မအား။ အိမ်မှာကျတော့လည်း စာရေးလိုက်၊ သင်တန်းပေးလိုက် ဆိုတော့ စကားကောင်းကောင်း ပြောရအောင် လမ်းကစောင့်နေတာ’ ဟုဆိုပါ၏။ သို့နှင့် ကျွန်တော်က
‘ကိစ္စကတော့ တော်တော် ဆန်းပုံရတယ်’ ဟုဆို၏။ ထိုအခါ သူက
‘ဒီလိုပါ အကိုထွန်းဝင်း နိုင်ငံခြားက တက္ကသိုလ်ကြီးတွေက မြန်မာပြည်မှာ ဘွဲ့တွေလာပေးနေပြီ။ Master ဘွဲ့တွေ ဒီပလိုမာဘွဲ့တွေ ပေးနေတယ်’ ဟုဆို၏။ကျွန်တော်က
‘အဲ့ဒါ ဘာဖြစ်လဲ’ဟုဆိုရာ သူက
‘မြန်မာပြည်မှာပဲ အဆောက်အဦး ငှားပြီး မြန်မာအချင်းချင်း စာသင်ခိုင်းပြီး ဟိုတက္ကသိုလ်က ဘွဲ့လက်မှတ် လှမ်းပို့ပေးမယ်။ ကျောင်းလခကတော့ သိန်း ၁၀၀ မပြည့်ပါဘူး’ ဟုဆိုပါ၏။ သူကဆက်၍
‘မဟာဘွဲ့သင်တန်း တစ်ခုမှာတော့ ဆရာဝန်တွေလည်းလာတက်တယ်’ ဟုဆိုပါ၏။
ဒါလည်း ဆန်းတာတော့ မဟုတ်။ ယခုခေတ်မှာ ဆရာဝန်များသည် ဆေးပညာနှင့် သိပ်၍ မသက်ဆိုင်သော ဘွဲ့လွန်သင်တန်းတွေ တက်လေ့ ရှိတာလည်း ခေတ်တစ်ခေတ်၏ ပုံရိပ်တစ်ခု သဖွယ်ပင် ဖြစ်ပါ၏။ သို့သော် သူက ဆက်ပြန်၏။
‘တချို့ ဆရာဝန်တွေက ပြောတယ်ဗျာ။ ရိုးရိုး ဆရာဝန်ဘွဲ့တစ်ခုတည်းနဲ့ နေရတာ မျက်နှာငယ်လို့ ဘွဲ့လွန်တက်တာ။ ဘွဲ့လွန်ရပြီး အလုပ်ရတာ မရတာ အရေးမကြီးပါဘူး။ တကယ်စာတတ် မတတ်လည်း သိပ်အရေးမကြီးပါဘူး’ ဟုဆိုရာ ကျွန်တော်က‘ဗျာ’ ဟု အံသြသွား၏။
ဒီတစ်ခါတော့ နည်းနည်း ဆန်းသလိုလို ရှိသွားပါ၏။ တစ်ဖန် သူကဆက်၍ ‘ဆရာဝန်ရယ်လို့မှ မဟုတ်ပါဘူး။ ဘယ်သူမဆို အလုပ်လုပ်ဖို့လည်း မဟုတ်။ စိတ်ဝင်စားလို့လည်း မဟုတ်ဘဲ နာမည်နောက်မှာ အမြီးရှည်ဖို့ သက်သက် ဘွဲ့လွန်တွေ တက်နေရင် ကိုယ့်ငွေနဲ့ကိုယ် တက်တာ ဘာဖြစ်လဲလို့ ပြောလို့ရသလို တစ်ပြည်လုံးအတွက် လူသားအရင်းအမြစ် နယ်ပယ် ရှုထောင့်က ကြည့်ရင် အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု မနှောင့်နှေးဘူးလား။ ဖွံ့ဖြိုးရေး ရှုထောင့်က စဉ်းစားကြည့်ပါဦး’ ဟု  သာမန်ထက် ကြီးကျယ်သော စကားများကိုလည်း ဆိုလာပါ၏။ ပြီးတော့
‘ကိုထွန်းဝင်းရဲ့ သုံးသပ်ချက်ကို ဆောင်းပါးလေး ဘာလေး ရေးပါဦး’ ဟုဆို၏။

အာသာပြေဘွဲ့ဆိုတာ ဘာလဲ

၁၉၈၆ ခုနှစ်လောက်ကပါ။ အဲဒီ ခေတ်တုံးက ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က နှစ်စဉ် အထက်တန်းရှေ့နေ စာမေးပွဲ H.G.P လက်မှတ်အတွက် စာမေးပွဲစစ်၏။ အောင်ပါက အလုပ်သင်ရှေ့နေ သင်တန်း တက်ခွင့်ရပြီး အထက်တန်းရှေ့နေ လိုင်စင် အထိ ထုတ်ပေးရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားရုံး အဆင့်အထိ ရှေ့နေလိုက်ခွင့် ရှိပါ၏။ H.G.P သင်တန်းတစ်ခုတွင် သင်တန်းဆရာက သင်တန်းသားတွေကို မေးပါ၏။
‘ခင်ဗျားတို့ ဘာရည်ရွယ်ချက်နဲ့ ဒီသင်တန်း တက်တာလဲဗျ’ ဟုမေးရာ တစ်ဦးက
‘ရှေ့နေ လုပ်စားချင်လို့ပါ’ ဟုဆို၏။ နောက်တစ်ဦးကတော့
‘ကျွန်တော်က အမှုသည်ဆရာရဲ့။ အမွေမှု၊ တရားမမှု ဖြစ်နေတယ်။ တရားမမှု ဆိုတာကလည်း ၅ နှစ်၁၀ နှစ်လောက် ကြာတတ်တော့ အမှုတွဲတွေ ဖတ်ရင်း ဥပဒေ စိတ်ဝင်စားလာလို့ လာတက်တာပါ’ ဟုဆိုရာ ဆရာက ခေါင်းညိမ့်၏။ နောက်တစ်ဦးကတော့ ဒီလိုဆိုပါတယ်။
‘ကျွန်တော်က ရဲဝန်ထမ်းပါ။ ရဲလုပ်ငန်းက ဥပဒေ တတ်သင့်တယ်လေ။ အလုပ်အတွက် အထောက်အကူရအောင် လာတက်တာပါ’ ဟုဆို၏။ နောက်တစ်ဦးကတော့
‘ဘာရယ်လို့တော့ မဟုတ်ပါဘူးဆရာ။ ကျွန်တော်က BA ဘွဲ့လေးတစ်ခုတည်းနဲ့ မျက်နှာငယ်လို့ H.G.P လက်မှတ်လေး ထပ်ပြီးရအောင် မျက်နှာမငယ်ရအောင် လာတက်တာပါ’ ဟုဆိုရာ ဆရာက သက်ပြင်းချ၏။
ဆရာသည် စေတနာကောင်း၍ ဘွင်းဘွင်း ပြောတတ်သူ ဖြစ်၏။ ပိုက်ဆံရရင်ပြီးရော သင်တန်းဆရာမျိုး မဟုတ်ပါ။ မိမိသင်ပေးသော ပညာကိုလည်း တိုင်းပြည်အတွက် တရားစီရင်ရေး မဏ္ဍိုင်အတွက် အကျိုးရှိစေချင်၏။ စေတနာပါပါ စာသင်၏။ သင်တန်းဆရာက ယခုလို ညည်းတွားခဲ့ဖူးပါသည်။
‘ကျွန်တော် H.G.P သင်တန်းတွေမှာ သင်တန်းသားတွေရဲ့ H.G.P သင်တန်းတက်တဲ့ ရည်ရွယ်ချက်ကို မေးကြည့်ဖူးတယ်ဗျာ။ တချို့က ပညာကို အသုံးချဖို့ မဟုတ်ဘူး။ နာမည်ရဲ့နောက်မှာ အမြီးရှည်ချင်လို့ လို့ပြောတယ်။ သူတို့က များသောအားဖြင့် အသက် ၃၀ကျော် ၄၀တွေ။ မင်္ဂလာဆောင်ပြီးပြီ။ မင်္ဂလာဆောင်ဖိတ်စာ ရိုက်ပြီးသားလူတွေ ဆိုတော့ဗျာ H.G.P လက်မှတ်ရတော့ မင်္ဂလာဆောင်ဖိတ်စာမှာ H.G.P လို့ရိုက်ဖို့ အချိန်မမီတော့ဘူး။ အချိန်မီတဲ့ နေရာတစ်ခုတော့ ကျန်သေးတယ်။ အဲဒါကတော့ နာရေးကြော်ငြာ။ မိမိရဲ့ နာရေးကျတော့မှ H.G.P လို့ရိုက်လို့ ရတော့မယ်။ နာရေးကြော်ငြာ တစ်ခုအတွက်နဲ့တော့ H.G.P တက်နေရင် H.G.P ကခက်တယ်ဗျ။ စာတော်တော် ကျက်ရမယ်။ အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်တော့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့အချိန် နည်းသွားတာပေါ့ဗျာ။ လူသားအရင်းအမြစ် ဆုံးရှုံးခြင်းတစ်မျိုးပေါ့’ ဟု သည်းတွားဖူးပါသည်။
မြန်မာဘုရင် လက်ထက်ကလည်း ဘွဲ့တွေ၊ ဂုဏ်ထူးတွေ ပေးပါ၏။ ဥပမာ စစ်တိုက် တော်လှသော စစ်သူကြီးမောင်ရစ်ကို ‘မဟာဗန္ဓုလ’ ဘွဲ့ပေး၏။ ထို့ပြင် သာသနာပြု ထူးချွန်သော သံဃာတော်၊ ဆရာတော်များအား ‘အဂ္ဂမဟာပဏ္ဏိတ’ ဘွဲ့၊ ‘အဘိဓဇ မဟာရဋ္ဌဂုရု’ ဘွဲ့စသဖြင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်သည်။ ပညာရေး၌ ထူးချွန်ပါက ပညာရေးဆိုင်ရာ ဘွဲ့များ ချီးမြှင့်သည်။ တစ်ခါကတော့ ဘိုးတော်ဘုရားမင်းကြီး၏ ငယ်ကျွန် ‘မောင်ရွှေလေး’ သည် ဘွဲ့တံဆိပ် လိုချင်နေ၏။ သူက ဘိုးတော်ဘုရားနှင့် မိဖုရားခေါင်ကြီးတို့အား မိမိအားလည်း ဘွဲ့ပေးပါရန် ခဏခဏ ပူဆာ၏။
သို့သော် သူက စာလည်းမတတ်၊ စစ်လဲ မတိုက်ဖူးသူ ဖြစ်ရာ ဘာဘွဲ့ပေးရမှန်း မသိ၍ ဘိုးတော်ဘုရား ဦးနှောက်ခြောက်၏။ သို့နှင့် အမတ်ကြီး ဦးပေါ်ဦးအား မောင်ရွှေလေးကို ဘယ်လိုဘွဲ့ပေးရင် ကောင်းမလဲဆိုတာ ဘုရင်က တိုင်ပင်၏။ ထိုအခါ ဦးပေါ်ဦးက ဘွဲ့တံဆိပ်ပါ တစ်ခါတည်း လုပ်ခဲ့ပါမယ်ဆိုကာ ပန်းထိမ်သို့ သွား၍ ကြေးပြားပေါ်၌ ‘သုဝဏ္ဏဓနု’ ဆိုသော ဘွဲ့ကိုရိုက်၍ မောင်ရွှေလေးသို့ ပေးရန် ဘုရင်ကို ဆက်သ၏။ ဘုရင်ကလည်း ညီလာခံသဘင်၌ မောင်ရွှေလေးအား သုဝဏ္ဏဓနု ဘွဲ့တံဆိပ် ချီးမြှင့်ရာ မောင်ရွှေလေး အလွန်ပျော်၏။
တစ်နေ့တော့ မောင်ရွှေလေးသည် နန်းဦးကျောင်း ဆရာတော်ဘုရားကြီးထံ ရောက်သွားရာ ဆရာတော်က
‘ဟဲ့ ငရွှေလေး မတွေ့တာ ကြာပါပကော၊ နေကောင်းလား’ ဟု နှုတ်ဆက်ရာ ငရွှေလေးက
‘မှန်လှပါ။ တပည့်တော်ကို ငရွှေလေးလို့ မခေါ်ပါနဲ့ ဘုရား။ အခု ဘွဲ့ရပုဂ္ဂိုလ် ဖြစ်နေပါပြီ။ ဘွဲ့တပ်ပြီး ခေါ်ပါဘုရား’ လို့ ဆိုတော့ ဘုန်းကြီးက အံသြ၍
‘ဟဲ့ နင့်ဘွဲ့က ဘာဘွဲ့လဲ’ လို့ မေးပါတယ်။ ငရွှေလေးက သုဝဏ္ဏဓနု ဘွဲ့တံဆိပ်ကို ဘုရင်ကိုယ်တိုင် ချီးမြှင့်တာပါဟု လျှောက်ထား၏။ ထိုအခါ ဆရာတော်ကြီးက
‘ဟဲ့ သုဝဏ္ဏဆိုတာ ပါဠိစကား ‘ရွှေ’ လို့ အဓိပ္ပာယ်ရတယ်။ ဓနုဆိုတာ ‘လေး’ လို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ ရွှေလေးပဲပေါ့ဟ့’ ဟု မိန့်ကြားခဲ့ဖူး၏။

ပါရဂူတစ်ယောက် မဟုတ်သော်လည်း မျက်နှာမငယ်ခဲ့သော ဆရာဝန်တစ်ဦး

တစ်ခါတုန်းက သာမန်ရိုးရိုး ဆရာဝန်တစ်ဦးဟာ INGO တစ်ခုမှာ အလုပ်တစ်ခု ရပါတယ်။ ရတဲ့ အလုပ်ကတော့ TB ရောဂါ တိုက်ဖျက်ရေး မြို့နယ်စီမံကိန်း အရာရှိပါ။ ဒီတော့ နယ်၌ စီမံကိန်းရုံးဖွင့်ရန် မြို့နယ်တစ်ခုသို့ ရောက်သွားပါတယ်။ ထိုအခါ ဆရာမကြီး တစ်ယောက်က မေးဖူးတယ်။
‘ဆရာက တီဘီရောဂါ ပါရဂူလား၊ ဘာဘွဲ့တွေ ရခဲ့ဖူးလဲ’ လို့ မေးတယ်။ ဒီတော့ ၎င်းဆရာဝန်က
‘ကျွန်တော်က ပါရဂူတစ်ယောက် မဟုတ်ပါဘူး။ သာမန် ဆရာဝန်ဘွဲ့ရ တစ်ယောက်ပါ။ ဒါပေမဲ့ စေတနာအမှန်နဲ့ ရိုးသား ကြိုးစာခြင်းက ကျွန်တော့်ရဲ့ဘွဲ့ပါပဲ’ ဟူ၍ ဆိုပါ၏။ သို့ပါ၍ ဘွဲ့မရလို့ မျက်နှာမငယ်၊ ဘွဲ့ရတိုင်းလည်း မျက်နှာမကြီး။ ရိုးသား၊ ကြိုးစား၊ စေတနာမှန်တာကို ဂုဏ်ဟု ယူဆမိပါကြောင်း။

ဒေါက်တာထိန်ဝင်း

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons