Showing posts with label Opinion. Show all posts
Showing posts with label Opinion. Show all posts

အသွင်ကူးပြောင်းရေး ကာလ၊ စနစ်သစ်နှင့် ထမ်းရမည့် တာဝန်

နိုင်ငံတည်ဆောက်ရေး၊ စျေးကွက်စီးပွားရေးစနစ်ဖြင့် နိုင်ငံစီးပွားရေးကို တည်ဆောက်ရေး ဆိုရာတွင် နိုင်ငံတော်များသည် အောက်ပါတာဝန် နှစ်ရပ်ကို မဖြစ်မနေ ထမ်းဆောင်ရန် တာဝန်ရှိပါသည်။ ယင်းတာဝန်ကြီးများမှာ
(၁) နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့် ရရှိစေရန်နှင့် အလုပ်လုပ်စေရန် အလို့ငှာ မက်လုံးနှင့် တွန်းအားများပေးပြီး အလုပ်လုပ်စေကာ နိုင်ငံသားတိုင်း ကြွယ်ဝမှုမှတစ်ဆင့် နိုင်ငံကို ကြွယ်ဝစေရန်
(၂) နိုင်ငံသားတိုင်း အလုပ်လုပ်ပြီး မြတ်စွန်းကြွယ်ဝလာနိုင်စေရန် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်၊ အမြတ်ရရှိရေးကို ထိခိုက်စေမည့် စရိတ်စကများကို တတ်နိုင်သမျှ လျှော့ချပေးရန် စသည့်တာဝန်များ ဖြစ်ပါသည်။
ဤသို့နိုင်ငံတော်များ၏ တာဝန်ကို နိုင်ငံတော်များကိုယ်စား အစိုးရတို့က ထမ်းဆောင်ရာတွင် စနစ်ဟောင်းက ပါရှိလာတတ်သော အယူအဆအချို့ကိုလည်း ချန်ထားခဲ့ရန် လိုအပ်ပြီး သို့မှသာလျှင် နိုင်ငံသားများ အလုပ်လုပ်ခွင့်၊ မြတ်စွန်းခွင့်တို့ကို ချောဆီထည့်သူများ ဖြစ်လာနိုင်ပေသည်။ အထူးတလည် ဂရုစိုက်ရန် လိုအပ်သော သဘောထားနှစ်ရပ်မှာ
(၁) ပြည်သူတစ်ဦးချင်း၏ ကြွယ်ဝမှုသည် နိုင်ငံ၏ ကြွယ်ဝမှုပင်ဖြစ်၍ နိုင်ငံသားများ မြတ်စွန်းကြွယ်ဝခြင်းသည် နိုင်ငံတော်မြတ်စွန်း ကြွယ်ဝခြင်းဖြစ်သည်ဟု သဘောထားရန်။
(၂) နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံစီးပွား တည်ဆောက်ရေးတွင် နိုင်ငံသားအားလုံးသည် နိုင်ငံနှင့် နိုင်ငံစီးပွားရေးတို့၏ ပြိုင်ဘက်မဟုတ်ဘဲ အခွန်ပေးမည့် အခွန်ထမ်းများသာ ဖြစ်သည်ဟု သဘောထားရန်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံသားများ၏ သက်သာ ချောင်ချိရေးအတွက်သာလျှင် ပုဂ္ဂလိကပိုင် မပြုဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရှိပြီး နိုင်ငံတော်၏ အကျိုးအမြတ်အတွက်ဆိုလျှင် စီးပွားရေးလုပ်ငန်း အားလုံးထံမှ အခွန်ရရှိအောင် ကောက်ယူရန်သာ ဖြစ်ပေသည်။
ခေတ်မီနိုင်ငံ တည်ဆောက်ရေးဆိုရာတွင်လည်း နိုင်ငံတော်များ၏ တာဝန်မှာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နယ်ပယ်အားလုံး ခေတ်မီရေးကို ဆောင်ကြဉ်းပေးရန် တာဝန်ရှိသည်ဖြစ်ရာ အောက်ထစ်ဆုံး ခေတ်မီရေးကို လုပ်မပေးနိုင်လျှင် သူ့သဘောသူဆောင်၍ ကျွဲကူးရေပါ ဖြစ်နေသော ခေတ်မီရေးကို မတားမြစ်အပ်ပေ။
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် စတင်ချိန်တွင် ပြည်သူလူထုတို့၏ မျှော်လင့်ချက်များ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်ဖြစ်၍ မဖြစ်နိုင်သော မျှော်လင့်ချက်များကို မဖြစ်နိုင်ကြောင်း ရှင်းပြရန်၊ ဖြစ်နိုင်သော မျှော်လင့်ချက်များကို မည်သို့ စည်းကမ်းပြည့်ဝစွာ ပူးပေါင်းပါဝင် ရရှိနိုင်ကြောင်း ရှင်းပြရန် စသည်များ တာဝန်ရှိပါသည်။

Ref:http://thevoicemyanmar.com/index.php?option=com_content&view=article&id=981:2011-03-25-19-07-30&catid=101:editorial&Itemid=483

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons