စိတ်နဲ့ချုပ်တဲ့ စာချုပ်

(၁)
စာရေးသူရဲ့ မိတ်ဆွေကုမ္ပဏီ MD တစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ရင်း သူက သူ့ကုမ္ပဏီက ဝန်ထမ်းတွေ အလုပ်ကောင်းကောင်း မလုပ်တဲ့အကြောင်း၊ သူ့ဘက်က အပြည့်အဝ ပံ့ပိုးမှုတွေ ပြုလုပ်ထားပေးပေမဲ့ ကုမ္ပဏီ အပေါ်ကိုတော့ သိသိသာသာ ဘာ Performance Result တုံ့ပြန်မှုမှ မရှိကြကြောင်း၊ ကုမ္ပဏီရဲ့ Management  ပိုင်းလူကြီးတွေက အချိန်ပြည့် အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်နေကြပေမဲ့ ဝန်ထမ်းတွေက အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိကြကြောင်း ညည်းပြပါတယ်။ တကယ်တော့ အဖွဲ့အစည်း (Organization) ဆိုတာ အပေါ်ဘက် Management ပိုင်းကပဲ သိပ်ထက်မြက် ထူးချွန်နေပြီး အောက်ခြေက ဝန်ထမ်းတွေက Management ရဲ့ ဦးဆောင်မှုနောက်ကို မီအောင်မလိုက်နိုင်လို့ ဘယ်လိုမှမဖြစ်ပါဘူး။ အထူးသဖြင့် ဝန်ထမ်းတွေ အနေနဲ့ အလုပ်ခွင်မှာ မပျော်ပိုက်ဘဲ အလုပ်အပေါ် စိတ်ဝင်စားမှု မရှိကြလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ ယေဘုယျအားဖြင့် ဝန်ထမ်းတွေ အနေနဲ့  စွမ်းဆောင်ရည် ကျဆင်းပြီး အလုပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းရတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က အစဉ်အလာ ဘွန်းစာချုပ်များအရ (ဥပမာ-တစ်နှစ်၊ နှစ်နှစ် စသည်) လုပ်ငန်းအပေါ် စိတ်ဝင်စားမှု မရှိတော့သော်လည်း အလုပ်မှ နှုတ်ထွက်ပါက လျော်ကြေးပေးရမည်က စိုးရွံ့၍ စိတ်မပါတော့သော်လည်း ကြိတ်မှိတ် လုပ်ကိုင်နေကြရခြင်း၊ ဒုတိယ အချက်ကတော့ ကုမ္ပဏီအပေါ် တစ်စုံတစ်ရာ (ဥပမာ - လစာ၊ Facilities) စသည် မကျေနပ်ကြ၍ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာ နှစ်ရပ်စလုံး ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်း (Root Cause) ကတော့ ဝန်ထမ်းများနဲ့ ကုမ္ပဏီအကြား နားလည်မှု လွဲမှားခြင်းနဲ့ အပြန်အလှန် ယုံကြည်(Mutual Trust) မရှိကြခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(၂)
အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန် အဖြေက တစ်ခုသာ ရှိပါသည်။ ယင်းမှာ သက်ဆိုင်ရာ အလုပ်ရှင် (Employer)နှင့် အလုပ်သမား (Employee) တို့အကြား စိတ်နှင့်ချုပ်တဲ့ စာချုပ် (Psychological Contract) ချုပ်ဆို ထားကြဖို့ပင်။ တကယ်တော့ Psychological Contract ဆိုတာ ပုံမှန် အလုပ်ဝင်ရင် ချုပ်ဆိုနေကျ အလုပ်ခန့်အပ်မှု စာချုပ် (Employment Contract)နဲ့ မတူညီပါဘူး။  Psychological Contract  နဲ့ ပတ်သက်ပြီး ၁၉၉၆ ခုနှစ်မှာ HR ဂုရုကြီး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဂတ်စ် (David Guest) က ခုလို ရေးသားခဲ့ပါတယ်။ Psychological Contract concerned with assumptions, expectations, promises and mutual obligations. Good people management practices are associated with a ' positive psychological contract based on trust, fairness and delivery of the deal ”

“စိတ်နှင့်ချုပ်တဲ့ စာချုပ်ဆိုတာ ထင်မြင်ယူဆချက်၊ မျှော်မှန်းချက်၊ ကတိကဝတ်နဲ့ အပြန်အလှန် တာဝန်ရှိမှုတွေနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ကောင်းမွန်တဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေဟာလည်း ယုံကြည်မှု၊ တရားမျှတမှုနဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးမှုတို့ ပေါ်မှာ အခြေခံတဲ့ စိတ်နှင့်ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်”

(David Guest, 1996)
တကယ်တော့ Psychological Contract ဆိုတာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း သံယောဇဉ်တွေလိုပါပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ စာနဲ့ချရေးမထား၊ လက်မှတ်မထိုးထားတဲ့ နားလည်မှု၊ အပြန်အလှန် တာဝန်ယူမှု၊ ယုံကြည်မှု၊ သံယောဇဉ် တရားတွေနဲ့ တည်ဆောက်ထားရတာပါ။ အစဉ်အလာ တရားဝင်စာချုပ် (Formal Contract)တွေလောက် တိတိကျကျ ရေရေရာရာ မရှိတဲ့အတွက် Psychological Contract အပေါ် ဝေဖန်မှုတွေရှိပေမဲ့ ယနေ့မှာ Psychological Contract & JU Good People Management Practices တွေအပေါ် သက်ရောက်မှုကို ကျွန်တောတို့ ထင်ထင်ရှားရှား တွေ့မြင်နေရပါပြီ။
(၃)
Psychological Contract Concept ကို Management လောကကို စတင်မိတ်ဆက်ပေးခဲ့တဲ့ HR ဂုရုကြီး David Guest ကပဲ ကုမ္ပဏီတွေ အတွက် “Positive" Psychological Contract တွေ ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ကြရမယ့် အချက်တွေကို ခုလို အကြံပြုခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) ဝန်ထမ်းများအတွက် သင်ယူမှု (learning)၊ သင်တန်း (Training) နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development) တို့အတွက် အခွင့်အလမ်းများ ဖန်တီးထားပေးခြင်း။
(၂) အလုပ်အာမခံချက် (Job Security)၊ Promotion နှင့် အသက်မွေးမှု (Careers)တို့အတွက် ဂရုစိုက်လုပ်ဆောင်ပေးခြင်း။
(၃) အဆင့်အတန်းကွာခြားမှု (Status differentials) များကို တတ်နိုင်သလောက် လျှော့ချခြင်း။
(၄) တရားမျှတသည့် ဆုပေးစနစ် (Fair Reward Systems) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။
(၅) ဝန်ထမ်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိနေပြီး တတ်နိုင်သမျှ ဆုံးဖြတ်ချက်ချမှု (Decision Making Process)များတွင် လက်အောက် ဝန်ထမ်းများကို ပါဝင်ခွင့်ပေးခြင်း။
(၄)
ကုမ္ပဏီများ အနေနဲ့  Guest အကြံပြုခဲ့တဲ့ အထက်ဖော်ပြပါ Practices များကို သက်ဆိုင်ရာ နည်းဗျူဟာ (Tactics)များမှာ ခုလို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ “Psychological Contract တည်ဆောက်ရေး အတွက် နည်းဗျူဟာများ”
(၁) အလုပ်ခေါ် အင်တာဗျူး (Recruitment Interviews)များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်ရာထူး၏ ကောင်းသည့် အချက်များ သာမက မကောင်းသည့် အချက်များကိုပါ ဖော်ပြ၍  ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းပါ။
(၂) အလုပ်နှင့် ကနဦး မိတ်ဆက်ပေးသည့် Induction Programmes များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်သမား သစ်များကို ကုမ္ပဏီ၏  Vision, Mission, Core values များကို ရှင်းရှင်းလင်းလင်း ပြောကြ၍ ၎င်းတို့ထံမှ ကုမ္ပဏီ၏ မျှော်လင့်ချက်များကို ပွင့်ပွင့်လင်းလင်း ကြိုတင် ထုတ်ဖော် ပြောကြားထားပါ။
(၃) ဝန်ထမ်းလက်စွဲစာအုပ် (Employee handbooks) ထုတ်ဝေ၍ ဝန်ထမ်းများထံ ဖြန့်ဝေထားပါ။ လိုအပ်လျှင် မကြာခဏ Update  ပြန်လုပ်ပါ။
(၄) ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Performance)ကို စောင့်ကြည့်အကဲဖြတ် စီမံခန့်ခွဲပေးသည့် Performance Management System ကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။
(၅) တစ်ဦးချင်းစီ၏ သင်ယူမှု (Self Learning)၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု (Personal Development)တို့အတွက် ကုမ္ပဏီအနေဖြင့် စနစ်တကျ ဂရုပြုဆောင်ရွက်ပေးပါ။
(၆) သက်ဆိုင်ရာ Middle Level အလယ်အလတ် Line Managers များအနေဖြင့်လည်း ကုမ္ပဏီ၏ Vision, mission, core values များကို ယုံကြည်နားလည် သဘောပေါက်ပြီး HR Practices  များကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ရေး အတွက် စိတ်အားထက်သန် တက်ကြွနေအောင် ဆောင်ရွက်ထားပါ။
(၇) ကုမ္ပဏီအနေဖြင့် တတ်အားသမျှ ပွင့်လင်းမြင်သာမှု (transparency) ရှိအောင် ဆောင်ရွက်ပေးထားပြီး ကုမ္ပဏီအတွင်း ဖြစ်ပျက်နေသည့် ကိစ္စ (What is happening)များနှင့် ၎င်းကိစ္စများ ဘာကြောင့်ဖြစ်ရသလဲ (Why it is happening)များကို ဝန်ထမ်းများ သိရှိနိုင်အောင် ဆောင်ရွက်ပေးပါ။
(၈) Manager များ၊ Team Leader များနှင့် လက်အောက်ဝန်ထမ်း Staff များအကြား မပြတ်ထိတွေ့ ဆက်ဆံနေပါ။
(၉) ဝန်ထမ်းများ၏ မကျေနပ်ချက် (Grievance)များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေးပြီးသာ တူညီမှု အခွင့်အရေး (Equal Opportunities) ဖြစ်အောင် ဆောင်ရွက်ပေးပါ။
(၁၀) ကုမ္ပဏီ၏ ဆုချီးမြှင့်သည့်စနစ် (Reward System) ကို ညီမျှမှု (Equity)၊ တရားမျှတမှု (fairness)၊ တစ်သမတ်တည်းဖြစ်မှု (Consistency) တို့ပေါ် အခြေခံ၍ ဆောင်ရွက်ပါ။
(၁၁) သက်ဆိုင်ရာ ၀န်ထမ်းများနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်ရာတွင် အလုပ်သမား (Employee)နှင့် အလုပ်ရှင် (Employer) တို့အကြား အပြန်အလှန် ယုံကြည်မှု (Mutual Trust)ကို အခြေခံ၍ ဆောင်ရွက်ပါ။

                                                                                      
Ref: Human Resource Manage at Work (4th Edition)
By: Mick Marchington and Adrian Wilkinson ISBN 978-1-84398-200-5
ရေးသားသူ - လင်းသိုက်ညွှန့်(မြန်မာ့မြေ)

လစာဖွဲ့စည်းမှု (ဝါ) အဆောက်အဦ ( Salary Structure)

၁။ အဓိပ္ပာယ် ဖွင့်ဆိုချက် (Definition)

လစာဆိုသည်မှာ ဉာဏဝန်ထမ်းများအား အချိန်အတိုင်းအတာ သတ်မှတ်ချက် (ဥပမာ- တစ်ပတ်တစ်ခါ (ဝါ) တစ်လတစ်ကြိမ်စသည်) ဖြင့်ပေးရန် ပုံသေသတ်မှတ်ထားသော လစာ/ပေးချေငွေ ဖြစ်သည်။  လစာငွေများကို များသောအားဖြင့် တစ်နှစ် (၁၂) လဟူသော အပိုင်းအခြားဖြင့် သတ်မှတ် ဖော်ပြလေ့ရှိသည်။ အမြဲတမ်း (ယာယီ မဟုတ်သော) ငှားရမ်းမှု သဘာဝကိုပါ ဖော်ပြသည့် သဘော ဖြစ်ပေသည်။ မြန်မာဘာသာဖြင့် လခ (ဝါ) လစာ ဟုခေါ်သည့်အတိုင်း များသောအားဖြင့် တစ်လတစ်ခါ ပေးရပေသည်။ လခစားဝန်ထမ်းများသည် များသောအားဖြင့် ကာလရှည်အတွက် ခန့်ထားသော ဝန်ထမ်းများ ဖြစ်ကြပေသည်။

၂။ လစာများ၏ အချင်းအရာ လက္ခဏာများ

လစာနှင့်လုပ်ခ (wage) မတူကြပေ။ လစာရနှင့် လုပ်ခရ ဝန်ထမ်းတို့၏ မိမိလုပ်သော အလုပ်နှင့် ၎င်းအလုပ်အတွက် ရယူခံစားကြရသော လစာနှင့်လုပ်ခအပေါ် သဘောထား အမြင်တို့လည်း မတူကြပေ။
(က) လစာတွင် ယေဘုယျအားဖြင့် အားလုံးပါဝင်သည်။ အလုပ်လုပ်ရင်းတွင် ခက်ခက်ခဲခဲ လုပ်ရသောအလုပ်၊ သက်စွန့်စံဖျား လုပ်ရသောအလုပ် စသည်ဖြင့် လုပ်ရမည့်အလုပ်နှင့် ပတ်သက်ပြီး လစာပုံသေ (ဝါ) လစာနှုန်းထား ဘယ်ရွေ့ဘယ်မျှ ရမည်။ မည်သည့်အလုပ်များ လုပ်ရမည်ကို ကြိုတင် ရှင်းပြထားပြီး နှစ်ဦးနှစ်ဖက် (အလုပ်ရှင်နှင့်ဝန်ထမ်း) ညှိနှိုင်း သဘောတူကြသည့် အလုပ်ကို သတ်မှတ်ထားကြသည်။ ယင်းအလုပ်ကို လုပ်ကြရသည့်အတွက် သတ်မှတ်လစာကို သတ်မှတ်ရက်တွင် ရရှိကြခြင်းဖြစ်သည်။
(ခ) လစာသည် ထပ်ဆင့်တိုးသည့် သဘော (progressive nature) ရှိသည်။ အရပ်သား လောကတွင် ထပ်တိုး ဟုခေါ်သည်။ တစ်နှစ်လျှင် တစ်ကြိမ် ယေဘုယျအားဖြင့် ထပ်တိုးလေ့ရှိသည်။ လုပ်ခ သတ်မှတ်ရာတွင် အသက်ပြည့်မပြည့် ပြဿနာကိုပါ ထည့်စဉ်းစားပြီး သတ်မှတ်သည်။ အချို့သည် အသက်ငယ်ငယ်နှင့် အရွယ်ရောက်ကြသူများ ဖြစ်ကြပြီး ထိုသူမျိုးကို အလုပ်ခန့်ပြီး ခိုင်းလျှင်မူ သက်စေ့လုပ်ခ တွက်ပေးရသည်။ သို့တည်းမဟုတ်လျှင်သက်မပြည့် လုပ်ခနှင့် သတ်ပြည့်လုပ်ခ ဟူ၍ ခွဲတွက်ချက် သတ်မှတ်ရပေသည်။
(ဂ) လစာသည် ခံစားရရှိသည့် ပုဂ္ဂလိက ပစ္စည်းအဖြစ် သဘောထား မှတ်ယူကြသော်လည်း လုပ်ခမှာမူ အတန်းအစား တူသော အလုပ်အတန်းအစား တစ်ခုခုတွင် အလုပ်လုပ်ကြသူ အားလုံးကို ထုတ်ပေးသော စုစုပေါင်း အခကြေးငွေ (လုပ်ခစုစုပေါင်း) ကို ရည်ညွှန်းပေသည်။
(ဃ) လစာသည် များသောအားဖြင့် လျှို့ဝှက်ထားရသော အရာတစ်ခုဖြစ်ပြီး လုပ်ခနှင့်ပတ်သက်၍မူ ထိုသို့လျှို့ဝှက် ထားစရာမလိုပေ။ တစ်နည်းအားဖြင့် လုပ်ခသည် လျှို့ဝှက်မဟုတ်ပေ။
(င) ပုဂ္ဂလိက ကဏ္ဍလုပ်ကိုင်မှုတွင် လစာသည် လုပ်ခလောက် ကုန်သွယ်မှုသမဂ္ဂများ (Trade Union) ၏ ဆွေးနွေးညှိနှိုင်းမှု သိပ်မလုပ်ကြရပေ။ ထိုဆွေးနွေး ညှိနှိုင်းမှုတွင် လုပ်ခကိုသာ အများဆုံး ညှိနှိုင်း ဆွေးနွေးရပေသည်။

လစာစီမံအုပ်ချုပ်မှု (Salary Administration)

ကုမ္ပဏီ အဖွဲ့အစည်းများ အနေဖြင့် လစာကို စီမံအုပ်ချုပ်ရာ၌ နည်းလမ်းလေးသွယ် ရှိပါသည်။ အဲဒီနည်းလမ်းတွေကတော့
(၁) Adhoc ခေါ် တစ်ခါသုံး နည်းလမ်း
ဒီနည်းလမ်းမှာတော့ တခြားနည်းလမ်း ၃ ခုထက် ပိုပြီး လွတ်လပ်လေ့ ရှိကြသည်။ လစာ တိုးမြှင့်ပေးရန် သို့မဟုတ် လျှော့ချရန် ဆုံးဖြတ်ရာတွင် အလုပ်ကို ဝေဖန်သုံးသပ် ထည့်သွင်း စဉ်းစားလေ့မရှိပဲ လုပ်တတ်သည် (Job evaluation)။ အလုပ်မှာ စွမ်းဆောင်ချက် မကောင်းပဲနှင့် လစာတိုးရ တတ်သည်။ ဝန်ထမ်း အလုပ်အကိုင် အရည်အသွေးနှင့် အဆင့်မကျဆင်းပဲလျှက် လစာနိမ့်ကျသွား တတ်သည်။ သို့ဖြင့် ကံတရားနှင့်သာ သက်ဆိုင်သည်ဟု ဆိုရမည် ဖြစ်သည်။ လစာတိုးပေးခြင်း၊ နှိမ့်ချခြင်းတို့ကို မမှန်မကန်သော ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်တတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အလုပ်သမား ဝန်ထမ်းများက တောင်းဆို၍ဖြစ်သော အလုပ်ရှင် အဖွဲ့အစည်းများ၏ လိုအပ်ချက်ကြောင့် ဖြစ်စေ လုပ်ရတတ်ကြသောကြောင့် ဖြစ်သည်။ လုပ်ငန်း ကုမ္ပဏီကြီးပါက ထိုသို့ ဆုံးဖြတ် လုပ်ကိုင်ခြင်းသည် ယုတ္တိမဆန်သော သို့မဟုတ် တရားမျှတမှု မရှိသော လစာဖွဲ့စည်းပုံမျိုး ဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့လစာဖွဲ့စည်းပုံ (ဝါ) လစာ၏အဆောက်အအုံများ ယုတ္တိမတန်ခြင်း သို့မဟုတ် တရားမျှတမှု မဲ့သော အဆောက်အအုံ ပုံစံမျိုး ဖြစ်ပေါ်လာခဲ့လျှင် ဝန်ထမ်းများ၏ မကျေနပ်မှု၊ ပေါက်ကွဲမှု စသည်တို့ကို ပိုမိုကြီးမားစွာ ရင်ဆိုင်ရတတ်ပါသည်။
(၂)   ဒုတိယနည်းလမ်း တစ်မျိုးမှာ ဝန်ထမ်း၏ အရည်အချင်း၊ အရည်အသွေးကို ဆန်းစစ်ပြီးမှ အရည်အသွေး ကောင်းသူ၊ မြင့်သူတို့ကို လစာ တိုးမြှင့်ပေးနည်း ဖြစ်ပါသည်။ ဤနည်းသည် တစ်ဖွဲ့တိုးနည်း (Adhoc.) ထက် များစွာ သာလွန် ကောင်းမွန်ပါသည်။ ဤနည်းလမ်းကို ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီကြီးများတွင် သုံးစွဲလေ့ ရှိကြပါသည်။ လုပ်ဆောင်ပြီးသော အလုပ်အခြေအနေကို အလုံးစုံ ခြုံငုံ သုံးသပ်ပါသည်။ ထိုသို့ သုံးသပ်ပြီးမှ ထိုအလုပ် အတန်းအစားအတွက် လစာတိုးပေးမည် ဆုံးဖြတ်ပြီးမှ တိုးခြင်းဖြစ်သောကြောင့် ထိုက်တန်သော သူများက ရရှိခံစားကြရခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ထိုထက်ပို၍ တိုးတက် လာစေနိုင်သည်။ လစာရ ဝန်ထမ်းများ ပိုကြိုးစား လုပ်လာနိုင်ပါသည်။
(၃)  တတိယနည်းမှာ တိုးချဲ့စကေး (Incremental scale) နည်းဖြစ်ပေသည်။ ဤတတိယနည်းမှာ ပြည်သူပိုင် ကဏ္ဍအလုပ်များကို စီစစ်တိုင်းတာ ဖော်ထုတ်ရန် အသုံးများသည်။ အထူးသဖြင့် ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၏ အလုပ်အရည်အသွေးကို ဆန်းစစ်ရာတွင် အသုံးများပေသည်။ ပုဂ္ဂလိက ကဏ္ဍတွင်လည်း သုံးလေ့ရှိကြောင်း တွေ့ရပါသည်။ ဤနည်းလမ်းကို သုံးစွဲရာတွင် ဝန်ထမ်းများအား သူတို့ရသည့် လစာစကေးအရ အုပ်စုဖွဲ့ကြပါသည်။ ပုံစံအားဖြင့် K ၈၀၀၀-၂၀၀-၉၀၀၀ စကေးဆိုလျှင် တစ်နှစ်လျှင် ကျပ် ၂၀၀ နှစ် တိုးပေါင်းပေးသော အလုပ်အစတွင် ၈၀၀၀ ရရှိ၍ ဘားခေါ် သူ့လစာ အဆုံးသတ်တာက ကျပ် ၉၀၀၀ တွင်ဖြစ်သည်။ ဤကဲ့သို့ ဝန်ထမ်းများအား လစာ စကေးအုပ်စု အလိုက် ခွဲခြားအုပ်စုဖွဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လစာ စကေးအုပ်စု အလိုက် စွမ်းဆောင်မှုများကို ဆန်းစစ်လေ့လာသည်။ ထိုစဉ်တွင် လစာစကေး အုပ်စုတစ်စု၏ စွမ်းဆောင်မှုမှာ ထူးခြားစွာ ကောင်းမွန်ကြောင်း၊ အခြားအဖွဲ့များ၏ စွမ်းဆောင်ချက်များနှင့် နှိုင်းယှဉ်လျှင် ထူးခြားစွာ ကောင်းမွန်ကြောင်း သုံးသပ်တွေ့ရှိလျှင် ထိုအုပ်စု တစ်စုလုံးအား လစာတွင် စကေးကို နှစ်ခါပေါင်းစေ သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် အခြားစကေးအုပ်စုများနှင့် မတူသော ထိုက်တန်သည့် ဆုချီးမြှင့်နည်းဖြင့် ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်ပေသည်။
(၄) ကောင်းကျိုးချီးမြှင့်နည်း (Merit Review)
ဤနည်းကို အလယ်အလတ် အရွယ်အစားနှင့် အရွယ်ကြီးမားသော ပုဂ္ဂလိက ကုမ္ပဏီကြီးများတွင် သုံးစွဲကြကြောင်း တွေ့ရသည်။ ဤနည်းတွင် လုပ်ပြီးသော အလုပ်ကို သုံးသပ် ဆန်းစစ်ပြီးမှ လစာဘယ်ရွေ့ ဘယ်မျှ ပေးသင့်သည်ကို ဆုံးဖြတ် သတ်မှတ်လေ့ ရှိကြသည်။ ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုကို သုံးသပ် ဆန်းစစ်ပြီးမှ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော ဂုဏ်ပြုမှု တစ်မျိုးမျိုးဖြင့် ချီးမြှောက် အားပေးကြခြင်း ဖြစ်သည်။ ဤသို့သော နည်းလမ်းမျိုးဖြင့် ဝန်ထမ်းတို့၏ အလုပ်လုပ်ချင်စိတ်ကို နှိုးဆွ အားပေးကြခြင်း ဖြစ်သည်။ ဖော်ပြပါ နည်းလမ်း (၄) သွယ်အနက် မိမိလုပ်ငန်းနှင့် သင့်တော်သည်ဟု ယူဆသော နည်းလမ်းကို ရွေးချယ်၍ လစာပေးစနစ်ကို စမ်းသပ်နိုင်ပေသည်။ ဤစနစ် ၄ ခုအနက် မည်သည့်စနစ်က အကောင်းဆုံးဟု ပြောရမှာ ခက်ခဲလှပေသည်။ စနစ်တိုင်းတွင် အားသာချက်နဲ့ အားနည်းချက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ၎င်းစနစ် တစ်ခုစီကိုင်တွယ် အသုံးချသော အလုပ်အဖွဲ့အစည်းရှိ အစုအဖွဲ့များ၏ စေတနာနှင့် လုပ်နည်း ကိုင်နည်းလည်း အရေးပါလှပေသည်။ မိမိလုပ်ငန်းတွင် ဘဝကို မြှုပ်နှံ၍ အလုပ် လုပ်နေကြသော လခစားဝန်ထမ်းများ ကောင်းစားရေးနှင့် မိမိလုပ်ငန်း တိုးတက်ရေးတို့ကို ဦးတည်၍ အကောင်းဆုံး ကြိုးစားသင့်ကြောင်းသာ အကောင်းဆုံးဟု ဆိုရပေသည်။

ရေးသားသူ - ပါမောက္ခ ဒေါက်တာ တင်စိုး
Ref: http://news.yatanarpon.com.mm/cp/hrjournal/article-8776

ဆက်ဆံရေးကောင်းပါစေ

“ဆက်ဆံရေးကောင်းပါစေ” လို့ ဆိုတဲ့တွက် ဘာဆက်ဆံရေးလဲဆိုတာ သိချင်ကြလိမ့်မယ်။ လူ့ဘဝမှာ ဆက်ဆံရေးတွေက အထွေထွေအရပ်ရပ် ရှိနေကြတယ်။  မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေး၊ ဆရာနဲ့ တပည့်ရဲ့ ဆက်ဆံရေး၊ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး၊ ကိုယ့်ရဲ့ မိတ်ဆွေ သင်္ဂဟများနဲ့ ဆက်ဆံရေးတွေ ရှိနေကြသလို အလုပ်လုပ်နေကြတဲ့ လုပ်ငန်းခွင်မှာလည်း အထက်အောက် ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေး ဆိုတာတွေလည်း ရှိကြတယ်။ ကိုယ့်ဆရာသမားတွေနဲ့ ဆက်ဆံရတဲ့ ဆက်ဆံရေးနဲ့ လုပ်ဖော်ကိုင်ဖက်ချင်း ဆက်ဆံတဲ့ ဆက်ဆံရေးဆိုတာ မတူနိုင်ပါဘူး။ ဒီအတိုင်းပဲ ကိုယ်က အလယ်အလတ်ဆင့် တာဝန်ရှိသူတစ်ဦး ဖြစ်နေရင် အောက်ခြေ ဝန်ထမ်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ ဆက်ဆံရေးလည်း ရှိနေမှာအမှန်ပဲ။ အခု ပြောချင်တာက အလယ်အလတ် အဆင့်က တာဝန်ရှိသူတွေနဲ့ အောက်ခြေဝန်ထမ်း သို့မဟုတ် အလုပ်သမားတွေရဲ့ ဆက်ဆံရေး ကိစ္စကို ဇောင်းပေးပြီး ပြောချင်တာပါ။

ကိုယ်က လုပ်ငန်းခွင်မှာ တာဝန်ရှိတဲ့သူ (ကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ မန်နေဂျာစသဖြင့် တစ်ဦးဦး) ဖြစ်နေခဲ့ရင် မလွဲမသွေ မတူညီတဲ့ ဆက်ဆံရေးကဏ္ဍမျိုးနဲ့ ဆက်ဆံ ဆောင်ရွက်ရမှာဟာ ဓမ္မတာပါပဲ။ ကိုယ့်လက်အောက်ငယ်သား ဆိုပေမယ့် သူတို့ဟာ လုပ်ငန်းခွင်ရဲ့ မောင်းနှင်အားတွေ ဖြစ်တာကြောင့် စနစ်တကျ ကိုင်တွယ်ဆက်ဆံရမယ် မဟုတ်လား။ အထူးသဖြင့် မန်နေဂျာ ဆိုသူတွေက ဒီကိစ္စအပေါ် ရှင်းလင်းတဲ့အမြင်နဲ့ ကောင်းမွန်တဲ့ သဘောထားတွေ ထားရှိနိုင်ဖို့ ဒီဆောင်းပါးကို ရေးရတာပါ။ ချို့ယွင်းချက်၊ လိုအပ်ချက် ဆိုတာမျိုးကတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအလိုက် ဖြည့်စွက်ချဲ့ကား နားလည်ယူကြရင် မန်နေဂျာနဲ့ သူ့ဝန်ထမ်းများရဲ့ ဆက်ဆံရေးဟာ ပြေပြစ်ချောမောပြီး လုပ်ငန်းတွေ အောင်မြင်သွားနိုင်ပါတယ်။ “အောင်မြင်တဲ့ စီမံခန့်ခွဲသူများဟာ ဆက်ဆံရေး ကောင်းမွန်တတ်တယ်” ဆိုတဲ့ စကားတစ်ခု ရှိတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်သမားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာနဲ့အမျှ လုပ်ငန်းတွေ မလွဲမသွေ အောင်မြင်မှာ ဖြစ်ပါတယ်။

အထက်အောက် ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ဘေးတိုက် ဆက်ဆံရေးပဲဖြစ်ဖြစ် တစ်ခုခု အားနည်း ချို့ယွင်းနေရင် ဓမ္မတာပဲ ချို့ယွင်းချက်၊ အားနည်းချက်၊ လစ်ဟာမှုတွေနဲ့အတူ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ဒီတော့ ဆက်ဆံရေးဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် သဘောထားပြီး ဆက်ဆံရေး ကောင်းမွန်မှုမရှိဘဲ အားနည်းနေရင် ပြုပြင်ကြပြီး တစ်စုံတစ်ရာ ကောင်းမွန်နေရင်လည်း ပိုမိုကောင်းမွန်အောင် ကြိုးစားသင့်တယ်။ ဒါမှသာ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေ၊ အလုပ်တွေလည်း အောင်မြင်နိုင်မယ် မဟုတ်လား။ ဒီနေရာမှာအရေးကြီးတာက ကိုယ်က ကိုယ့်ရဲ့ အထက်လူကြီးကို ဝေဖန်အကြံပေးဖို့အတွက် တချို့ကိစ္စတွေဟာ မလွဲမသွေ ပေါ်လာတတ်ပါတယ်။ ဒါကို အချိန်ကာလမရှောင်၊ နေရာဒေသမရွေး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အဲဒီစကားမျိုးဟာ အများရဲ့ရှေ့မှာ ပြောသင့်မပြောသင့် အရင်ဆုံး ချင့်ချိန်ဖို့ လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ အထက်လူကြီးနဲ့ ပြောဆိုဝေဖန် အကြံပေးရမယ့်စကားမျိုးဟာ အများရှေ့မှာ မပြောတာ အကောင်းဆုံးပါပဲ။ ဒီအတိုင်းပဲ ကိုယ့်လက်အောက် ငယ်သားတွေ (ဝန်ထမ်းနဲ့ အလုပ်သမားတွေ)ကို ဆက်ဆံတဲ့ နေရာမှာလည်း သတိထားသင့်ပါတယ်။

သိပ်ပြီး ဆက်ဆံရေး မတင်းမာသင့်သလို နေရာတကာ သိတတ်ပြီး အလျော့ပေးလိုက်လျော ဆက်ဆံလို့လည်း မရပါဘူး။ တင်းလွန်းရင်ပြတ် ဆိုသလို ဖြစ်သွားတတ်ပြီး လျော့လွန်းရင် ပတ်တတ်ပါတယ်။ မှန်တမ်းဆက်ဆံရေး တစ်နည်းအားဖြင့် မလျော့လွန်း မတင်းလွန်းတဲ့ ဆက်ဆံရေးကို ထူထောင်ထားသင့်ပါတယ်။ ဒီနေရာမှာ တာဝန်ရှိတဲ့ သူတွေဟာ အလုပ်သဘော ဆက်ဆံတာနဲ့ ခင်ခင်မင်မင် ရောရောနှောနှော နေတာကို ခွဲခြားသိရှိဖို့ လိုပါတယ်။ အရမ်းလည်း မရောပါနဲ့၊ အရမ်းလည်း သီးခြားမဆန်ပါနဲ့၊ မလျော့မတင်း စောင်းကြိုးညှင်းသလိုပဲ ဖြစ်နေရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လက်အောက် ငယ်သားတွေရဲ့ သာရေးနာရေး ကိစ္စတွေကို ဘယ်လောက်ပဲ အလုပ်များ၊ အလုပ်ရှုပ်နေပါစေ မဖြစ်မနေ ရောက်အောင်သွားပါ။ စာနာ ထောက်ထားမှုကို ပြပါ။ ဝမ်းသာဂုဏ်ယူမှုနဲ့ ချီးမြောက်ပါ။ အထူးသဖြင့် နာရေး ကိစ္စလိုမျိုး ဒုက္ခ ရောက်နေချိန်မျိုးမှာ မဖြစ်မနေ အကူအညီ ပေးနိုင်အောင် ကြိုးစားနိုင်ရင် ကောင်းပါတယ်။ သူတို့ဒုက္ခ ကိုယ့်ဒုက္ခအဖြစ် စာနာပြခဲ့ရင် သူတို့ဟာကိုယ့်ကို ကျေးဇူးတင်မဆုံး ဖြစ်နေမှာ သေချာသလို အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကွန်ရက် တစ်ခုကို ထူထောင်ပြီး ဖြစ်သွားပါလိမ့်မယ်။

ဒီလို လက်အောက် ငယ်သားတွေအပေါ် ဆက်ဆံနိုင်သလို ကိုယ့်ကို ကျေးဇူးပြုတဲ့သူ (အထူးသဖြင့် အထက်လူကြီး)များနဲ့ ပတ်သက်ရင်လည်း မမေ့မလျော့ အသိအမှတ် ပြုထားပါ။ ဂါရဝတရားနဲ့အညီ တတ်နိုင်သလောက် ဂါရဝပြုနိုင်ရင် ကောင်းပါတယ်။ ဒါဟာ ကိုယ့်ရဲ့ သိတတ်မှုကို သူတို့တစ်တွေ နားလည်သွားစေဖို့ပဲ ဖြစ်ပါတယ်။ မန်နေဂျာဆိုတာ ကိုယ့်ဝန်ထမ်းတွေနဲ့ အမြဲပဲထိတွေ့ ဆက်ဆံနေရတာပါ။ ဒီတော့ ဖြစ်နိုင်သမျှ အမှားအယွင်းနည်းရင် ကောင်းပါတယ်။ ကိုယ့်လက်အောက်ငယ် သားတွေကို တာဝန် ချထားတဲ့ နေရာမှာ မျှမျှတတ ရှိရင်ကောင်းပါတယ်။ အားလုံးက အဲဒီအလုပ် တာဝန်ခွဲဝေမှုဟာ စောဒက တက်စရာ မရှိလောက်အောင် ဖြစ်နေရင် အကောင်းဆုံးပါပဲ။ ဒါမှသာ သူတို့နဲ့ကိုယ့်ရဲ့ ဆက်ဆံရေးဟာ အဖုအထစ် ကင်းမယ် မဟုတ်လား။ ကိုယ်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါလျက်နဲ့ တစ်စုံတစ်ဦးဟာ ကိုယ့်အပေါ်မှာ ဆက်ဆံရေး ကျဲလာရင် ဒါမှမဟုတ် ကလန်ကဆန်သဘောမျိုး ဖြစ်လာရင် ပြန်မပြော နားမထောင် လုပ်လာရင် သေချာပေါက် ပြဿနာ ရှိနေပြီဆိုတာ နားလည်ဖို့ လိုလိမ့်မယ်။

ဒီအတွက် သူ့ကို ဗျူရိုကရက်ဆန်ဆန် နှိပ်ကွပ်ဖို့ထက် အကြောင်းရင်းက ဘာဆိုတာ သိရှိရအောင် လေ့လာပါ။ မြန်မြန် ဆေင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်ဘက်က ချို့ယွင်းအားနည်းချက် တစ်စုံတစ်ရာကြောင့် ဒီလိုဖြစ်နေတာဆို ရင် ပြင်နိုင်အောင်ကြိုးစားပါ၊ ပြင်ပါ၊ ကိုယ်ပြုပြင်နေတာကိုလည်း သူသိပါစေ။ ဒါမှမဟုတ်သူ့ရဲ့အထင်မှား အမြင်မှားကိစ္စ ကြောင့်ဆိုရင် အဲဒီကိစ္စကို တစ်နည်းနည်းနဲ့ သူသိသွားအောင် ဆောင်ရွက်လိုက်ပါ။ ဒါဆိုရင် သူ့အနေနဲ့ အမြင် ကြည်လင်သွားပြီး ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာပါလိမ့်မယ်။ ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ ဆက်ဆံရေးဆိုတာ အလွန် ကျယ်ပြန့်ပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ လေးနက်တဲ့ ဆက်ဆံရေး အမျိုးမျိုးသာမက မန်နေဂျာနဲ့ သူရဲ့ ဆက်ဆံရေးကိုတောင် ချဲ့ရင်ချဲ့သလို ရပါတယ်။ ဒါပေမဲ့ အမြည်း သဘောလောက်သာ တင်ပြထားတဲ့ အခု ဆောင်းပါးလောက်နဲ့ပဲ ကျင့်ကြံပြုမူ သဘောထားနိုင်ကြပြီ ဆိုရင် အောင်မြင်နိုင်ပါတယ်။ မန်နေဂျာ အားလုံးပဲ ဆက်ဆံရေး ကောင်းမွန်နိုင်ကြပါစေ၊ အဆင်ပြေနိုင်ကြပါစေ။

ထက်ကျော်

ဆက်ဆံရခက်သူတွေကို ဘယ်လို ချဉ်းကပ်မလဲ


ခင်ဗျားအနေနဲ့ သည်းမခံနိုင်အောင် ဆက်ဆံရေး ဆိုးဝါးတဲ့သူတွေနဲ့ တွေ့ကြုံ ဆက်ဆံရတဲ့အခါမှာ အနည်းဆုံးအားဖြင့် ရွေးချယ်စရာနည်းလမ်း လေးခုတော့ ရှိပါတယ်။ အဲဒါတွေဟာ မျက်လှည့်ဆန်တဲ့ ပုံသေနည်းတွေတော့ မဟုတ်ပါဘူး။  ဘယ်လို အခြေအနေမျိုးမှာမဆို ဘယ်နည်းလမ်းကို ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်မလဲဆိုတာနဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ရမယ့်သူက ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာလေးခုကတော့....

(၁) ဘာမျှမလုပ်ဘဲနေခြင်း

ဘာမျှမလုပ်ဘဲနေခြင်းဟာ လုံးဝဥဿုံ မလှုပ်မယှက် နေခြင်းတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းထဲမှာ ဘာမျှမလုပ်နိုင်တဲ့ အခြားပုဂ္ဂိုလ်တွေကို နာကျင်ခံခက်စေခြင်းနဲ့ မကျေမနပ် ပြောဆိုခြင်းတို့လည်း ပါဝင်ပါတယ်။ ဆက်ဆံရ ခက်ခဲသူတွေ အပေါ် အားမလို အားမရဖြစ်ခြင်းက များသည်ထက်များလာပြီး အချိန်နဲ့အမျှ ဆိုးဝါးလာနိုင်စရာ ရှိတာကြောင့် ဘာမျှမလုပ်ဘဲ နေခြင်းဟာ အန္တရာယ်တော့ ရှိပါတယ်။ ပြီးတော့ ဘာမျှမလုပ်နိုင်တဲ့သူကို မကျေမနပ် ပြောဆိုခြင်းက ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုကို ရွှေ့ဆိုင်းထားချိန်မှာ စိတ်ဓာတ်ရေးရာနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသခြင်း
တစ်ခါတစ်ရံမှာ ခပ်ခွာခွာ နေလိုက်ခြင်းက ခင်ဗျားအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်တတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေမှန်သမျှကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ အခြေအနေတွေ ဆိုရင် ဖြေရှင်းနေဖို့တောင် မထိုက်တန်ပါဘူး။ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်နဲ့ ဆက်လက် ဆက်ဆံလိုစိတ် တစ်စိုးတစ်စေ့မျှ မရှိတော့တဲ့အခါ ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသလိုက်ခြင်းက အဓိပ္ပာယ်ရှိပါတယ်။ တကယ်လို့ အခြေအနေ အရပ်ရပ်က ယိုယွင်း ဆိုးရွားလာနေပြီး ခင်ဗျားအနေနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ သိမြင်လာရပြီဆိုရင် ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်ခြင်းက တစ်စိတ်တစ်ဒေသအားဖြင့် အကောင်းဆုံးဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။ အဲဒီနောက် ခပ်ဝေးဝေးဆီ ထွက်ခွာလိုက်ပါ။ “ ရှင့်ရဲ့ ခွင့်ပြုချက် မပါရှိဘဲ ဘယ်သူကမှ ရှင့်ကို သိမ်ငယ်တဲ့ခံစားချက် ဖြစ်ပေါ်လာအောင် မလုပ်နိုင်ပါဘူး ” ဆိုတဲ့ အီလင်နာရုစဗဲ့လ်ရဲ့ စကားအတိုင်းပေါ့။ သို့ပေမဲ့ ကျောခိုင်းထွက်ခွာဖို့ မဆုံးဖြတ်မီ ခင်ဗျားအနေနဲ့ နောက်ထပ်ကျန်ရှိတဲ့ ရွေးချယ်စရာ နှစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါတယ်။

(၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြောင်းလဲလိုက်ပါ။
ဆက်ဆံရခက်ခဲတဲ့သူက ခင်ဗျားကို တုံ့ပြန်ရခက်တဲ့ အမူအကျင့်တွေနဲ့ ဆက်လက် ထိပါးနေဦးမယ်ဆိုရင် ခင်ဗျားဟာ အဲဒီလူကို တစ်မူထူးခြားစွာ ရှုမြင်နိုင်သလို သူပြောသမျှ ထူးထူးခြားခြား နားဆင်နိုင်တဲ့ အပြင် အဲဒီလူနဲ့ စပ်လျဉ်းပြီး မတူကွဲပြားစွာ ခံစားနိုင်ပါတယ်။ ပြဿနာလူသားတွေအပေါ် ထားရှိတဲ့ ခင်ဗျားရဲ့ တုံ့ပြန်ချက်များဆီက လွတ်မြောက်စေမယ့် စိတ်နေသဘောထားဆိုင်ရာ အပြောင်းအလဲတွေကို ခင်ဗျားကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

(၄) ခင်ဗျားရဲ့အမူအကျင့်ကိုပြောင်းလဲလိုက်ပါ။
ခင်ဗျားအနေနဲ့ ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ဆက်ဆံတဲ့နည်းလမ်းကို ပြောင်းလဲလိုက်ချိန်မှာ သူတို့က ခင်ဗျားအပေါ် ဆက်ဆံသင့်တဲ့ နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေ လာကြပါလိမ့်မယ်။ ပြဿနာဖြစ်စေတဲ့ အမူအကျင့် အများစုကို ရင်ဆိုင်ဖို့အတွက် ထိရောက်မှုရှိပြီး လေ့လာသင်ယူလို့ရတဲ့ မဟာဗျူဟာတွေ ရှိပါတယ်။ အဲဒါတွေကို ရှေ့လျှောက် ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
အတိုချုံးပြောရရင် (၁) ခက်ခဲတဲ့ အမူအကျင့်တွေကို အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်နိုင်ပေမဲ့ အခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု မတူကွဲပြားကြတယ် ဆိုတာကို နားလည်သဘောပေါက်ပါ။ အခြေအနေအရပ်ရပ်ကို ဘယ်လိုတုံ့ပြန်နည်းမျိုးနဲ့ တုံ့ပြန်ရမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်ပါတယ်။ (၂) ဘာမျှမလုပ်ဘဲနေဖို့ အားထုတ်ကြိုးပမ်းခြင်းက ရှောင်ကြဉ်ပါ။ ဒီမဟာဗျူဟာက စဉ်ဆက်မပြတ် လက်ခံနိုင်ဖွယ်မရှိပါဘူး။ တကယ်လို့ အခြေအနေက တကယ့်ကို ဆိုးဝါးနေတယ်ဆိုရင် ခင်ဗျားအနေနဲ့ အရေးတယူပြုပြီး လုပ်ကိုင် ဆောင်ရွက်ရဖွယ် ရှိပါတယ်။ (၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြုပြင်ပြီးမှ ခင်ဗျားရဲ့ အမူအကျင့်ကို ပြုပြင်ပါ။ တစ်ခါတစ်ရံ စိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အမူအကျင့်ကို ပြောင်းလဲခြင်းဆိုတဲ့ ခက်ခဲတဲ့ အလုပ်ကိုလည်း မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဝင်းသိန်းဦး
Ref : Dealing with Difficult People by Dr. Rick Brinkman and Dr. Rick Kirschner

ဈေးဝယ်ခြင်း အနုပညာ ၁၀

“ကိုပါတောရဲ့ ခုခေတ်က ဈေးဝယ်ပုံစံတွေ တော်တော်လေး ပြောင်းသွားပြီဗျ”

“အလကားနှိုက်ယူလို့ရပြီဆိုတဲ့ သဘောလား”
“အလကား နှိုက်ရင်တော့ အရိုက်ခံရမှာပေါ့ဗျ။ သည်ခေတ်မှာ အရောင်း မန်နေဂျာတွေ ငြိမ်ငြိမ်ထိုင်နေလို့ မရတော့ဘူးဗျ။ ရွစိရွစိ ဖြစ်ကုန်ကြပြီ”
“ခါချဉ်ထုပ် နှိုက်မိလို့လားကွာ”
“ဒါပြောတာ မဟုတ်ဘူးဗျ၊ အရောင်း မန်နေဂျာတွေခဗျာ ဈေးဝယ်သူတွေ လိုချင်စိတ်ရှိအောင်၊ ဝယ်ချင်စိတ်ရှိအောင် စိတ်ရော ကိုယ်ပါနှစ်ပြီး ဆောင်ရွက်နေကြရတာကို ပြောတာ။ ကျွမ်းကျင်မှုကို မြှင့်ကြရပြီး ပါရမီ အထုံကောင်းအောင် ပျိုးထောင်ကြရပြီ။ နိုင်ငံတကာ ဈေးကွက် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်အောင်  ထိရောက်တဲ့ အသိပညာတွေ ဆည်းပူးနေကြရပြီ။ Skills, Aptitudes and Knowledge ခေါ်သဗျ”
“အဲသလို အရောင်းမန်နေဂျာ တစ်ယောက်လောက် လိုချင်သကွာ။ ကုပ်ကြော လျှော့ခိုင်းချင်လို့”
“ကမ္ဘာ့ကုန်သွယ်စီးပွား ပွင့်လင်းမှု၊ ပွင့်လန်းမှုတွေလည်း အရေးပါလာပြီကိုး ကိုပါတောရဲ့။ ခုခေတ်မှာက နိုင်ငံတကာအဆင့်မှာ အချင်းချင်း အမှီအခိုကောင်းရှိရေးနဲ့ အချင်းချင်း ဆက်နွယ်ချိတ်ဆက်မှု ဆိုတာတွေ အားကောင်းလာကြပြီ။ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၊ ဈေးဝယ်သူများရဲ့ အရသာ ဆိုတာတောင် ပြောလာကြသဗျ”
“ချဉ်စုတ်စုတ်နေမှာပါ မောင်ရ”
“အဲသလို နိုင်ငံအချင်းချင်း၊ ကုန်သွယ် စီးပွားလုပ်ငန်း အချင်းချင်း အားပြုရခြင်း သဘော၊ အချင်းချင်း ချိတ်ဆက်ရခြင်း သဘောတွေ အားကောင်းလာတာနဲ့ အမျှ ဝယ်ယူသူတွေ စိတ်ချမ်းသာကြရတယ်။ Inter- dependency and interconnectims ခေါ်ကြသဗျ”

" တကယ်တော့ ဈေးဝယ်ခြင်းဆိုတာလည်း ယဉ်ကျေးမှုကိုး ကိုပါတောရဲ့။ ကမ္ဘာလုံးဆိုင်ရာ သဘောတွေ ရှိလာပြီပေါ့ဗျာ”
“ဒါကြောင့်ပေါ့ကွာ။ ငါက ဂျေဒိုးနတ်ကို ဆွမ်းအုပ်ထဲ ထည့်စားတာ” ဈေးဝယ်ခြင်းဆိုတာ သည်ခေတ်မှာတော့ ခက်ခဲရှုတ်ထွေးခြင်း အပေါ်မှာ အရသာခံစားနိုင်မှု  (appreciation of the Complexities)လို့တောင် ဆိုနိုင်ပါပြီ။ ပြည်တွင်း ထုတ်ကုန်တွေကိုလည်း ဝယ်ယူ သုံးစွဲကြရသလို ပြည်ပ ထုတ်ကုန်တွေကိုလည်း ပစ်ပယ်လို့ မရနိုင်တော့ပါဘူး။ ပြည်တွင်း မားကက်တင်း ပတ်ဝန်းကျင် ကလည်း  အားကောင်း၊ ကမ္ဘာလုံးဆိုင်ရာ မားကတ်တင်းကလည်း အားကောင်းပေါ့ ခင်ဗျာ။
“မင်းပြောပုံဆို ဈေးဝယ်သူတွေ ခါးစောင့်ရုံ ရှိတော့တာပေါ့” ဈေးဝယ်ခြင်းမှာ ပတ်ဝန်းကျင်ကောင်းကလည်း ရှိပါဦးမှ။ ဥစ္စာဓန ကြွယ်ဝခြင်းနဲ့ ရောင်းရေးဝယ်တာ စွမ်းအား ဆိုတာကလည်း အချိုးကျဦးမှကိုး။ အချိုးကျရုံ မကပါဘူး။ နှစ်ဖက်သွားလို ထက်ရှပါဦးမှ။ ပညာရှင်တွေ ကတော့ ဒါကို offluence and commercial dynamism လို့ သုံးကြတယ်ခင်ဗျ။ ချမ်းသာမှ ဝယ်နိုင်တယ်ဆိုတာ များလား။ အောင်မောင်းတို့များ ဝယ်ချင်တာတွေရှိပေမယ့် မတက်နိုင်လို့ မဝယ်နိုင်တာတွေ အပုံပါ။ သုံးစွဲနိုင်သော ဝင်ငွေ(disposable income) ကလည်း ရှိပါမှခင်ဗျ။
“သုံးစွဲနိုင်တဲ့ ဝင်ငွေရှိပါမှပေါ့ အောင်မောင်းရာ။ ငါဆို ဟယ်လီကော့ပတာ တစ်စီးဝယ်ပြီး ခယ်မ သုံးယောက်နဲ့ လည်ချင်တာ ခုထိ အကောင်အထည် မပေါ်ဘူး”
ကမ္ဘာ့လူဦးရေ ကြီးထွားလာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ လူငယ်ယဉ်ကျေးမှု တွေကလည်း ကြီးထွားလာနေပါတယ်။ နိုင်ငံတော်တော် များများမှာ နိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကျော်ဟာ လူငယ်တွေပါ။ ကြီးကောင်ဝင်စတွေပေါ့။ ကမ္ဘာ့အကြီးဆုံး ဈေးကွက် လို့တောင် ဆိုကြတယ်။ လူငယ်ကြိုက် အမွှမ်းတင်ခံ အရာတွေထဲမှာ နစ်ကေး၊ ကိုကာကိုလာ၊ ဆိုနီဝေါ့စ်မဲန်၊ စီဂါ၊ နီတင်ဒိုနဲ့ ပလေးစတေရှင်တွေ ထိပ်က ပါပါတယ်။ ဒေသစွဲကြီးတဲ့ ကုန်ပစ္စည်းတွေ၊ ရိုးရာ ပစ္စည်းတွေ၊ တိုင်းရင်း ပစ္စည်းတွေ မျက်နှာငယ် နေရသတဲ့။ ပြည်တွင်းဖြစ်တွေက “အောက်” နေပြီလို့ ခံယူကြ။

“ငါဖြင့် ရယ်ဒီမိတ် ကန်တော့ပွဲတွေ ထိုးရောင်းတာ နတ်ကတော် အဘွားကြီးတွေကပဲ ဝယ်သကွာ”
“ကမ္ဘာ့လူဦးရေနဲ့ အတူ မွေးဖွားလာတဲ့ ယဉ်ကျေးမှုတွေပေါ့ဗျာ။ လူငယ်တွေ မပြောနဲ့ သက်ကြီးရွယ်အိုတွေ ကလည်း nonnational idendity ဖြစ်ကုန်ကြသတဲ့ဗျ။ အမျိုးသားရေး ဝေးဝေးရှောင်ကြတဲ့”
“ဖြစ်လောက်သကွ။ ငါတောင် နားပေါက်ဖောက်ပြီးပေါ့၊ အရိုးခေါင်းတီရှပ်ပဲ လိုတော့တယ်” အောင်မောင်းတို့ ဆီမှာလည်း လူကြီး တော်တော်များများက ပုဂ္ဂိုလ်ရေး အမှတ် လက္ခဏာထက် နိုင်ငံတကာ လက္ခဏာဆောင်တဲ့ ကုန်ပစ္စည်းတွေ ကြိုက်လာကြတယ်။ နိုင်ငံခြား ရုပ်ရှင်မှ ကြိုက်တယ်။ နိုင်ငံခြား အစားအစာမှ ကြိုက်တယ်။ နိုင်ငံခြား အဝတ်အထည်မှ ကြိုက်တယ်။ နိုင်ငံခြားကားမှ စီးချင်တယ်ပေါ့နော့။
“ငါကတော့ စက်မှုဇုန် ဂျစ်ကားပဲ စီးတယ်။ ဝတ်တော့ တောင်မြို့ထည် ဝတ်တယ်။ စားတော့ ရွှေဘိုမနောဆန် စားတယ်။ မင်းသမီး တော့ အင်ဂျလီနာဂျိုလီ ကြိုက်သကွ”
“ဒါကြောင့် ပြောတာပေါ့ဗျ။ ဈေးဝယ်ခြင်း အနုပညာ ထွေပြားလာတာနဲ့အမျှ ကုန်ပစ္စည်း နယ်နိမိတ်တွေ ဝေဝါးသွားသတဲ့။ နိုင်ငံတကာ သဘောဆောင်တဲ့ ဝယ်ယူစား သုံးမှုတွေ တိုးပွားလာသတဲ့။ embracing global power လို သုံးကြသဗျ။ ကမ္ဘာလုံးဆိုင်ရာ ပါဝါကို လက်ခံ ယုံကြည်လာကြတယ်လို့ ပြောတာ”
“Global power တော့ မပြောတတ်ပေါင်ကွာ။ Electric power ကတော့ မလာတာကြာပေါ့”
ဈေးဝယ်တွေကပဲ စိတ်ဓာတ်အခြေခံ ပြောင်းလဲလာသလားတော့ မပြောတတ်ဘူးပေါ့ ခင်ဗျာ။ တိုင်းရင်းဖြစ် ရိုးရာပစ္စည်းတွေကို ပစ်ပယ်လာကြတာ များလာတယ်လို့ သုတေသန ပြုချက်တွေက ဆိုတယ်။ ဂလိုဘယ်သတ်ကွင်း (global arena)ထဲမှာ ရိုးရာနဲ့ နပမ်းလုံးကြတာ ရိုးရာက ရှုံးသတဲ့။

“ဖျားရင်တော့ ငန်းဆေးနဲ့ကွမ်းရည် မလွတ်ပေါင်ကွာ။ ငါ့မိန်းမကျတော့ ချင်းနဲ့ထန်းလျက်ကွ”
“အခုက ဝေါဟာရအသစ် ထွင်နေပြီ။ global nationalisation တဲ့ဗျ။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံပိုင် ပြုလုပ်ခြင်းပေါ့ဗျာ။ ကမ္ဘာကျော် ကားတွေ ကြည့်လေဗျာ။ ဖက်ဆပ် တွေ ထူထောင်ကြပြီး တိုယိုတာနဲ့ ဂျီအမ်ကားတွေ ဖက်ဆပ် လုပ်နေကြသဗျာ။ ဒိန်းမလားနဲ့ ခရိုက်စလာ ပေါင်းသဗျာ။ ကမ္ဘာကျော် ဆေးဝါး ကုမ္ပဏီတွေဖြစ်တဲ့ ဂလက်ဇိုနဲ့ စမစ်သ်ကလိန်းဘီချမ်းတို့ ပေါင်းသဗျာ။ သဘောက ဝယ်သူတွေ အတွက် ရောင်းသူတွေ ဘက်က မဟာမိတ်ဖွဲ့ကြတဲ့ သဘောပဲ။ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် ပြုခြင်းပေါ့။ Global allience ခေါ်တယ် ကိုပါတောရဲ့”
“ငါနဲ့ ငါ့ယောက္ခမလည်း ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် ပြုလိုက်ကြပြီ အောင်မောင်းရ။ ယောက္ခမဆီက ပိုက်ဆံချေးချင်လို့” ကမ္ဘာကျော် လေကြောင်း ကုမ္ပဏီတွေလည်း ပေါင်းကြပါပြီ။ ကမ္ဘာကျော် ဘဏ်တိုက်ကြီးတွေကလည်း အချင်းချင်း ပေါင်းကြပါပြီ။ ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ အချင်းချင်းလည်း ပေါင်းကြပါပြီ။ ပေါင်းစည်းခြင်းအားဖြင့် အချင်းချင်း ပြိုင်ဆိုင်တာ၊ ရန်စောင်တာ၊ ဈေးကွက်လုတာ၊ ဈေးကွက် မဟာဗျူဟာအရ မလိမ့်တပတ် လုပ်တာတွေ လျော့ပါးသွားတာ၊ ဝန်ဆောင်မှုကောင်း၊ ကုန်ပစ္စည်းကောင်း ပေးနိုင်ကြပြီပေါ့နော့။ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဈေးခင်းမှာ ယဉ်ကျေးမှုအရ၊ စီးပွားရေးအရ၊ နည်းနာအရ များများကြီး အကျိုးရှိလာကြသတဲ့။
“ငါက ဆန်ပြုတ်ရောင်းသကွ။ ငါ့အိမ်ဘေးက ယာဂုရောင်းသကွ သည်နှစ်မျိုးပေါင်းပြီး ရောင်းလိုက်တော့ ခွေးစာ ဖြစ်ကရောကွာ။ ရောင်းလိုက်ရတာမှ”


အောင်မောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons