တစ်ရက် ကျွန်တော်နဲ့ တိုင်ပင်စရာရှိလို့ တွေ့ရအောင်ဆိုပြီး “မောင်နိုင်” ဆိုတဲ့ ကုန်သည်လေး တစ်ယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်တော်ကလည်း နှစ်ယောက်လုံး အားတဲ့ အချိန်ညပိုင်း အိမ်ကိုလာဖို့ ခေါ်လိုက်ပါတယ်။ မောင်နိုင် ရောက်လာတော့ အိမ်မှာ မပြောချင်ဘူး ဆိုတာနဲ့ တက်သေးအင်း ကန်တော်ကြီး ဘေးက အုတ်ခုံလေးပေါ်မှာ နှစ်ယောက်သား ထိုင်ဖြစ်ပါတယ်။ မောင်နိုင်က “သူဘယ်လို ဖြေရှင်းရရင် ကောင်းမလဲ” ဆိုတဲ့ ပုစ္ဆာလေးကို ယူလာတာပါ။ တောင်ကြီးက သူ့ကုန်သည်ဆီမှာ သိန်း ရာဂဏန်းလောက် မြှုပ်နေပါသတဲ့။ ဆုံးတော့လည်း မဆုံးနိုင်ပါဘူး။ ငွေကြေး တောင့်တင်းခိုင်မာတဲ့ ကုန်သည်၊ နာမည်ကောင်းရှိတဲ့ ကုန်သည်လည်း ဖြစ်ပါသတဲ့။ ခက်တာက မောင်နိုင်က သူများဖောက်သည်ကို သူက အတင်း လုရောင်းထားတာ။
“မင်းသူ့ကို တိုက်ရိုက်ကြီး အကြွေး သွားမတောင်းနဲ့။ ဖုန်းနဲ့လည်း ငွေကြပ်တာ ပြုတာ သူ့ကိုလည်း မပြောနဲ့။ သူ့ညီကိုလည်း မပြောနဲ့။ သူမှာတဲ့ ပစ္စည်းကိုလည်း အကြွေးများနေတယ် ဆိုပြီး မပို့ဘဲ မနေနဲ့။ မင်းကိုယ်တိုင် လက်ဆောင် ပစ္စည်းတွေနဲ့ သူတို့မြို့ကို အကြောင်းတစ်ခုပြပြီး အလည်ရောက်လာသလို သွားပြီးရင် မင်းလည်း နည်းနည်းပါးပါး ချတတ်တာပဲ စားသောက်ဆိုင် တစ်ဆိုင်မှာ စားရင်းသောက်ရင်း စကားစမြည် ပြောသလိုနဲ့ မင်းအခက်အခဲတွေကို ပြောပြလိုက် ဒါဆိုရင် ပွဲသိမ်းပဲ” လို့ သင်ပေးလိုက်တယ်။
နောက်နှစ်ပတ်လောက် နေတော့ သူ့ဆီက ဖုန်းဝင်လာပါတယ်။ အိမ်မှာ တောင်ကြီးပြန် လက်ဆောင် ဝင်ပေးခဲ့တယ် ဆိုတာရယ်၊ သူ့ကိစ္စ အဆင်ပြေသွားတယ် ဆိုတဲ့ အကြောင်းရယ်၊ သတင်းကောင်းလေး ကြားရပါတယ်။ ဒီအကြောင်းပြီးလို့မှ သိပ်မကြာခင်မှာ ဖောက်သည်တွေဆီက မောင်နိုင်နဲ့ အရောင်းအဝယ် လုပ်ရင် အရင်လို ငွေမမြန်ဘူး၊ ငွေကြာတယ် ဆိုတဲ့ အကြောင်း၊ ချပေးထားတဲ့ အကြွေးဆိုရင်လည်း အလိုက်တသိနဲ့ ပေးတယ်ဆိုတာ မရှိတော့ဘဲ မတောင်းမချင်း မပေးဘူး ဆိုတဲ့ အသံလေးတွေ ဟိုကဒီက တစ်စွန်း တစ်စ ကြားလာရတယ်။ ကျွန်တော်အတွေးထဲမှာ မောင်နိုင် အကြောင်းက တစ်ဝဲလည်လည် ဖြစ်လာပါတယ်။
သူနဲ့ ကျွန်တော် စတွေ့တာ လွန်ခဲ့သော ဆယ်နှစ်လောက်ကပါ။ အဲဒီ အချိန်တုန်းက ကျွန်တော်ကလည်း ဈေးကို နေ့တိုင်း ဆင်းနေရတဲ့ ရောင်း၊ တောင်း ဘဝပါ။ ရောင်းတောင်းဆိုတာ မနက်ကို ဈေးလိုက်ရောင်းတယ်။ ညနေအကြွေး လိုက်တောင်းတယ်ကို ဆိုလိုတာပါ။ သူက အစက ကျောင်းပြီးကာစမှာ သူ့အဖေရဲ့ မိတ်ဆွေ ဖွင့်ထားတဲ့ မြန်မာ ဘယဆေးဆိုင်မှာ အလုပ် လုပ်ပါတယ်။ သူ့ဆရာက အင်္ဂလိပ်ဆေး လုံးဝ မရောင်းပါဘူး။ ဒီတော့ အဲဒီ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေက အင်္ဂလိပ်ဆေး လိုချင်ရင် သူ့ကို ဝယ်ခိုင်းပါတယ်။ နောက်ဝယ်တာများတော့ ဆိုင်ရှင်တွေနဲ့ သူက ရင်းနှီးလာတဲ့အခါ နယ်က မှာလိုက်တဲ့ ပစ္စည်းကို သူတို့ဆိုင် လာဝယ်ချင်အောင် ဆွဲဆောင်တဲ့ အနေနဲ့ မောင်နိုင်ကို ဝယ်ပေးတဲ့ ငွေပမာဏ အပေါ်မှာ ကော်မရှင် စားပေးပါတယ်။ သူ့ဆရာ ဖောက်သည်တွေကလည်း အင်္ဂလိပ်ဆေး ဆိုရင် သူ့ကိုပဲ အလကား အဝယ်ခိုင်းတာကနေ ဝယ်တဲ့ သူကလည်း ကော်မရှင်ပေး ပြီးခိုင်းတဲ့ အဝယ်တော် သဘောမျိုးထိ တိုးတက်လာပါတယ်။ သူကလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အမြဲတမ်း ဆောင်ရွက်ပေးတာကြောင့်လည်း ဖြစ်ပါတယ်။
သူ့ဆရာဆိုင်မှာ အလုပ် လုပ်နေရင်းက သုံးနှစ်လောက်ကြာတဲ့ အခါမှာ သူ့အမျိုးသမီးက အဲဒီတုန်းက ပုဂ္ဂလိက ဘဏ်ဝန်ထမ်းပါ။ သူအိမ်ထောင်ကျပြီးလို့ မကြာခင် အားလုံးက တိုက်တွန်းတာရယ် သူကိုယ်တိုင်ကလည်း သူများအလုပ်က ရုန်းထွက်ချင်တာရယ် သူဝယ်နေတဲ့ ဆိုင်တွေကလည်း အကူအညီပေးမယ် ဆိုတာရယ်ကြောင့် ဆေးဆိုင်လေး စဖွင့် ဖြစ်သွားပါတယ်။ အစကတော့ သူ့ဆရာကို အားနာတော့ အင်္ဂလိပ်ဆေးနဲ့ စခဲ့ပေမယ့် နောက်အားလုံးက တိုက်တွန်းတော့ သူကျွမ်းကျင်တဲ့ မြန်မာဆေးက အဓိကလို ဖြစ်သွားပါတယ်။ အစကတော့ ဆိုင်မှာ သူတစ်ယောက်တည်းပါ။ ဖြစ်ချင်တော့ သူအမျိုးသမီးကလည်း ဘဏ်က ဝန်ထမ်း လျှော့ချအထဲမှာ အိမ်ထောင်သည် ဆိုပြီး အလျှော့ ခံလိုက်ရပါတယ်။ ဒီတော့ အလိုလို ဆိုင်ပေါ်ကို ရောက်လာတော့တာပေါ့။ တိုတိုပြောရရင် ကြိုးလည်းကြိုးစား လုပ်အားကလည်း တိုးလာတော့ သူတို့ ဆိုင်ကလေးက ခဏလေး အတွင်းမှာ စည်ပင်လို့ စီးပွား တက်လာတယ်လို့ ပြောနိုင်ပါတယ်။
တကယ်တော့ တိုးလာတဲ့ အိမ်အသုံးအဆောင်တွေကို ကြည့်လို့ အားလုံးက မှတ်ချက်ချကြတာကို ကျေနပ်နေပါသတဲ့။ တကယ်တော့ သူမှာ တိုးပွားလာတယ် ဆိုတဲ့ အသုံးအဆောင် ပစ္စည်းတွေ လက်ဝတ် ရတနာတွေ များများလာတာက အရောင်းအဝယ် ကောင်းလို့ အမြတ်အစွန်းကြောင့် တိုးလာသော ငွေလား။ သူများက ယုံကြည်လို့ ပေးထားတဲ့ တစ်ချိန်မှာ မဖြစ်မနေ ပြန်ပေးရမယ့် ကုန်ကြွေးလား။ ဆိုတာကိုတော့ စဉ်းစားမိပုံ မပေါ်ပါဘူး။ မလိုအပ်တဲ့ နေရာမှာ အသုံးများတော့ ငွေတွေက ငွေသေတွေ ဖြစ်ကုန်ပါတယ်။ သူကို အကြွေးများများ သူများကပေးတော့ သူကလည်း ဒီ့ပြင့်လူတွေကို တစ်ဆင့်များများ ပြန်ပေး။ မလိုအပ်ဘဲနဲ့ပဲ ဝယ်ချင်ရာတွေကို ဝယ်ဆိုတော့ လုပ်ငန်းထဲမှာ ရှိတဲ့ အရင်းအနှီး လှည့်ပတ်ငွေက တစ်ထက်တစ်စ မသိမသာလေး နည်းနည်းလို့ လာပါတယ်။ အဲဒီ အချိန်မှာပဲ သူများဆီက ပြန်ရမှ သူကလည်း သူများပေးစရာကို ပြန်ပေးနိုင်တော့တဲ့ အနေအထားကို ရောက်မှန်းမသိ ရောက်လာတာကို သူ သတိမထားမိလိုက် မသိလိုက်မိပါဘူး။
ကျွန်တော်တို့ မြန်မာ လုပ်ငန်းရှင်တွေရဲ့ အားနည်းချက်က ငွေကြေး စီမံခန့်ခွဲမှု အားနည်းတာပါပဲ။ နေ့စဉ် ဝင်လာတဲ့ ငွေဟာ အားလုံး ကိုယ့်ဟာမဟုတ်ဘူး ဆိုတာကို မေ့ထားတတ်ကြပြီး ရီစရာလို ပြောရရင်တော့ ငါ့ခြံထဲ ရောက်ရင် ငါ့နွားလို့ သတ်မှတ်လိုက်ကြတာ များပါတယ်။ သူများပေးစရာကို မြန်မြန်ပေးနိုင်အောင် ဖယ်ထားမယ် အမှန်တကယ် မြတ်တာကိုမှ သုံးသင့်တာ သုံးလို့ အရင်းအနှီး ကြီးသထက်ကြီးအောင် ပိုငွေကို အရင်းထဲ ပြန်ထည့်မယ်ဆိုတာ အိပ်မက်ထဲတောင် မပါသလောက်ပါ။ စီးပွားတက်ကြောင်း ပြတဲ့အနေနဲ့ ဝယ်ပြမယ်၊ သုံးပြမယ်၊ ဝတ်ပြမယ်၊ လှူပြမယ် (စိတ်ရင်း အမှန်ပါလား မပါလားတော့ မသိဘူး) အလွန်အကျွံ လုပ်တယ်ဆိုတဲ့ လူမျိုးပါ။ ဒီလို လုပ်တတ်တာကြောင့် ဖြစ်လာတာကတော့ တစ်ခုခုများ ထစ်သွားမယ်။ ကိုယ်အကြွေးချပေးတဲ့ ကုန်သည် တစ်ဦးဦးက အထစ်အငေါ့ ဖြစ်သွားမယ်။ ဆိုင်ပြုတ်သွားလို့ အကြွေးတွေများ မပေးနိုင်တော့ဘူးဆိုရင် သူကိုယ်တိုင်ကလည်း စိုက်မဆပ်နိုင်တဲ့ ဘဝမျိုးကို အော်တိုမက်တစ် ရောက်သွားပါတယ်။ ဒီတော့ အကြပ်ရိုက်ကုန်ကြ အဆင်မသင့်ရင် ကိုယ့်ဖောက်သည် စီးပွားပျက်တော့ ကိုယ်ပါရောပြီး စီးပွားပျက်ကုန်ကြပါရော။ အဲဒါက ကိုယ်ရလာတဲ့ အမြတ်တင် သုံးရုံမကဘူး။ သူများရဲ့ အရင်းကိုပါ ဆွဲသုံးလိုက်တာကြောင့် ဖြစ်ရတာပါလို့ ပြောအပြီးမှာ မောသွားတယ်နဲ့ တူပါတယ်။ ရေနွေးကြမ်းကို သောက်နေပါတယ်။
ကျွန်တော်က ဒါဆိုမောင်နိုင်တို့ ဘယ်လိုဖြစ်သွားလဲလို့ မေးတော့ စီးပွားပျက်တဲ့ ထိတော့ ဆိုးမသွားပါဘူး။ ဒါပေမယ့်လည်း များများငွေချ မပေးနိုင်တော့ များများ အကြွေးယူလို့ မရဘူး။ ကြွေး များများယူလို့ မရပြန်တော့ များများ မရောင်းနိုင်ပြန်ဘူးလေ။ ဒီတော့လည်းများများ မမြတ်ဘူးပေါ့ကွာလို့ ပြောပါတယ်။ ကျွန်တော်ခေါင်းထဲ ဖြတ်ကနဲ ဝင်လာကတော့ ငယ်သူငယ်ချင်းလေး ခိုင်စိုးပါ။ ကျွန်တော်တို့ ကလေးဘဝက တစ်ယောက်နဲ့ တစ်ယောက် အရပ်အမြင့် ပြိုင်ကြရင် ဒီကောင်က သူများထက် ပိုမြင့်အောင် ခြေဖျားထောက် ရပ်လေ့ရှိပါတယ်။ အဲတော့ သူ့အကြောင်း သိနေတဲ့ သူငယ်ချင်းတွေက ကြာကြာ အရပ်မြင့် ပြိုင်မယ်ဆိုပြီး စိန်ခေါ်ပါလေရော။ အဲဒီအခါ ခိုင်စိုး မပြိုင်ရဲပါဘူး။ ခြေစုံရပ်တဲ့ ကောင်လောက် ကြာကြာ သူမရပ် နိုင်ဘူးဆိုတာ သူ့ကိုယ်သူ သိနေလို့ပါပဲ။ ဒီလိုပါပဲ။ ကိုယ် အရင်းအနှီး နည်းနည်း သူများငွေ များများနဲ့ အလုပ်လုပ်တဲ့ သူကလည်း ခိုင်စိုးလို လူစားမျိုးနဲ့ မထူးပါဘူး။ ကိုယ့်ငွေက နည်းနည်း သူများ ငွေတွေနဲ့သာ လှည့်ပတ် အလုပ်နေရတဲ့ အချိန်လေးမှာ ကိုယ်ပိုင်အရင်းအနှီး တိုးသထက် တိုးအောင် အရင် စုဆောင်းမယ်။
ကိုပေါက်(မန္တလေး)


blogspot
Posted in: