Showing posts with label Buying. Show all posts
Showing posts with label Buying. Show all posts

ဈေးဝယ်ခြင်း အနုပညာ

မ္ဘာကြီးမှာ လူဦးရေတွေ ပွားချင်တိုင်း ပွားလာတဲ့ အပြင် တောနဲ့မြို့ တပြန့်တပြောတည်း ဆက်စပ် ကျယ်ပြန့်မှုဟာလည်း ပမာဏ ကြီးလာပါတယ်။


ဒါကို gigantic Conurbations ခေါ်ကြတယ်။ သည်တော့ ဈေးဝယ်သူတွေကလည်း ဖွဲ့တည်မှု နီးကပ်လာခြင်းနဲ့ အတူ လိုအင်ဆန္ဒတွေ တစ်ပြေးညီ ဖြစ်လာတယ်လို့ ကောက်ချက်ဆွဲမယ် ဆိုရင်လည်း ဖြစ်ပါရဲ့။ တောနယ်က ဒါကြိုက်တယ်၊ ဒါကိုဝယ်တယ်။ မြို့ပြက ဒါကို ဝယ်တယ်၊ ဒါကိုကြိုက်တယ် ဆိုတာ အကွာအဟ ကျဉ်းသွားပြီးလို့ ဆိုလိုတာပါ။ တိုကျိုဆိုရင် လူဦးရေသန်း ၃၀ လောက်၊ မက္ကဆီကိုဆိုရင် သန်း ၂၀ လောက် ရှိနေပါပြီ။ ပါရီ၊လန်ဒန်၊ ရောမမြို့ကြီး တွေလိုပဲ လာဂို့စ်၊ ဗျနောအေးရိစ်၊ ဂျာကာတာလို မြို့တွေဟာလည်း ဖြတ်တက်သွားဖို့ တာစူနေပါပြီ။ “လူတွေ များလာသဗျာ၊ လူတွေရဲ့ နေထိုင်မှုပုံစံက နီးကပ်လာသဗျာ၊ ခေတ်သစ်မီဒီယာတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ချက်ချင်းမြင်၊ ချက်ချင်းသိ၊ ချက်ချင်းကြား၊ ချက်ချင်း ဆုံးဖြတ်နိုင်သဗျာ၊ သည်တော့ လူမှုယဉ်ကျေးမှု ပတ်ဝန်းကျင် ကွာဟမှု နည်းသွားသဗျာ။ ဒါကြောင့် ဈေးဝယ်သူတွေ များလာတယ်လို့ ဆိုတယ်” “မင်းကသာ များနေ၊ ငါ့ဆိုင်ဈေးဦးမပေါက်တာ လေးရက်ရှိပေါ့” “နိုင်ငံတကာ မားကက်ကို ပြောနေတာဗျ၊ ကမ္ဘာ့ဈေးဝယ်သူတွေကို လေ့လာတဲ့အခါ ခေတ်ပေါ် ပစ္စည်းတွေပိုပြီး အဝယ်များလာသတဲ့” “ငါ့ဆိုင်တော့ ထန်းလျက်ခဲ ဝယ်ကြတာ များတာပဲ” “ဝယ်သူတွေဘက်က များများ သုံးခွင့်ရသဗျာ၊ နားလည်ရ လွယ်လာကြသဗျာ၊ accessible   ဖြစ်လာကြတယ် ဆိုပါတော့။ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ၊ သယ်ရယူရတာ လွယ်တဲ့ ပစ္စည်းတွေကို ဝယ်ကြတာများသတဲ့” “ဒါကြောင့် ထန်းပင်မြစ်စည်းတွေ ဝယ်ကြတာနေမှာ” လူဦးရေ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုဟာ လူမှုအပြောင်းအလဲတွေ ဖြစ်စေတဲ့ အကြောင်းရင်းလို့ ဆိုနိုင်ပါတယ်။ လူဦးရေ ကြီးထွားလာပေမဲ့ ကြီးထွားမှု ပုံစံတွေကတော့ ကျိုးကြောင်း ညီညွှတ်မှု ထပ်တူကျတယ်လို့ မဆိုသာပါဘူး။ လာမယ့် ရာစုဝက်မှာ အာဖရိကလူဦးရေဟာ သုံးဆ တိုးလာပါလိမ့်မယ်။၁၉၉၅ ခုနှစ် လူဦးရေသန်း ၇၀၀ ရှိခဲ့တယ် ဆိုရင် ၂၀၅၀ ခုနှစ်မှာ ၂ ဘီလျံရှိမယ့် သဘောပါ။ တရုတ်ဆိုရင် ၁ ဒသမ ၂ ဘီလျံလောက် တက်လာနိုင်ပြီး အိန္ဒိယ နိုင်ငံကလည်း နှစ်ငါးဆယ် အတွင်း ၁ ဒသမ ၅၃ ဘီလျံ ရှိဖို့များပါတယ်။ ဥရောပ နိုင်ငံတွေမှာတော့ လူဦးရေ တိုးနှုန်း ကျနိုင်သတဲ့။ “အေးလို့နေမှာကွ” “နိုင်ငံနဲ့ မြို့ပြတွေမှာ စီးပွားရေး အခြေအနေနဲ့စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်မတူကြတာတွေတော့ ရှိသဗျ။ ပွားရေးဖွံ့ဖြိုးမှုအဆင့်မတူကြတာတွေတော့ရှိသဗျ။ GNP မတူတာတွေလည်းရှိတယ်။ ဈေးကွက်ထဲမှာရှိနှင့်ပြီးသား စီးပွားရေး လုပ်ငန်းတွေနဲ့ နောက်ထပ် နောက်ထပ် အသစ်အသစ် ထူထောင် လာကြတဲ့ ကုမ္ပဏီတွေရဲ့ စီးပွားရေးအရ အားပြိုင်မှု၊ ဈေးကွက်ဝေစုအရ အားပြိုင်မှု ဆိုတာတွေက ကြီးထွားလာဖို့ပဲ ရှိတာကိုးဗျ။ စီးပွားရေးကောင်းတဲ့ နိုင်ငံတွေမှာ အကြောင်း မဟုတ်ပေမဲ့ စီးပွားရေးမကောင်းတဲ့ နိုင်ငံတွေမှာ ဝယ်ယူသူ အရေအတွက်ရော ဝယ်ယူတဲ့ ငွေတန်ဖိုး ပမာဏပါ များများ မမျှော်လင့်နိုင်ဘူးပေါ့ဗျာ” “ငါ့ဆိုင်တော့ ညဘက်ဈေးဆိုင်သိမ်းလို့ စာရင်းချုပ်ရင် ခြောက်ကျပ်တစ်မတ်လောက် ကျန်တာကွ။ ပိုက်ဆံသေတ္တာကို ကြုံတဲ့ကောင်က နှိုက်ကြတာကိုး” နိုင်ငံရေး ပူညံပူညံဖြစ်မှုတွေ political squabbles)၊ ဗျူရိုကရေစီ နှောင့်နှေးမှုတွေ (bureaucratic delays)၊ အခြေခံ ကျောထောက်နောက်ခံ ခေါင်းခဲစရာတွေ (infrastructure headaches)၊ သိက္ခာမဲ့ စီးပွားရေး အလေ့အကျင့်တွေ (unprofessional business practices) တွေ ရှိနေသရွေ့ ဈေးဝယ်သူတွေမှာ စိတ်မချမ်းသာမှုတွေ ကြုံရတာလည်း ရှိတတ်ပါတယ်။

 တစ်ခါတစ်ခါတော့ လူမျိုးအလိုက် စရိုက် သဘာဝတွေကို သိမှဝယ်ရခြမ်းရတာ အဆင်ပြေတာလည်း ရှိရဲ့။ Social etiquette, business etiquette ခေါ်တဲ့ လူမှုကျင့်ဝတ်တွေပေါ့။ “ကိုပါတောရဲ့ ပြင်သစ်နိုင်ငံရောက်လို့ ဈေးဝယ်ချင်ရင် ပြင်သစ်စကားပြောနိုင်မှ အဆင်ပြေတယ်။ မပြောတတ်ရင် ခွင့်လွှတ်ဖို့အရင် တောင်းပန်ရသဗျ။ ပြင်သစ်တွေက သူတို့ဘာသာစကားကို ဂုဏ်ယူတတ်တဲ့ လူမျိုးကိုး။ ဆိုးတာက လူတိုင်း ပြင်သစ်စကားတတ်တယ်လို့ချည်း ထင်တတ်ကြတာဗျ” “မ၀ယ်ရလို့ နေနေကွာ။ ငါတို့မြန်မာတွေလည်း တကောင်းအဘိရာဇာသာကီဝင်မျိုးတွေပဲကွ။ သည်လိုလူပါးဝလို့ ဘာရလိမ့်မလဲ” “ဂျာမန်တွေကျတော့ သူတို့ဂုဏ်ပုဒ်တွေနဲ့ ပတ်သက်လို့ အင်မတန် တန်ဖိုးထားတတ်သဗျ။ အထူးသဖြင့် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်ရင် သူ့ဂုဏ်ပုဒ်တွေ ရှည်ရှည်လျားလျား ပြောမှကြိုက်တယ်။ အစနဲ့အဆုံးမှာ လက်ဆွဲနှုတ်ဆက်မှ အဆင်ပြေတယ်” “ဈေးမဝယ်ခင် နှုတ်ဆက်ရမှတော့ မကြိုက်လည်း ဝယ်ရတော့မှာပေါ့ဟ” “ကိုရီးယားတွေဆီမှာ ဈေးဝယ်ရင် ခင်ဗျားတို့ ယဉ်ကျေးမှုက ဂျပန်ယဉ်ကျေးမှုနဲ့တူတယ်နော်လို့ အာမချောင်မိစေနဲ့။ ကိုရီးယားတွေက အဲ့သလို ပြောတာကို မကြိုက်ဘူး” “ကိုရီးယား ဇာတ်လမ်းတွဲနဲ့ လူဖြစ်လာတာပါကွာ။ အဲသလောက်တော့ သိပါတယ်” ဈေးဝယ်တယ်ဆိုတာ အသိစိတ်အားဖြင့် ဒါမှမဟုတ် ဝတ္တရားအားဖြင့် ဝယ်ရတယ်လို့ ပညာရပ်က ဆိုပါတယ်။ ဈေးဝယ်သူရဲ့ ရည်စူးချက်ဟာ ရေတိုသဘော ဆောင်ပေမဲ့ ကြီးစွာသော ဗျူဟာသဘော ဆောင်တယ်လို့တောင် ဆိုကြတယ်။ ဝယ်ယူခြင်းမှာ အနည်းဆုံးဈေးနဲ့ အကောင်းဆုံးကို လိုချင်တဲ့ စိတ်လည်း ရှိသတဲ့။ ပိုက်ဆံတစ်မူးနဲ့ ငါးကြင်းခေါင်းကိုင်တယ်ပဲဆိုဆို နည်းနည်းပေးပြီး အရည်အသွေးကောင်းလည်း လိုချင်တယ်၊ ရနိုင်သုံးနိုင်ခွင့်လည်း လိုချင်တယ်လို့ ဆိုလိုတာပါ။ တန်ဖိုးကောင်းကို ချိန်ခွင်လျှာတစ်ဖက်စောင်းနင်းသာသာထိုးထိုး လိုချင်ကြတယ်လို့လည်း ဆိုတယ်ခင်ဗျ။ ဈေးဝယ်သူတွေဟာ လိုချင်တဲ့ ပစ္စည်းကို ချောင်းနေတာ မဟုတ်ဘဲ အရည်အသွေးနဲ့ ဈေးနှုန်းကို ချောင်းနေတာလို့လည်း ဆိုတယ်။ “ဈေးဝယ်သူတွေကို ကြည့်ရင် ပထမတော့ လိုချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ကြည့်သဗျ။ တွေ့ပြီဆိုရင်တော့ အရည်အသွေး ကောင်းရဲ့လား၊ ဈေးနှုန်း ခံသာရဲ့လား၊ အဝယ်ကောင်းဖြစ်ဖို့ သေချာရဲ့လား ကြည့်တော့တာပဲတဲ့။ အဲသည့်အချိန်မှာ ဝယ်လိုရင်း ပစ္စည်းကိုတောင် မေ့နေတတ်သတဲ့” “ငါကတော့ ဘယ်တော့မှ ဈေးနှုန်းနဲ့ အရည်အသွေးကို မကြည့်ဘူး။ ရောင်းတဲ့ ကောင်မလေးပဲ ကြည့်တယ်”

ဈေးဝယ်ခြင်း အနုပညာ ၁၀

“ကိုပါတောရဲ့ ခုခေတ်က ဈေးဝယ်ပုံစံတွေ တော်တော်လေး ပြောင်းသွားပြီဗျ”

“အလကားနှိုက်ယူလို့ရပြီဆိုတဲ့ သဘောလား”
“အလကား နှိုက်ရင်တော့ အရိုက်ခံရမှာပေါ့ဗျ။ သည်ခေတ်မှာ အရောင်း မန်နေဂျာတွေ ငြိမ်ငြိမ်ထိုင်နေလို့ မရတော့ဘူးဗျ။ ရွစိရွစိ ဖြစ်ကုန်ကြပြီ”
“ခါချဉ်ထုပ် နှိုက်မိလို့လားကွာ”
“ဒါပြောတာ မဟုတ်ဘူးဗျ၊ အရောင်း မန်နေဂျာတွေခဗျာ ဈေးဝယ်သူတွေ လိုချင်စိတ်ရှိအောင်၊ ဝယ်ချင်စိတ်ရှိအောင် စိတ်ရော ကိုယ်ပါနှစ်ပြီး ဆောင်ရွက်နေကြရတာကို ပြောတာ။ ကျွမ်းကျင်မှုကို မြှင့်ကြရပြီး ပါရမီ အထုံကောင်းအောင် ပျိုးထောင်ကြရပြီ။ နိုင်ငံတကာ ဈေးကွက် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်အောင်  ထိရောက်တဲ့ အသိပညာတွေ ဆည်းပူးနေကြရပြီ။ Skills, Aptitudes and Knowledge ခေါ်သဗျ”
“အဲသလို အရောင်းမန်နေဂျာ တစ်ယောက်လောက် လိုချင်သကွာ။ ကုပ်ကြော လျှော့ခိုင်းချင်လို့”
“ကမ္ဘာ့ကုန်သွယ်စီးပွား ပွင့်လင်းမှု၊ ပွင့်လန်းမှုတွေလည်း အရေးပါလာပြီကိုး ကိုပါတောရဲ့။ ခုခေတ်မှာက နိုင်ငံတကာအဆင့်မှာ အချင်းချင်း အမှီအခိုကောင်းရှိရေးနဲ့ အချင်းချင်း ဆက်နွယ်ချိတ်ဆက်မှု ဆိုတာတွေ အားကောင်းလာကြပြီ။ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၊ ဈေးဝယ်သူများရဲ့ အရသာ ဆိုတာတောင် ပြောလာကြသဗျ”
“ချဉ်စုတ်စုတ်နေမှာပါ မောင်ရ”
“အဲသလို နိုင်ငံအချင်းချင်း၊ ကုန်သွယ် စီးပွားလုပ်ငန်း အချင်းချင်း အားပြုရခြင်း သဘော၊ အချင်းချင်း ချိတ်ဆက်ရခြင်း သဘောတွေ အားကောင်းလာတာနဲ့ အမျှ ဝယ်ယူသူတွေ စိတ်ချမ်းသာကြရတယ်။ Inter- dependency and interconnectims ခေါ်ကြသဗျ”

" တကယ်တော့ ဈေးဝယ်ခြင်းဆိုတာလည်း ယဉ်ကျေးမှုကိုး ကိုပါတောရဲ့။ ကမ္ဘာလုံးဆိုင်ရာ သဘောတွေ ရှိလာပြီပေါ့ဗျာ”
“ဒါကြောင့်ပေါ့ကွာ။ ငါက ဂျေဒိုးနတ်ကို ဆွမ်းအုပ်ထဲ ထည့်စားတာ” ဈေးဝယ်ခြင်းဆိုတာ သည်ခေတ်မှာတော့ ခက်ခဲရှုတ်ထွေးခြင်း အပေါ်မှာ အရသာခံစားနိုင်မှု  (appreciation of the Complexities)လို့တောင် ဆိုနိုင်ပါပြီ။ ပြည်တွင်း ထုတ်ကုန်တွေကိုလည်း ဝယ်ယူ သုံးစွဲကြရသလို ပြည်ပ ထုတ်ကုန်တွေကိုလည်း ပစ်ပယ်လို့ မရနိုင်တော့ပါဘူး။ ပြည်တွင်း မားကက်တင်း ပတ်ဝန်းကျင် ကလည်း  အားကောင်း၊ ကမ္ဘာလုံးဆိုင်ရာ မားကတ်တင်းကလည်း အားကောင်းပေါ့ ခင်ဗျာ။
“မင်းပြောပုံဆို ဈေးဝယ်သူတွေ ခါးစောင့်ရုံ ရှိတော့တာပေါ့” ဈေးဝယ်ခြင်းမှာ ပတ်ဝန်းကျင်ကောင်းကလည်း ရှိပါဦးမှ။ ဥစ္စာဓန ကြွယ်ဝခြင်းနဲ့ ရောင်းရေးဝယ်တာ စွမ်းအား ဆိုတာကလည်း အချိုးကျဦးမှကိုး။ အချိုးကျရုံ မကပါဘူး။ နှစ်ဖက်သွားလို ထက်ရှပါဦးမှ။ ပညာရှင်တွေ ကတော့ ဒါကို offluence and commercial dynamism လို့ သုံးကြတယ်ခင်ဗျ။ ချမ်းသာမှ ဝယ်နိုင်တယ်ဆိုတာ များလား။ အောင်မောင်းတို့များ ဝယ်ချင်တာတွေရှိပေမယ့် မတက်နိုင်လို့ မဝယ်နိုင်တာတွေ အပုံပါ။ သုံးစွဲနိုင်သော ဝင်ငွေ(disposable income) ကလည်း ရှိပါမှခင်ဗျ။
“သုံးစွဲနိုင်တဲ့ ဝင်ငွေရှိပါမှပေါ့ အောင်မောင်းရာ။ ငါဆို ဟယ်လီကော့ပတာ တစ်စီးဝယ်ပြီး ခယ်မ သုံးယောက်နဲ့ လည်ချင်တာ ခုထိ အကောင်အထည် မပေါ်ဘူး”
ကမ္ဘာ့လူဦးရေ ကြီးထွားလာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ လူငယ်ယဉ်ကျေးမှု တွေကလည်း ကြီးထွားလာနေပါတယ်။ နိုင်ငံတော်တော် များများမှာ နိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကျော်ဟာ လူငယ်တွေပါ။ ကြီးကောင်ဝင်စတွေပေါ့။ ကမ္ဘာ့အကြီးဆုံး ဈေးကွက် လို့တောင် ဆိုကြတယ်။ လူငယ်ကြိုက် အမွှမ်းတင်ခံ အရာတွေထဲမှာ နစ်ကေး၊ ကိုကာကိုလာ၊ ဆိုနီဝေါ့စ်မဲန်၊ စီဂါ၊ နီတင်ဒိုနဲ့ ပလေးစတေရှင်တွေ ထိပ်က ပါပါတယ်။ ဒေသစွဲကြီးတဲ့ ကုန်ပစ္စည်းတွေ၊ ရိုးရာ ပစ္စည်းတွေ၊ တိုင်းရင်း ပစ္စည်းတွေ မျက်နှာငယ် နေရသတဲ့။ ပြည်တွင်းဖြစ်တွေက “အောက်” နေပြီလို့ ခံယူကြ။

“ငါဖြင့် ရယ်ဒီမိတ် ကန်တော့ပွဲတွေ ထိုးရောင်းတာ နတ်ကတော် အဘွားကြီးတွေကပဲ ဝယ်သကွာ”
“ကမ္ဘာ့လူဦးရေနဲ့ အတူ မွေးဖွားလာတဲ့ ယဉ်ကျေးမှုတွေပေါ့ဗျာ။ လူငယ်တွေ မပြောနဲ့ သက်ကြီးရွယ်အိုတွေ ကလည်း nonnational idendity ဖြစ်ကုန်ကြသတဲ့ဗျ။ အမျိုးသားရေး ဝေးဝေးရှောင်ကြတဲ့”
“ဖြစ်လောက်သကွ။ ငါတောင် နားပေါက်ဖောက်ပြီးပေါ့၊ အရိုးခေါင်းတီရှပ်ပဲ လိုတော့တယ်” အောင်မောင်းတို့ ဆီမှာလည်း လူကြီး တော်တော်များများက ပုဂ္ဂိုလ်ရေး အမှတ် လက္ခဏာထက် နိုင်ငံတကာ လက္ခဏာဆောင်တဲ့ ကုန်ပစ္စည်းတွေ ကြိုက်လာကြတယ်။ နိုင်ငံခြား ရုပ်ရှင်မှ ကြိုက်တယ်။ နိုင်ငံခြား အစားအစာမှ ကြိုက်တယ်။ နိုင်ငံခြား အဝတ်အထည်မှ ကြိုက်တယ်။ နိုင်ငံခြားကားမှ စီးချင်တယ်ပေါ့နော့။
“ငါကတော့ စက်မှုဇုန် ဂျစ်ကားပဲ စီးတယ်။ ဝတ်တော့ တောင်မြို့ထည် ဝတ်တယ်။ စားတော့ ရွှေဘိုမနောဆန် စားတယ်။ မင်းသမီး တော့ အင်ဂျလီနာဂျိုလီ ကြိုက်သကွ”
“ဒါကြောင့် ပြောတာပေါ့ဗျ။ ဈေးဝယ်ခြင်း အနုပညာ ထွေပြားလာတာနဲ့အမျှ ကုန်ပစ္စည်း နယ်နိမိတ်တွေ ဝေဝါးသွားသတဲ့။ နိုင်ငံတကာ သဘောဆောင်တဲ့ ဝယ်ယူစား သုံးမှုတွေ တိုးပွားလာသတဲ့။ embracing global power လို သုံးကြသဗျ။ ကမ္ဘာလုံးဆိုင်ရာ ပါဝါကို လက်ခံ ယုံကြည်လာကြတယ်လို့ ပြောတာ”
“Global power တော့ မပြောတတ်ပေါင်ကွာ။ Electric power ကတော့ မလာတာကြာပေါ့”
ဈေးဝယ်တွေကပဲ စိတ်ဓာတ်အခြေခံ ပြောင်းလဲလာသလားတော့ မပြောတတ်ဘူးပေါ့ ခင်ဗျာ။ တိုင်းရင်းဖြစ် ရိုးရာပစ္စည်းတွေကို ပစ်ပယ်လာကြတာ များလာတယ်လို့ သုတေသန ပြုချက်တွေက ဆိုတယ်။ ဂလိုဘယ်သတ်ကွင်း (global arena)ထဲမှာ ရိုးရာနဲ့ နပမ်းလုံးကြတာ ရိုးရာက ရှုံးသတဲ့။

“ဖျားရင်တော့ ငန်းဆေးနဲ့ကွမ်းရည် မလွတ်ပေါင်ကွာ။ ငါ့မိန်းမကျတော့ ချင်းနဲ့ထန်းလျက်ကွ”
“အခုက ဝေါဟာရအသစ် ထွင်နေပြီ။ global nationalisation တဲ့ဗျ။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံပိုင် ပြုလုပ်ခြင်းပေါ့ဗျာ။ ကမ္ဘာကျော် ကားတွေ ကြည့်လေဗျာ။ ဖက်ဆပ် တွေ ထူထောင်ကြပြီး တိုယိုတာနဲ့ ဂျီအမ်ကားတွေ ဖက်ဆပ် လုပ်နေကြသဗျာ။ ဒိန်းမလားနဲ့ ခရိုက်စလာ ပေါင်းသဗျာ။ ကမ္ဘာကျော် ဆေးဝါး ကုမ္ပဏီတွေဖြစ်တဲ့ ဂလက်ဇိုနဲ့ စမစ်သ်ကလိန်းဘီချမ်းတို့ ပေါင်းသဗျာ။ သဘောက ဝယ်သူတွေ အတွက် ရောင်းသူတွေ ဘက်က မဟာမိတ်ဖွဲ့ကြတဲ့ သဘောပဲ။ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် ပြုခြင်းပေါ့။ Global allience ခေါ်တယ် ကိုပါတောရဲ့”
“ငါနဲ့ ငါ့ယောက္ခမလည်း ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် ပြုလိုက်ကြပြီ အောင်မောင်းရ။ ယောက္ခမဆီက ပိုက်ဆံချေးချင်လို့” ကမ္ဘာကျော် လေကြောင်း ကုမ္ပဏီတွေလည်း ပေါင်းကြပါပြီ။ ကမ္ဘာကျော် ဘဏ်တိုက်ကြီးတွေကလည်း အချင်းချင်း ပေါင်းကြပါပြီ။ ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ အချင်းချင်းလည်း ပေါင်းကြပါပြီ။ ပေါင်းစည်းခြင်းအားဖြင့် အချင်းချင်း ပြိုင်ဆိုင်တာ၊ ရန်စောင်တာ၊ ဈေးကွက်လုတာ၊ ဈေးကွက် မဟာဗျူဟာအရ မလိမ့်တပတ် လုပ်တာတွေ လျော့ပါးသွားတာ၊ ဝန်ဆောင်မှုကောင်း၊ ကုန်ပစ္စည်းကောင်း ပေးနိုင်ကြပြီပေါ့နော့။ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဈေးခင်းမှာ ယဉ်ကျေးမှုအရ၊ စီးပွားရေးအရ၊ နည်းနာအရ များများကြီး အကျိုးရှိလာကြသတဲ့။
“ငါက ဆန်ပြုတ်ရောင်းသကွ။ ငါ့အိမ်ဘေးက ယာဂုရောင်းသကွ သည်နှစ်မျိုးပေါင်းပြီး ရောင်းလိုက်တော့ ခွေးစာ ဖြစ်ကရောကွာ။ ရောင်းလိုက်ရတာမှ”


အောင်မောင်း

ဈေးဝယ်ခြင်းအနုပညာ ၁၁

“ကိုပါတော တရုတ်လူမျိုးတွေ ဈေးဝယ်တာက တစ်မျိုးဗျ”


“တရုတ်လို ဈေးဆစ်ကြလို့လား”

“အဲဒါပြောတာ မဟုတ်ဘူးဗျ။ တရုတ်လူမျိုးတွေက ကိုယ့်တစ်ကိုယ်ရေ ကိစ္စအတွက် ဝယ်ရင်ခြမ်းရင် သိပ်ကြေးများနေတာမျိုး မရှိဘူးတဲ့။ အဆင်ပြေတာ ဝယ်လိုကတာမျိုးပေါ့။ ဒါပေမဲ့ အများလူမှုရေးနဲ့ သင်္ကေတ တန်ဖိုးအားဖြင့် ဝယ်ရတာမျိုးမှာတော့ သိပ်ကို ဂရုစိုက် ပါဝင်ပတ်သက်လေ့ ရှိသတဲ့”

“ငါ့မိန်းမနာမည် မတရုတ်မပါပဲကွာ။ မင်းပြောတာနဲ့ ပြောင်းပြန်ပါကောဟ”

တရုတ်လူမျိုးတွေက လူမှုရေးမှာ ဟာမိုနီဖြစ်သတဲ့။ မိသားစုတွင်း ဆက်ဆံရေး နူးညံ့သူတွေဖြစ်သတဲ့။ ဒါကြောင့် မိသားစု အတွက် ဝယ်ရင် ခြမ်းရင်တော့ အဆင့်အတန်းနဲ့ ကျေးဇူးတရားကိုငဲ့ပြီး ဝယ်ယူတဲ့ ပစ္စည်းအပေါ် အရေးတကြီး ကိစ္စအဖြစ် သဘော ထားကြတယ်ပေါ့ ခင်ဗျာ။

“ငါနဲ့မထူးဘူး။ အဖေ့ဖို့ ထန်းလျက်ဝယ်တာ၊ မိန်းမဖို့ကျတော့ ပန်းသီးကိတ် ဝယ်တာ”

ဈေးဝယ်ခြင်းနဲ့အတူ စွန့်စားမှု အဆင့်တွေလည်း ရှိတတ်ပါတယ်။ ကိုယ့်အိမ်မှာ မရှိသေးတဲ့ ဒါမှမဟုတ် ကိုယ်မသုံးဖူးသေးတဲ့ ကုန်ပစ္စည်းသစ်ကို ဝယ်ရတော့မယ် ဆိုရင် အရဲကိုးရတော့မယ် ဆိုတဲ့စိတ်ကလေး ခုနေတတ်တာ သဘာဝထင်ပါရဲ့။ စွန့်စားမှုဆိုရာမှာ သုံးမျိုးလောက် ရှိတတ်ပါတယ်။ ရုပ်ပိုင်းစွန့်စားမှု၊ ငွေကြေးပိုင်း စွန့်စားမှုနဲ့ လူမှုရေး စွန့်စားမှုတွေပါ။ အဝယ်မတော်လိုက်တာ အပြော ခံရမလား ဆိုတာကနောက်၊ ဝယ်သင့်ရဲ့လား ဆိုတာကရှေ့ကကိုး။ တချို့ တိုင်းပြည်တွေမှာ ရုပ်ပိုင်းစွန့်စားမှုက အရေးကြီး နေတတ်ပါတယ်။ ယူကေ အမဲသား ဈေးကွက်မှာ နရူး(နွားရူး) ရောဂါ ကြောက်ကြတာမျိုးပေါ့။ တချို့ကတော့လည်း လူမှုရေးအရ စွန့်စားရမှာကို စိုးရိမ်တတ်ကြတယ်။ ကိုယ်အဝယ် မဟုတ်တာနဲ့ အများက ဘာများပြောကြမလဲ ဆိုတာကလည်း ရှိသေးတာကိုး။

“အဲဒါပေါ့ကွ၊ အားလုံး စိတ်ချမ်းသာမယ်ထင်လို့ အသံချဲ့စက် ဝယ်ဖွင့်တာ၊ ရပ်ကွက်က ခဲနဲ့ဝိုင်းထုလို့ ရပ်ထားလိုက်ရတယ်။ ငိုချင်း ချတာတွေ များလွန်းလို့ထင်ပါရဲ့”

“Lose face ခေါ်တယ်ဗျ။ ကိုယ်ဝယ်တဲ့ ပစ္စည်းကြောင့် မျက်နှာပျက်ရတာ၊ မျက်နှာငယ်ရတာကို ကြောက်ကြတယ်”

“အဲဒါပေါ့ကွ ရပ်ကွက် လုံခြုံရေးအတွက် မြွေဟောက်နှစ်ကောင် ရပ်ကွက်ထဲ လွှတ်ထားဖို့ အကြံပေးမိပါတယ်၊ မျက်နှာ မရူးနဲ့တဲ့လေ”

တချို့ ဈေးဝယ်သူတွေကျတော့ ငွေရေးကြေးရေး စွန့်စားရမှာ ကြောက်ကြသဗျ။ ပိုက်ဆံတော့ ချမ်းသာပေးပါ ဆိုသူတွေခင်ဗျ။ ငွေတွင်းက နက်ရတဲ့ကြားထဲ တောင်ရှည်ပုဆိုး ဝယ်ဝတ်ဖို့ စိတ်မကူးရဲသလိုပေါ့လေ။ တစ်ခါတလေ ကိုယ်သုံးစွဲနေကျ အမှတ်တံဆိပ်ကို ဝယ်ချင်ပေမဲ့ ကြုံရာကျရာ ဝယ်သုံးလိုက်ရတာလည်း ရှိတယ်။ အမေရိကန်တွေမှာတော့ စွဲစွဲမြဲမြဲမရှိတဲ့ ဈေးဝယ် အပြုအမူတွေ ရှိသတဲ့။ အလားတူ ကုန်ပစ္စည်းကိုပဲ တံဆိပ် တစ်မျိုးကတစ်မျိုး ကူးလူး ဝယ်ယူတာမျိုး၊ ပြိုင်ဘက် ကုန်အမှတ် တံဆိပ်ကို စမ်းသပ် သုံးစွဲ ကြည့်ချင်တာမျိုး၊ ဈေးနှုန်းအရ ဈေးချိုလို့ ဝယ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကိုပဲ စံဈေးဝယ် အပြုအမူ (Standard buyer behavior) ခေါ်ကြ။ ဒါကြောင့် အမေရိကန်တွေကို ကုန်အမှတ်တံဆိပ် တစ်ခုခုကို စွဲစွဲမြဲမြဲသုံးဖို့ စွဲဆောင်ရတာထက် အသစ်ပါဝင် ယှဉ်ပြိုင်သူ (new entrant) အဖြစ် စည်းရုံးရတာက ပိုလွယ်တယ်လို့ ပြောတတ်ကြတယ်။

“အခြေခံအားဖြင့်တော့ လူတွေဟာ တံဆိပ် စွဲတတ်ကြသဗျ။ တံဆိပ် ဇီဇာကြောင်တာ နည်းတဲ့အပြင် အခြားအလားတူ ကုန်ပစ္စည်း တစ်မျိုးမျိုးကို ပြောင်းပြီး သုံးခဲကြတယ်။ သြစတြေးလျ တိုက်သားတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံသားတွေဆိုရင် တံဆိပ်လုံခြုံမှု ရှိချင်ကြတာ များတယ်။ ကိုယ်မသုံးဖူးတဲ့ ကုန်ပစ္စည်းအပေါ် ယုံကြည်မှု နည်းတဲ့အပြင် စွန့်စားရတဲ့ ကိစ္စလို့ သဘော ထားတတ်ကြတယ်”

“ငါ့မိန်းမလည်း တံဆိပ်လုံခြုံမှုရှိသကွ။ တံဆိပ်များ ရေနဲ့ နှူးတာတောင် မကွာဘူး”

အနောက် နိုင်ငံတွေမှာတော့ စားသုံးသူ အပြုအမူခေါ်တဲ့ ဈေးဝယ်ကျင့် ပုံစံတွေကို ကြည့်ရင် ကျိုးကြောင်းဆီလျော်တဲ့ ဈေးဝယ်ကျင့် ရှိကြတာများပါတယ်။ တစ်နည်းအားဖြင့် ဆင်ခြင်တုံတရား အဆင့်တွေ (rational steps) တွေ ရှိတယ်ပေါ့ ခင်ဗျာ။ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် နိုးကြားတဲ့ အသိစိတ်ကို ပုံဖွဲ့ယူတယ်။ သတင်း အချက်အလက် ရှာတယ်။ ရှာလို့ရတဲ့ သတင်း အချက်အလက်တွေကို သုံးသပ်တယ်။ တခြားနည်းလမ်း ရွေးချယ်စရာတွေကို အကဲဖြတ်တယ်။ နောက်ဆုံးမှ ရွေးချယ်တယ်။ သည်ကြားထဲက တစ်ခါတလေ သမားရိုးကျဆန်တဲ့ သိမြင်မှုသဘောက အလစ် ဝင်ထိုးနှက်လို့ ဆင်ခြင်မှုနဲ့ ဈေးဝယ်ကျင့် ပျက်ရတာများလည်း ရှိသတဲ့။

“ဈေးဝယ်ကျင့်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအားဖြင့် ပုံစံ အမျိုးမျိုးတော့ ရှိတာပေါ့ ကိုပါတောရယ်။ အာရှတိုက်က ဈေးဝယ်သူတွေက အနောက်နိုင်ငံက ဈေးဝယ်သူတွေနဲ့တော့ ကွာတာတွေ ရှိတယ်။ ဆိုပါတော့၊ ဂျပန်တွေနဲ့ တရုတ်တွေဆိုရင် ဈေးဝယ်ရာမှာ စဉ်းစားပုံကိုက Synthetic ဖြစ်တယ်၊ Concrete ဖြစ်တယ်။ Contxtual Orientation ရှိတယ်ပြောကြသဗျ။ သဘောကတော့ စွဲစွဲမြဲမြဲ ရှိတယ်လို့ပြောတာဗျ။ အမေရိကန်တွေနဲ့ မတူဘူးပေါ့ဗျာ”

“ငါတို့ကတော့ မြန်မာလိုပဲ စဉ်းစားသကွာ။ အကြွေးရရင် ဆင်တောင်ဝယ်တယ်”

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ခင်ဗျာ။ ဈေးဝယ်ဖြစ်စဉ်ဆိုတာ သိပ်ပြီး သိပ္ပံနည်းကျ စဉ်းစားလို့လည်း မဖြစ်ပြန်ဘူးတဲ့။ တချို့က Maslow ရဲ့ “လိုအင်ဆန္ဒဝါစဉ်” နည်းနဲ့ စဉ်းစားကြတယ်။ တချို့က လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဟန် ပြုမူဆောင်ရွက်ချက်သာ ဖြစ်တယ်လို့ ပြောပြန်တယ်။ တချို့ကတော့လည်း လူမှုထုံးဓလေ့ အစဉ်အလာအားဖြင့် ဝယ်တယ်လို့လည်း ဆိုကြ။ ပညာရှင်တွေ ငြင်းကြ ခုံကြတုန်းမှာ ဈေးဝယ်တွေက ရပ်နေကြတာ မဟုတ်ပါဘူး။

“ဈေးဝယ်တဲ့အခါ ဝယ်သူရဲ့အမြင်၊ သဘောထားနဲ့ သိနားလည်မှုတွေတော့ ပါရသပေါ့၊ အင်္ဂလိပ်လိုတော့ Perception, attitude and understanding ပေါ့ဗျာ။ သဘောကတော့ စဉ်းစားချက်ကလေးတော့ ပါမြဲဆိုပါတော့”

“ငါတို့အိမ်ကျတော့ မစဉ်းစားဘဲ ဝယ်တာတွေချည်းပါကွာ”

ဈေးဝယ်ခြင်းမှာ ယဉ်ကျေးမှုနှင်အား (Cultural force) ရှိတယ်။ ယဉ်ကျေးမှု မက်ဆေ့ခ်ျ (Cultural message) ရှိတယ်။ ပြီးမှ ဝယ်ခြင်းဆုံးဖြတ်ချက် (buying decision) ကျတယ်လို့လည်း ဆိုကြပြန်တယ်။ ယဉ်ကျေးမှု နှင်အားထဲမှာ ဘာသာရေး၊ နိုင်ငံသမိုင်း၊ ဘာသာစကား၊ ပညာရေးနဲ့ အပြုအမူဆိုင်ရာ အလေ့အထတွေ ပါလေ့ရှိသလို ယဉ်ကျေးမှု မက်ဆေ့ခ်ျမှာတော့ သင်္ကေတ လက္ခဏာတွေ၊ ကျင့်ဝတ်သီလတွေ၊ အသိအမြင်နဲ့ ဆုံးဖြတ်ချက်တွေ ပါသတဲ့ခင်ဗျ။

“သမိုင်းပါတာတော့ ရှိပါစေကွာ။ သင်္ချာမပါရင် ပြီးတာပဲ၊ ငါက သင်္ချာညံ့သကွ”

“ဝယ်သူရဲ့ ဘဝဟန်ပန်မှာ အဖက်ဖက်က အားပြိုင်ပြီး တွန်းနေတာတွေလည်း ရှိတယ်။ ဆိုပါတော့ မိသားစုရှိမယ်၊ စံတန်ဖိုးတွေ ရှိမယ်၊ သင်ယူမှုတွေရှိမယ်၊ လူမှုရေး အဆင့်တွေ ရှိမယ်၊ လှုံ့ဆော်မှုတွေ ရှိမယ်၊ သဘောထားတွေ ရှိမယ်၊ ရည်ညွှန်းအုပ်စုတွေ ရှိမယ်”

“ငါ့ကို အဖက်ဖက်က ဝိုင်းတွန်းနေတာကျတော့ ငါ့ဘော်ဒါတွေက အရက်ဆိုင်ဘက် ဆွဲကြတာလေ”

အောင်မောင်း

ဈေးဝယ်ခြင်း အနုပညာ

 

အီးယူ နိုင်ငံတွေမှာတော့ Euromosaic type နဲ့ အုပ်စုတွေ ခွဲတာမှာ ၁၀ အုပ်စုလောက် တွေ့ရတယ် ခင်ဗျ။  မြို့ပြ ဆင်ခြေဖုံးမှာ နေကြတဲ့ အထက်တန်းလွှာတွေ၊ ရောကော သောကောတွေ၊ ဇိမ်ခံ တိုက်တန်းတွေ၊ မြို့တွင်းနေ ဝင်ငွေ နည်းသူတွေ၊ အထပ်မြင့် လူမှု အိမ်ရာမှာ နေကြသူတွေ၊ စက်မှု အသိုင်းအဝိုင်းတွေ၊ အင်အားကြီး မိသားစုတွေ၊ ဝင်ငွေနည်း မိသားစုတွေ၊ ကျေးလက် လယ်ယာ သမားတွေနဲ့ ပင်စင်စားတွေရယ်လို့ တွေ့ရတာပါ။
“ငါတို့ မိသားစုကတော့ ယောက္ခမအိမ် အဖီချနေတဲ့ အုပ်စုထဲ ပါတယ်”
“ဂွဒ်ယီးယား တိုင်ယာနဲ့ ရာဘာ ကုမ္ပဏီက Segmentation Strategy ဆိုပြီး ကမ္ဘာ့ ဈေးကွက်အတွက် ဈေးဝယ်အုပ်စုတွေ ခွဲကြည့်တော့ တစ်မျိုး တွေ့ရသဗျ”
“ရာဘာဖိနပ် ရောင်းချင်လို့နဲ့ တူပါသကွာ”
“သူတို့ကတော့ ခြောက်အုပ်စုလောက် ခွဲကြတယ်။ သြဇာတိက္ကမရှိ အလွှာ၊ အေးအေးဆေးဆေး နေတတ်တဲ့ ရှေးရိုးစွဲအလွှာ၊ တန်ဖိုးကြီးဝယ်သူ အလွှာ၊ အရေးဆိုသူ အလွှာ၊ ယုံလွယ်သူ အလွှာ၊ ဈေးပေါလိုက်သူ အလွှာတွေတဲ့ဗျ” “တို့ကတော့ ဈေးပေါ မလိုက်ဘူး။ ချိုချိုချောင်ချောင် နှိုက်တာကွ”

ဈေးဝယ်သူတွေထဲမှာ ဈေးပေါဈေးချောင် လိုက်သူတွေကလည်း အင်တာနေရှင်နယ်ပါပဲ။ အောင်မောင်း ယောက္ခမကြီးဆိုရင် ဈေးသွားတိုင်း နေမြင့်မှ သွားတတ်သူပါ။ ဈေးကွဲချိန်ဆိုတော့ ဈေးသည်က လက်ကျန်တွေ အိမ်မသယ်ချင်တာနဲ့ ပေါပေါလောလော ပေးပစ်ခဲ့တာ မဟုတ်လား။ ဒါကို ပုဏ္ဏားသိမ်း သိမ်းတယ် ခေါ်သတဲ့။ အောင်မောင်းတို့ကိုလည်း ဈေးကွဲစောင့် ဝယ်ဟဲ့လို့ ဘဝ တစ်သက်တာ သင်ခန်းစာ ပေးနေကျ ခင်ဗျ။ ဟုတ်လည်း ဟုတ်ပါရဲ့။ ဈေးစည်ချိန် ချဉ်ပေါင်ရွက်တစ်စည်း တစ်ရာက ဈေးကွဲချိန်မှာ နှစ်စီး တစ်ရာဖြစ်။ ဈေးပေါ ဈေးချောင်တွေစားပြီး အောင်မောင်းတို့လည်း လူပေါလူချောင်တွေ ဖြစ်ကြရပေါ့နော။
Prestige buyer ခေါ်တဲ့ ဂုဏ်ဒြပ်ရှိ ဈေးဝယ်သူများက ကုန်အမှတ်တံဆိပ် ဆုံးဖြတ်ချက်က ပထမ၊ လက်လီ ဆုံးဖြတ်ချက်က ဒုတိယ ထားသူတွေပါ။ သည်အုပ်စုမှာ ယောက်ျားသား လွှမ်းမိုး (male dominated) ဈေးဝယ်ကျင့် ရှိတတ်ကြတယ်။ အထက်တန်းကျကျ အမှတ်တံဆိပ်တွေမှ ခံတွင်းတွေ့သူတွေပေါ့။ သတင်း အချက်အလက် သိပ်ရှာတာမျိုး မရှိဘဲ အဓိက ကုန်အမှတ် တံဆိပ်တွေဘက် လမ်းကြောင်း ရှာလေ့ရှိကြတယ်။ အေးအေးဆေးဆေးနဲ့ ရှေးဦးဆန်ဆန် နေကြသူတွေကတော့ ကုန်အမှတ် တံဆိပ်ကို ဒုတိယ ထားသူတွေပါ။ များသောအားဖြင့် လက်လီ ဈေးဝယ်ရာမှာ ကျွမ်းကျင်ကြတဲ့ မိန်းမအုပ်စုတွေ ပါတတ်တဲ့ သဘောလည်း တွေ့ရသတဲ့။ လက်လီဆိုင် မြဲကြသူတွေပေါ့။

“လက်လီ ဈေးဝယ်တဲ့ နေရာတော့ ငါ့မိန်းမ ဘယ်သူမှ မမီဘူး။ ကြက်သွန်ဝယ်ရင် ချင်းတက်ပါရအောင် နှိုက်တာ”

တန်ဖိုးကြီးကြီး ဝယ်သူတွေကတော့ ဈေးဝယ်ဖို့ထက် သတင်း အချက်အလက်ကို များများ ရှာဖွေချင်သူတွေ ခင်ဗျ။ ဝယ်တာ မဝယ်တာ အပထားလို့ သတင်း အချက်အလက်တော့ ရအောင် ရှာထားမဟဲ့ ဆိုသူတွေပေါ့။
“ငါ့ခယ်မတွေလည်း မထူးပေါင်ကွာ။သတင်း အချက်အလက် အရင် ရှာနှင့်တာပါ။ ဝယ်တော့မှ ငါ့ကို ပူဆာကြတာ”
ဘယ်အရာမဆို လူတွင်ကျယ် လုပ်ချင်သူတွေ၊ အရေးဆိုချင် ပြဿနာ ရှာချင်သူတွေကလည်း တစ်အုပ်စု ရှိတတ်ပါတယ်။ သည်အုပ်စု ဈေးဝယ်ရင် ဈေးနှုန်းနဲ့ ဆုံးဖြတ်တတ်ကြတယ်။ ဘယ်တံဆိပ် ဘယ်လောက် ကောင်းကောင်း၊ ဘယ်ပစ္စည်း ဘယ်လောက် ကမ္ဘာကျော်ကျော် ဈေးနှုန်းမကြိုက်ရင် လှည့်မကြည့်ဘူး ဆိုသူတွေပေါ့။ သည်မှာလည်း နှစ်အုပ်စု ကွဲပြန်တယ်။ ရည်ရွယ်ချက် ကြီးကြတဲ့ လူငယ်အုပ်စု (aspiring young) နဲ့ သူတကာထက် သာချင်တဲ့ လူကြီးအုပ်စု (emulating old) တွေပါ။ နှစ်စုစလုံးက သတင်း အချက်အလက်တော့ ရှာကြပြန်သတဲ့။

“ငါလည်း သူတကာထက် သာချင်တဲ့စိတ် ရှိသကွ။ အရပ်ပြဇာတ် ကရင် ဘုရင်လုပ်ရမှ”

တစ်မျိုးကတော့ ယုံလွယ်တဲ့ ဖောက်သည်တွေ ခင်ဗျ။ Trusting patron ခေါ်ကြတယ်။ ဆင်းရဲနွမ်းပါး သူတွေလို့ အဓိပ္ပာယ်ရတဲ့ downscale တွေလို့လည်း သမုတ်ကြတယ်။ လက်လီ ဝယ်ရတာကို သဲကြီးမဲကြီး ကြိုက်ကြတဲ့ မိန်းမတွေ များသတဲ့။ ကျီးအုပ်ကျသလို တအာအာနဲ့ ရှိတတ်ကြလေရဲ့။

“ငါ့မိန်းမလည်း လက်လီဝယ်တာ သိပ်ကြိုက်တယ်။ ထန်းလျက် တစ်ပိဿာဝယ်ရင် တစ်ဆယ်သား ဆယ်ခါ ဝယ်တာကွ။ တစ်ခါဝယ်ရင် ထန်းလျက် သုံးလုံးလောက် ပိုရတာကို မက်တာ။ အသံကတော့ တစ်ယောက်တည်းနဲ့ ကျီးပြိုသံကွ”
“ဈေးဝယ်ရင် သတိထားရမှာ တွေ့ရသေးတယ် ကိုပါတောရဲ့။ ဘာသာစကား ပြဿနာ၊ ဘာသာဗေဒ ပြဿနာတွေ ဈေးသည်နဲ့ ဈေးဝယ်ဆိုပေမဲ့ ဆောင်ရန် ရှောင်ရန်တွေလည်း ရှိတတ်တယ်”
“ငါကတော့ အင်္ဂလိပ်လို ပြောဝယ်တာပဲ။ ပစ္စည်းကို လက်နဲ့ပြပြီး this လို့ ပြောလိုက်တာ အဆင်ပြေသကွ”
“ဈေးဝယ်ရင် လိုတိုရှင်း ဝါကျတွေ သုံးတာ ပိုကောင်းတယ်။ Short and simple ပေါ့ဗျာ”
“ချောင်းဟန့်လိုက်ရုံပေါ့ကွာ”
“နာမ်စားထက် နာမ်ကို ထပ်ကာထပ်ကာ သုံးရသဗျ”
“ကြက်တူရွေးမှ မဟုတ်ဘဲကွာ”
“ဥပမာ တင်စား ခိုင်းနှိုင်းတာများကလည်း ရှောင်နိုင်ရင် ကောင်းတယ်”
“ပုံတိုပတ်စနဲ့ ပြောမကွာ”
“ပိုင်ဆိုင်ခြင်းပြ ပုဒ်တွေလည်း ရှောင်မရတဲ့၊ possessive forms တွေပေါ့”
“မင်းပြောပုံဆို မြန်မာ သဒ္ဒါစာအုပ် ဖတ်ရမလို ဖြစ်နေပြီ”
“ကြိယာ ဝိသေသနတွေလည်း မကောင်းပြန်ဘူး။  adverbs တွေလေ”
“ကြိယာ ဝိသေသနမှ မသိဘဲနဲ့၊ သုံးဖို့တော့ ဝေးရော”
“ယေဘုယျ ဆန်တာထက် အထူးပြပြောတာက ပိုထိရောက်တယ်”
“ပါးရိုက်လိုက်တာ ပိုမကောင်းဘူးလားကွာ” ဝါးတားတား မပြောရဘူး ကိုပါတောရဲ့။  Vague words တွေကို ပြောတာ”
“ဝါးတားတား မပြောပေါင်ကွာ။ ဗလုံးဗထွေး ပြောတာပါ”
“ကြိယာနှစ်ခွ သဘောပါတဲ့ ဝါကျတွေတော့ ရှောင်မှ ကောင်းသတဲ့”
“ငါက သုံးခွပြောတာ များတယ်”

အီတလီ လူမျိုးတွေက ဈေးဝယ်တော့မယ် ဆိုရင် ထပ်ကာထပ်ကာ သေချာအောင် မေးတတ်တဲ့ အလေ့ရှိတယ်။ ကုန်ပစ္စည်း အသစ်ဆိုရင် ပိုလို့တောင် မေးတတ်ကြသတဲ့။ ဂျာမန်တွေကတော့ မေးမေးဝယ်ဝယ် ဝယ်တာများတယ်။ သူတို့က ကုန်ပစ္စည်းကို စိတ်ကြိုက် ကြည့်ပြီးမှ မေးတာပါ။ မေးပြီဆိုရင် ရောင်းရဖို့ သေချာပါပြီ။ ဂျပန်တွေကတော့ အနောက်ဆန်ချင်တာများလို့ ဒိန်ချဉ် ဝယ်စားတိုင်း မျက်နှာ ရှုံ့ကြသတဲ့။ ဂျပန်လူမျိုးက “ဟင့်အင်း” လို့ ငြင်းရမှာ အင်မတန် အားနာတတ်လို့ ဇွတ်ထိုးရောင်းလို့ ကောင်းတတ်ပါတယ်။

“ငါ့မိန်းမထက်များ အားနာရဦးမလားကွာ။ ဈေးသည်က ထိုးရောင်းလို့ ဒူးရင်းသီး ကားတစ်စီးတိုက် ဝယ်လာတာ ရပ်ကွက်ထဲ တစ်အိမ် နှစ်လုံး ဝေတာတောင် မကုန်ဘူး”

အောင်မောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons