Showing posts with label Social. Show all posts
Showing posts with label Social. Show all posts

ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အဆိုးမြင်ဝါဒီတို့ အကြောင်း

လုပ်စရာအလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဟာ ပထမဦးစားဖြစ်တဲ့ အချိန်မှာ ခင်ဗျားဟာ အသေးစိတ် လေ့လာဆန်းစစ်ဖို့ အလုပ်ကို ခပ်ဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဖွယ် ရှိပါတယ်။  ကုန်ကုန်ပြောရရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ စပ်လျဉ်းတဲ့ သံသယ တစ်ခုတလေမျှကို အကြောင်းပြုပြီးတော့တောင် အရေးယူ ဆောင်ရွက်ဖို့ ငြင်းပယ်ကောင်း ငြင်းပယ် နိုင်ပါတယ်။

လုပ်စရာရှိတဲ့ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ခြင်း (get it right) ဟာ လူသားတို့ရဲ့ အမူအကျင့်အပေါ် သြဇာ လွှမ်းမိုးတတ်တဲ့ နောက်ထပ် အလုပ်ပဓာနပြု အာရုံကျမှု (task-focused intent) တစ်ခု ဖြစ်ပါတယ်။ (ပထမတစ်ခုဖြစ်တဲ့ အလုပ် ပြီးမြောက်ရေး ကိုသာ ပဓာနပြု အာရုံကျမှု (get it done) အကြောင်းကို ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့ပြီးပါပြီ။) ခင်ဗျားဟာ အမှားကျူးလွန်မိမှာ စိုးလို့ဆိုပြီး သေချာပေါက် ဖြစ်နိုင်ချေရှိတဲ့ အချိန်မှာ အဲဒီ အလုပ်ကိစ္စနဲ့ စပ်လျဉ်းပြီး အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ရတာကြောင့် အလုပ်ကို တဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဆောင်ရွက်လာနိုင်ပါတယ်။ ခင်ဗျားဟာ ရလဒ် အနေနဲ့ ဘာ ထွက်ပေါ်လာမယ် ဆိုတာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို မယုံကြည်တာကြောင့် လုပ်ဆောင်ချက် မှန်သမျှကို ရှောင်ရှားဖို့အထိ အားထုတ်ကောင်း အားထုတ်လာနိုင်ပါတယ်။ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဆီ အာရုံကျချိန်မှာ ကဖျက်ယဖျက် လုပ်မှု သို့မဟုတ် ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ သူ့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို ဖရိုဖရဲနဲ့ အလေးဂရုပြုစရာ မလိုတော့သယောင် ထင်မှတ်လာပါတယ်။ အလုပ် မှန်ကန်ရေးအပေါ် အလွန်အကျွံ အာရုံစိုက်လာတဲ့ အခါမှာတော့ ရလဒ်က အဆိုးမြင် ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီ ဦးတည် ဖြစ်ပေါ်လာပါတယ်။ ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အပျက်မြင်သမားတို့ အားလုံးဟာ ဆိုခဲ့ပါ အမူအကျင့်အတွက် နမူနာ စံပြ လူသားတွေပါပဲ။

(၁) ခိုလိုလူ
ကျွန်တော်တို့ရဲ့ မပြီးပြည့်စုံလှတဲ့ လောကကြီးမှာ ခိုလိုလူက သူ့အဖို့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ကင်းမဲ့နေတယ်လို့ ယုံကြည်ထားပါတယ်။ မှားယွင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ မရေရာ မသေချာမှုတွေ အားလုံးက သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေ စေပါတယ်။ ခိုလိုလူတွေဟာ အဖြေရှာမှု အားလုံးကို စွန့်ပစ်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက် မြင့်မားလာတာနဲ့ အမျှ သူတို့ဟာ ဝါးလုံးချေးသုတ်ရမ်းဖို့ လိုအပ်တဲ့ သက်သေ အထောက်အထား အဖြစ် အသုံးပြုနိုင်တဲ့ ပြဿနာ မှန်သမျှအပေါ် အာရုံစိုက်ကြပါတယ်။ သူတို့က “ဘယ်ဟာမှ မမှန်ဘူး၊ အားလုံး အမှားတွေချည်းပဲ” လို့ စတင် ညည်းညူကြပါတယ်။ ဒါ့ကြောင့် အဲဒီလို ညည်းညူခြင်းက တခြားလူတွေကို စိတ်ပျက်ဖွယ် ဖြစ်စေပြီး နောက်ထပ် ညည်းညူစရာတွေ ဖြစ်ပေါ်စေမယ့် ယိုယွင်း ပျက်စီးတဲ့ အခြေအနေတွေကို ပေါ်ပေါက်လာစေပါတယ်။

(၂) မြုံစိစိပုဂ္ဂိုလ်
ခိုလိုလူနဲ့ မတူတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ အမှားအယွင်းတွေ ဖြစ်ပေါ်စေမယ့် အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခါမှာ ချက်ချင်းလက်ငင်း အကူအညီ မဲ့သွားသလို မခံစားရပါဘူး။ သို့ပေမဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ တဖြည်းဖြည်းချင်း မျှော်လင့်ချက် ကင်းမဲ့လာသူ ဖြစ်ပါတယ်။ မှားသွားတဲ့ ကိစ္စဟာ ဘယ်တော့မှ ပြန်ပြီး မှန်လာမှာ မဟုတ်ဘူးလို့ ခံယူထားတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ သူတို့ ဘယ်လို ခံစားရတယ် ဆိုတာကို တခြားသူတွေ သိသွားမှာနဲ့ စပ်လျဉ်းပြီး ရှက်ကြောက်မှုတော့ မရှိပါဘူး။ “အဲဒါကို မေ့လိုက်စမ်းပါ။ ငါတို့ ဒါကို ကြိုးစားခဲ့တာပဲ။ အဲဒါဟာ အလုပ် မဖြစ်ခဲ့သလို အခုလည်း ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်စုံတစ်ဦးက တစ်မျိုး ကွဲပြားစွာ ပြောခဲ့မယ်ဆိုရင် ခင်ဗျားဟာ မိမိ ကိုယ်ကို့ယ် လှည့်စားတာနဲ့ အတူတူ ဖြစ်မှာပဲ။ ဆုံးရှုံးမယ့် ကိစ္စ တစ်ခုအတွက် မိမိရဲ့ ခွန်အား စိုက်ထုတ်မှုတွေကို ဖြုန်းတီးမနေပါနဲ့။ အရှုံးပေးလိုက်စမ်းပါ” ဆိုတဲ့ စကားမျိုးတွေ ပြောတတ်ပါတယ်။ အဲဒီလို အမူအကျင့်ဆိုင်ရာ တွင်းနက်ကြီးက တခြားလူတွေကို မြုံစိစိ ပုဂ္ဂိုလ်ရဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ ချိုင့်ခွက်ကြီးထဲ ရောက်ရှိသွားအောင် စုပ်ယူလေ့ ရှိပါတယ်။

(၃) အဆိုးမြင်သမား
ဖြစ်ရပ်တွေဟာ ပြီးပြည့်စုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို မမီတဲ့အခါ တချို့လူတွေဟာ စိတ်ပျက်လက်ပျက်နဲ့ အလုံးစုံ နောက်ဆုတ် သွားတတ်ကြပါတယ်။ မှန်ကန်စွာ လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း အတွက် နောက်ဆုံး အနေနဲ့ ဟစ်ကြွေးမှု ရှိနိုင်ပါတယ်။ အဲဒါကတော့ “ကောင်းပြီ၊ ခင်ဗျားနည်း ခင်ဗျားဟန်နဲ့သာ လုပ်ပေတော့။ တကယ်လို့ အဲဒါ အလုပ်မဖြစ်ဘူး ဆိုရင် ကျွန်တော့်ဆီကို ငိုကြွေးပြီး ရောက်မလာပါနဲ့” လို့ ပြောဆိုတတ်ပြီး ဘာမျှ မလုပ်ဘဲ နေလေ့ ရှိပါတယ်။ ဒီနေရာမှာ သိရှိထားရမယ့် သော့ချက်တွေ ကတော့

(၁) အမူအကျင့်တွေဟာ တစ်ခါတစ်ရံ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ တွန်းအားကြောင့် ဖြစ်ပေါ် လာရတယ် ဆိုတာကို  နားလည် သဘောပေါက်ပါ။
ထပ်ပြောလိုတာက အဲဒါဟာ ပြုပြင်လို့ မရလောက်အောင် ဆိုးဝါးခြင်း သို့မဟုတ် မသင့်လျော်ခြင်း မဟုတ်ပါဘူး။ စင်စစ်အားဖြင့် အဲဒါဟာ အခြေအနေက လိုလား တောင်းဆိုတဲ့အတိုင်း အတိအကျ ဖြစ်နိုင်ပါတယ်။

(၂) အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ရှိမှုကို သိရှိပါ။
လူတွေဟာ အမှား မကျူးလွန်မိအောင် အသေးစိတ် အာရုံစိုက်နိုင်ဖို့ အတွက် ဖြည်းဖြည်းမှန်မှန် စိန်ပြေနပြေ လုပ်တတ်ကြပါတယ်။ ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ စပ်လျဉ်းပြီး ထည့်သွင်း စဉ်းစားတာကြောင့် ဘာမျှ မလုပ်ဘဲလည်း နေကောင်း နေနိုင်ပါတယ်။ သူတို့ဟာ မိမိအလုပ်အပေါ် အပြည့်အဝ အရေးမထားတတ်တဲ့ တခြားလူတွေရဲ့ အမှားတွေကိုတော့ တွေ့မြင်တတ်ကြပါတယ်။

(၃) အလုပ် မှန်ကန်စွာ ပြီးမြောက်ရေးကို အာရုံကျခြင်းဟာ ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီသို့ ဦးတည် သွားတတ်ကြောင်း သတိပြုပါ။
ဒါကို ခိုလိုလူရဲ့ ညည်းညူခြင်း သို့မဟုတ် မြုံစိစိပုဂ္ဂိုလ်ရဲ့ အပျက်သဘောရှုမြင်ခြင်း သို့မဟုတ် အဆိုးမြင်ဝါဒီရဲ့ အသံတိတ် နောက်ဆုတ်မှု အဖြစ် ထုတ်ဖော်ပြသနိုင်ပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ အချက်က ဘာကိုမျှ အပြုသဘော အမြင်နဲ့ သေချာပေါက် မဆောင်ရွက်တတ်ခြင်းပါပဲ။
Ref: Dealing with Difficult People by Dr.Rick Brinkman and Dr. Rick Kirschner

အပြန်အလှန် လေးစားမှု

နိုင်ငံခြားရှိ တက္ကသိုလ် တစ်ခုတွင် ဖြစ်ပါသည်။ ပါမောက္ခကြီးဖြစ်သူက တပည့်များအား ပုစ္ဆာမေးခွန်းများကို ဖြေခိုင်းထားပါသည်။
တပည့် ဖြစ်သူများသည် ဂရုတစိုက်နှင့် ကြိုးစားပန်းစား အဖြေရှာ ဖြည့်စွက်ကြပါသည်။ ကျောင်းသားများ အဖြေရှာ ဖြည့်စွက်ကြမှုများ ပြီးဆုံးကာနီးတွင် နောက်မေးခွန်း တစ်ခုကို တွေ့ရပါသည်။ မေးခွန်းမှာ ကျောင်းတွင် သန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီးကြီး၏ အမည်ကို ဖော်ပြပါ ဟူသည့် မေးခွန်းပင် ဖြစ်သည်။ မေးခွန်းများကို ဖြေဆိုနေသူ ကျောင်းသူတစ်ဦးက ထိုမေးခွန်းမှာ အကြောင်းမဲ့ ရယ်စရာလုပ်သည့် မေးခွန်းတစ်ခုမျှသာ ဖြစ်သည်ဟု ယူဆခဲ့ပါသည်။ သို့သော်လည်း အဖြေလွှာကို ပေးပြီးနောက် သူဟာ ပါမောက္ခကြီး ဖြစ်သူအား ထိုကိစ္စနှင့် ပတ်သက်၍ မေးခွန်း မေးဖြစ်ခဲ့ပါသည်။ သူမမေးသည့် မေးခွန်းမှာ ဉာဏ်စမ်းတွင် နောက်ဆုံး မေးမြန်းထားသည့် မေးခွန်းမှာ အရေးပါပါသလားဟု မေးခဲ့ရာ ပါမောက္ခကြီးက အရေးကြီးပါသည်ဟု ပြန်ဖြေခဲ့သည်။ သန့်ရှင်းရေး အမျိုးသမီးကြီးကို ကျောင်းသူ၊ ကျောင်းသားများ နေ့စဉ်ပင် တွေ့မြင်နေခဲ့ ကြပါပေသည်။ အရပ်မြင့်မြင့်၊ ဆံပင်ဖြူဖြူနှင့် အသက် ၅ဝ ခန့်ရှိသူ အမျိုးသမီးကြီး ဖြစ်ပေသည်။ သူမ၏ အမည်ကို မည်သူကမှ အလေးတယူ ဂရုပြု၍ မေးမြန်းခြင်း မရှိကြပေ။ ထို့ကြောင့်လည်း သူမအမည်ကို သိရှိခြင်း မရှိကြပေ။

ပါမောက္ခကြီးက ကျောင်းသားများကို စကားတစ်ခွန်း ပြောကြားပေသည်။ မင်းတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်တဲ့ လုပ်ငန်းခွင်နဲ့ ဘဝလမ်းကြောင်း တစ်ခုလုံးမှာ လူတွေကို အများကြီး တွေ့ကြုံရလိမ့်မယ်။ ကိုယ်နဲ့ တွေ့ကြုံရတဲ့ လူတွေကို အသိအမှတ်ပြုမှု၊ လေးစားမှုတွေနှင့် ဆက်ဆံကြရမှာ ဖြစ်တယ်။ အနည်းဆုံး အပြုံးကလေးနဲ့ နှုတ်ဆက်ကြရမယ်။ မင်္ဂလာပါလို့ နှုတ်ဆက် သင့်ကြတယ် ဟူ၍ပင် ဖြစ်ပေသည်။ နေ့စဉ်ပင် ရုံးလုပ်ငန်းခွင် ပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသည့် လူများကို နှုတ်ဆက် ဖြစ်ပါသလား၊ ဓာတ်လှေကား အတွင်း တွေ့ကြရသည့် လူများကို နှုတ်ဆက် ဖြစ်ပါသလား။ ဥပမာ ကလေးများပင် ဖြစ်ပါသည်။ သွားကြလာကြရာတွင် ဘတ်စ်ကား၊ မီးရထား ပေါ်တို့တွင် ထိုင်ခုံနေရာမှ ထပေးတတ်မှုများ ဆိုလျှင် ထူးဆန်းကောင်း ထူးဆန်းနေပေမည်။ လေးစားသမှု ပြုခြင်းဆိုသည်မှာ ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက်က စကားပြောနေပါက ဂရုတစိုက် နားထောင်ပေးခြင်း ကဲ့သို့သော အပြုအမူမျိုးသည် အနိမ့်ဆုံး အရိုးရှင်းဆုံးသော လေးစားမှုမျိုး ဖြစ်ပေသည်။ လေးစားခြင်း ဆိုသည်မှာ လူအချင်းချင်း ဆက်ဆံရေးတွင် အခြေခံ အကျဆုံးသော အချက်ဖြစ်ပေသည်။ အလုပ်ခွင်တွင် ပင်ဖြစ်စေ၊ မိမိ၏အိမ်တွင် ပင်ဖြစ်စေ လေးစားမှု ဆိုသည်မှာ လိုအပ်ပေသည်။ လူပုဂ္ဂိုလ်များကို သာမန်အားဖြင့် လေးစားမှုဟူသည့် အကြောင်းအရာ အားဖြင့် ၄ မျိုး ၄ စား ခွဲခြားနိုင်မည် ဖြစ်ပါသည်။

မိမိကိုယ်မိမိ လေးစားခြင်း

လူတို့သည် လုပ်ငန်းခွင်အတွင်း စိတ်ခံစားရမှု၊ တွေ့ကြုံရမှု အပေါ်တွင် မူတည်၍ မိမိကိုယ်မိမိ တန်ဖိုးထားမှု၊ လေးစားမှု စသည်တို့နှင့် ပတ်သက်၍ အခက်အခဲ ပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးမှ အစ သားသမီး၊ ကလေးသူငယ်များ၏ စာမေးပွဲများတွင် အားနည်းမှုများ အထိ မိမိကိုယ်မိမိနှင့် ပတ်သက်ရာ ဆိုင်ရာတွင် ပြဿနာ ဖြစ်တတ်ပါသည်။ သူတို့သည် မိမိတို့၏ အခြေအနေများကို အခြားသူများ၏ အခြေအနေများနှင့် နှိုင်းယှဉ် နေတတ်ပါသည်။ ဤကဲ့သို့သော စဉ်းစား တွေးခေါ်မှုမျိုးမှာ တစ်လည်လည်နှင့် အဖြေရှာမရ ဖြစ်တတ်ပါသည်။ လူတို့၏ စိတ်ဆင်းရဲမှု ဖြစ်ရသည့် အကြောင်းအရင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့ ရောက်ရှိနေသည့်၊ ရရှိနေသည့် နေရာ၊ အဆင့်အတန်း၊ အခြေအနေ တို့ကို လက်ခံရန် အဆင်သင့် ရှိနေသင့်ပါသည်။ ကိုယ်လုပ်ရသည့် အလုပ်တွင် ဂုဏ်ယူတတ်ရန် လိုပါသည်။ လုပ်သည့် အခါတွင်လည်း စိတ်အား ထက်သန်မှုနှင့် အတူလုပ်ဆောင်ရန် လိုအပ်ပါသည်။ နယူးဇီလန် နိုင်ငံတွင် ခရီးသည် တစ်ယောက်သည် ဘတ်စ်ကားပေါ်သို့ တက်လာတိုင်း ယာဉ်မောင်းက ပျူငှာစွာ နှုတ်ဆက်လေ့ ရှိသည်ဟု ဆိုပါသည်။ ဘတ်စ်ကားခ ပေးသည့် အခါတွင်လည်း ပြန်အမ်းငွေကို အတိအကျ မညိုမညင် ပြန်လည် အမ်းပေးလေ့ ရှိသည်။ အလာပ္ပ၊ သလာပ္ပ စကားကလေး များကိုပင် ပြောပေးတတ်သည်ဟု ဆိုပါသည်။ ဤသို့သော အပြုအမူမျိုးကို လူတိုင်းသို့ပင် ပြုမူပေးတတ် ကြသည်။ သူတို့သည် သူတို့၏ အလုပ်ကို ဂုဏ်ယူလေးစားမှု တစ်မျိုးပင် ဖြစ်သည်။

ချစ်ခင်နှစ်သက် သူများကို လေးစားမှု

ဤအပိုင်းတွင် မိမိတို့၏ ချစ်ခင်ကြရသူများ ဖြစ်သည့် ဆွေမျိုးသားချင်း များနှင့် မိတ်ဆွေ အပေါင်းအသင်းများ ပါဝင်ပေသည်။ ကျွန်ုပ်တို့ ချစ်ခင်နှစ်သက် သူများဖြစ်သည့် အားလျော်စွာ ၎င်းတို့၏ အမြင် သဘောတရား တို့ကိုလည်း တန်ဖိုးထားသည် ဖြစ်၍ သူတို့ကို လေးစားမှုပြုရန်၊ အခက်အခဲမရှိဘဲ အလွယ်တကူပင် ရှိလှပေသည်။

ရင်နှီးမှု မရှိသူများကို လေးစားမှု

မိမိအတွက် အလုပ်လုပ်ကိုင် ပေးနေသည့် ပုဂ္ဂိုလ်များ၊ မိမိနှင့် အတူတကွ အလုပ်ခွင်တွင် အလုပ်လုပ်ကိုင် နေသူများ၊ လမ်းတွင် သွားလာရင်း တွေ့ကြုံရသူများ၊ ဘဏ်တွင် လည်းကောင်း၊ စူပါမားကက် ကုန်တိုက်ကြီးများတွင် တွေ့ကြုံရသူ များသည် ဤအုပ်စုတွင် ပါဝင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သူတို့ကို လေးစားသမှု ပြုနိုင်ပါသည်။ သို့မဟုတ် မည်ကဲ့သို့ သဘောထား မည်နည်း ဆိုသည်မှာ မိမိတို့၏ အယူအဆပင် ဖြစ်ပါသည်။

နှစ်သက်မှု မရှိသူများကို လေးစားမှု

သင်မနှစ်မြို့သည့် သူများကို မည်ကဲ့သို့ ဆက်ဆံပါသနည်း ဆိုသည့်မေးခွန်း ရှိလာပါသည်။ သင်သည်သူ့ကို မြင်လိုက်သည့် အခါ မည်ကဲ့သို့ ခံစားလိုက်ရ ပါသနည်း။ ကသိကအောင့် ဖြစ်သွားပေမည်။ သူသည်သင့်ကို စကား ပြောနေကောင်း ပြောနေပေမည်။ သင်ကမူ အခြားသော အကြောင်းအရာ တစ်ခုကို စဉ်းစားကောင်း စဉ်းစားနေပေမည်။ ဤသို့အားဖြင့် သင်သည်သူ့ကို စိတ်ပျက်ကောင်း စိတ်ပျက်သွားစေမည် ဖြစ်ပေသည်။ ကိုယ်ကလည်း သူနှင့်ကြုံတွေ့ နေရသည်ကို စိတ်ပျက်ဒေါသ ထွက်နေပေမည်။ သို့ကြောင့် သင်သည် လူတစ်ယောက်ကို မနှစ်သက် သော်လည်း တလေးတစား သဘောထားပါက သင်သည် သူ၏လေးစားမှုကို ပြန်လည်ရရှိမည် ဖြစ်ပေသည်။ ဤသို့အားဖြင့် သင်ကိုယ်တိုင်လည်း စိတ်ထဲတွင် ကသိကအောက်နှင့် မပြေလည်သည့် ခံစားမှုများ ရှိမည် မဟုတ်တော့ပေ။ အထက်ပါ အုပ်စု ၄ ခုအား ကြည့်ရှုလေ့လာခြင်း အားဖြင့် မိမိနှစ်သက်သည့် သူများကို သော်လည်းကောင်း၊ မသိသည့် သူများကို သော်လည်းကောင်း လေးစားသမှု ပြသရန် လွယ်ကူပါသည်။ သို့သော်လည်း မိမိမနှစ်သက်သည့် သူများကို လေးစားသမှု ပြုရန် အလွန်ပင် ခက်ခဲသည်ကို တွေ့ရမည် ဖြစ်ပေသည်။ ဤပြဿနာသည် လေးစားမှု ဆိုသည်ကို ခံယူသည့် နည်းလမ်းပေါ်တွင် မူတည်ပေသည်။

လူတို့ကို ငယ်စဉ် ကတည်းကပင် တစုံတယောက် သောသူကို သူ၏ အကျင့်စာရိတ္တ အနေအထိုင် ကောင်းမွန်မှု၊ ရာထူးဂုဏ်သိမ် ကြီးမြင့်မှု သို့မဟုတ် သူ၏ အသက်မွေး ဝမ်းကြောင်းမှု အတတ်ပညာ တို့ကြောင့် လေးစားမှု ပြုသင့်ကြောင်း ပြောဆိုသင်ကြားခြင်း ပြုခဲ့ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ သဘောတရား အမြင်နှင့် အချိန်ကာလတို့ ပြောင်းလဲသည် နှင့်အမျှ အထက်ပါ ခံယူသင်ကြား ရယူခဲ့မှုများအပေါ် ခံယူချက်များ သည်လည်း ပြောင်းလဲခဲ့ပါသည်။ အမှန်မှာ လူတစ်ယောက်ကို လေးစားသင့်သည် ဆိုသည့်အချက်မှာ ထိုပုဂ္ဂိုလ်၏ ကြီးကျယ်မြင့်မြတ်မှု၊ ဉာဏ်ပညာ ကြီးမားမှု တို့ကြောင့် မဟုတ်ဘဲ ထိုပုဂ္ဂိုလ်သည် လူသားတစ်ယောက် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ကျွန်ုပ်ငယ်စဉ်က ဖခင်ဖြစ်သူက ပြောဆိုဆုံးမလေ့ ရှိပါသည်။ လူတို့သည် မိမိကိုယ်ကို ရိုသေလေးစားမှု ရှိသကဲ့သို့ အခြားသော သူများကိုလည်း ရိုသေလေးစားရန် လိုအပ်သည်ဟု ဆိုပါသည်။ ရိုသေလေးစားမှု မရှိလျှင် လူသည် တိရိစ္ဆာန်နှင့် ခြားနားမည် မဟုတ်ပေ။ အခြားသူများကို လေးစားခြင်း အားဖြင့် မိမိကိုယ်ကို လေးစားခြင်း ဆိုသည်ကို အမြတ်ရရှိမည် ဖြစ်ပေသည်။ လေးစားမှု ဆိုသည်မှာ အပြန်အလှန်ပင် ဖြစ်ပေသည်။ အခြားသူများ၏ သဘောထား အမြင်များကို အိမ်တွင် သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင် သော်လည်းကောင်း လေးစားမှု မရှိလျှင် မိမိသည်လည်း သူတို့၏ လေးစားမှုကို ရလိမ့်မည် မဟုတ်ပေ။ အပြန်အလှန် လေးစားမှုပင် ဖြစ်လေသည်။

လုပ်ငန်းခွင် အတွင်းတွင် ကြုံတွေ့ရသည့် စိတ်ဖိစီးမှု ပြဿနာများ

ယနေ့ခေတ် စီမံခန့်ခွဲသူများသည် မိမိတို့၏ အဖွဲ့အစည်းတွင် ရှိသော ဝန်ထမ်းများ အလုပ်သမားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးမြင့်လာရေး အတွက် ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်း (Healthy Organization) တစ်ခု ဖြစ်ပေါ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်း အားထုတ်လျက် ရှိကြပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အပါအဝင် ထိရောက်သော စီမံခန့်ခွဲမှု အစီအမံများဖြင့် ကျင့်သုံးလာပါ၏။ အဆိုပါ အစီအမံများထဲတွင် ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးရေး၊ တရားမျှတမှု (Fairness) ခံစား ရရှိစေရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်နီတိ (Ethics) များ သိရှိနားလည် လိုက်နာစေရေး၊ စိတ်ဖိစီးမှုများ လျှော့ချ ထိန်းသိမ်းနိုင်ရေး စသည်တို့ ပါဝင်ကြပါသည်။ စီမံခန့်ခွဲသူများအနေဖြင့် ဝန်ထမ်းများ ကြုံတွေ့ ခံစားရလေ့ရှိသော စိတ်ဖိစီးမှု ပြဿနာများ၊ ဝိရောဓိများကို လေ့လာ သုံးသပ်ရန် လိုအပ်ပြီး မည်သို့ ဖြေရှင်းနိုင်မည်ကို ကြိုတင် စဉ်းစားထားရပါမည်။
စိတ်ဖိစီးမှု (Stress)နှင့် စိတ်လှုပ်ရှား တက်ကြွမှု (Arousal)
လုပ်ငန်းခွင် အတွင်းတွင် အလုပ်သမားများသည် စိတ်ဖိစီးမှုများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြုံတွေ့ ခံစားရသဖြင့် အလုပ်တက်ရက် ပျက်ကွက်ခဲ့ရကြောင်း စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှား တက်ကြွမှု သုတေသန ပြုသူများက တွေ့ရှိခဲ့ကြပါသည်။ ရှေးရိုး အစဉ်အလာ တစ်ရပ်အနေဖြင့် လူအပါအဝင် သတ္တဝါများသည် ကြောက်လန့်ဖွယ်ရာ အခြေအနေ တစ်ရပ်ရပ်ကို ဗြုန်းစားကြီး တွေ့ကြုံရသည်နှင့် တစ်ပြိုင်နက် စိတ်ဖိစီးမှု တုံ့ပြန်ချက်သည် အလိုအလျှောက် ဖြစ်ပေါ်လာရသည်ဟု လက်ခံထားပါသည်။ အန္တရာယ်တစ်စတစ်ခု မမျှော်လင့်ဘဲ ကြုံတွေ့ရသောအခါ လူတို့၏ ပင်ကိုဗီဇအရ ပြန်လည် တုံ့ပြန်မှု ဟူသည် ဖြစ်ပေါ်စမြဲ မဟုတ်ပါလား။ ဥပမာ- တောတွင်း တစ်နေရာရာတွင် ဒေါသမုန်ယိုနေသော ဆင်တစ်ကောင်နှင့် ပက်ပင်း ရင်ဆိုင်တွေ့ရသောသူ တစ်ဦးသည် မလွဲမသွေ ကြောက်ရွံ့ထိတ်လန့်စိတ် ပေါ်လာပါမည်။ ထိုအတူ ဝန်ထမ်းငယ် တစ်ဦးအဖို့ ဒေါသအိုး ပေါက်ကွဲနေသော မိမိ၏ဌာန မန်နေဂျာကြီး သို့မဟုတ် ယခုခေတ်အခေါ် “သူဌေး” ၏ရှေ့တွင် ရောက်ရှိသွားသောအခါ ၎င်းသည်လည်း ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ် အပါအဝင် စိတ်ဖိစီးမှု ခံစားရပါမည်။
ထိုသို့သော အခြေအနေမျိုးတွင် လူတို့ခန္ဓာကိုယ်၏ ဓာတ်များ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်ကာ ခံတွင်းခြောက်လာခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ ကြွက်သားများ တင်းရင်းလာခြင်း စသော ခန္ဓာကိုယ်ဆိုင်ရာ စွမ်းပကားများ တိုးမြင့်စေပါသည်။ ယေဘုယျအားဖြင့် လူတစ်ဦး တစ်ယောက်သည် စိတ်လှုပ်ရှား တုံ့ပြန်မှု တစ်စုံတစ်ရာ ကြုံတွေ့ခံစားရပါက ၎င်းစိတ်လှုပ်ရှားမှုနှင့် အတူ “စိတ်ဖိစီးမှု” သည်လည်း တစ်ပါတည်း ထက်ကြပ်မကွာ ပါလာပါမည်။
လူအပါအဝင် သတ္တဝါဟူသမျှတို့သည် မိမိတို့ ခန္ဓာကိုယ်၏ သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ်ရာ အခြေအနေများကို ဆုံတွေ့ခြင်းကြောင့် “ရှောင်ကွင်း/ထွက်ပြေးမလား” သို့မဟုတ် “ရင်ဆိုင်တိုက်ခိုက်မလား” ဆိုသည့် ရောဂါလက္ခဏာ (Flight or Fight Syndrone) ဖြစ်ပေါ်လာရပါသည်။ သတ္တဝါတို့၏ ခန္ဓာကိုယ် သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ် အရေပေါ် အခြေအနေ တစ်ရပ် ကြုံတွေ့ရခဲ့သော် ထွက်ပြေး တိမ်းရှောင်သော နည်းကိုဖြစ်စေ ရင်ဆိုင်တိုက်ခိုက်သော နည်းကိုဖြစ်စေ တစ်နည်းနည်းကို ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ဥပမာအားဖြင့် သမင်ငယ်သည် ကျားသတ္တဝါနှင့် တွေ့သောအခါ မိမိ၏ အသက်ဘေးမှ လွတ်ကင်းရေး အတွက် လျင်မြန်သော အဟုန်ဖြင့် သေချာပေါက် ထွက်ပြေးရပေမည်။ အခြားတစ်ဖက်တွင် အိမ်မွေးကြောင် တစ်ကောင်သည် ၎င်းအား ရန်မူလာသည့် ခွေးကို တွေ့သောအခါ အမွေးအမှင်များ ထောင်လာပြီး အသံပေး အော်မြည်ကာ ဖွက်ထားသည့် လက်သည်းများကို ဖွင့်ထုတ်လျက် ကုတ်ဖဲ့နိုင်ရန် အသင့်အနေအထားဖြင့် ရင်ဆိုင် တိုက်ခိုက်ဖို့ ပြင်ဆင်သည်ကို စာရှုသူများ မြင်ဖူးကြပါလိမ့်မည်။
လူတို့သည်လည်း သတ္တဝါများနည်းတူ ထိုသို့သော စိတ်လှုပ်ရှား ခံစားမှုမျိုး အပေအဆိုပါ Flight or Fight အတိုင်း သဘာဝကျစွာ ကျင့်သုံးနိုင်သော်လည်း လူ၏အသိဉာဏ်၊ တွေးခေါ်မြော်မြင်မှုဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်မှ သာလျှင် “လူသား” ဆန်မည် ဖြစ်ပါသည်။ စိတ်လှုပ်ရှား တက်ကြွမှု (Arousal) ကို Lacey က အောက်ပါအတိုင်း အမျိုးအစား (၃) မျိုး ခွဲခြား လေ့လာခဲ့ပါသည်။
(က) အသိစိတ်ကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Cognitive Arousal)
စိတ်ပူပန်မှု၊ စိတ်သောက ရောက်မှုများ တိုးမြင့်လာသဖြင့် စိတ်ဖိစီးမှု ဆက်လက် ရရှိလာမည် ဖြစ်ပါသည်။
(ခ) ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှား တက်ကြွမှု (Somatic Arousal)
ခန္ဓာကိုယ်ရုပ်မှ ခံစားမှုကြောင့် ခြေဖျား၊လက်ဖျား အေးစက်ခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။
(ဂ) အပြုအမူဆိုင်ရာကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Behavioural Arousal)
အခြေအနေ တစ်ခုခုကြောင့် ဂနာမငြိမ် ဖြစ်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ဟိုပြေးသည်ပြေးဖြင့် ဆောက်တည်ရာမရ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ သုတေသီများ လေ့လာတွေ့ရှိ ထားချက်အရ စိတ်လှုပ်ရှား တက်ကြွမှုနှင့် စိတ်ဖိစီးမှုများ၏ အယူအဆများသည် ယခင်ရှေးရိုး အစဉ်အလာက ယူဆထားသည်ထက် ပိုမိုရှုပ်ထွေး နက်နဲကြောင်း သိရှိ လာကြပါသည်။ မည်သို့ပင် ဖြစ်စေ စိတ်ဖိစီးမှု ရေရှညခံစားလာရခြင်းသည် ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ နှလုံး၊ သွေးတိုးရောဂါ စသော ရောဂါများ ရရှိခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း သိလာရခြင်းလည်း အပါအဝင် ဖြစ်ပါသည်။
ယနေ့ခေတ် အခါတွင် ဆရာဝန်များကို ရောဂါတစ်စုံတစ်ခု အတွက် တွေ့ဆုံပြသ တိုင်ပင်သည့်အခါ ဆရာဝန်များက ထိုလူနာအား ရောဂါဇာစ်မြစ် အကြောင်းအရာများကို မေးမြန်းစူးစမ်းရာတွင် “စိတ်ဖိစီးခြင်း ခံစားရမှု အခြေအနေ”ကို ထည့်သွင်း မေးမြန်းလာသည်ကို တွေ့ရှိရပါသည်။
လုပ်ငန်းခွင် စိတ်ဖိစီးမှု (Work Stress)
Cooper ၏ ၁၉၈၆ ခုနှစ် လေ့လာချက်အရ အမေရိကန်ပြည်ထောင်စုတွင် ဝန်ထမ်းများသည် လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြုံတွေ့ ခံစားရသောကြောင့် အငြိမ်းစား ယူရမည့် အသက်အရွယ်သို့ မရောက်မီ စောစီးစွာ အလုပ်မှ အနားယူခြင်း (Early Retirement) ပြုကြသဖြင့် ဝန်ထမ်းအသစ်များကို အစားထိုး ခန့်အပ်ခဲ့ရပါသည်။ ထိုသို့ အချိန်မတိုင်မီ ဝန်ထမ်းများ ရွေးချယ် ခန့်အပ်ရသဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၇၀၀ကျော် ကုန်ကျခဲ့ရကြောင်း၊ ဝန်ထမ်းများ စောစီးစွာ အနားယူရခြင်းမှာလည်း အလုပ်နှင့် သက်ဆိုင်သော စိတ်ဖိစီးမှုများ ခံစားရခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ရှိသင့်သည့် ရုံးသုံး ပရိဘောဂ၊ စက်ပစ္စည်း ကိရိယာများ ပြည့်စုံစွာ မရှိပါက စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ ရတတ်ပါသေးသည်။ ဥပမာ တက္ကသိုလ်တစ်ခုမှ ကထိက တစ်ဦးသည် မိမိ၏ ကျောင်းသားများအား မေးခွန်းပြုစုရန် အတွက် ကွန်ပျူတာ၊ Scanner၊ မှီငြမ်း စာအုပ်များစသည်တို့ ပြည့်စုံလုံလောက်ခြင်း မရှိပါက ပြည့်စုံလုံလောက်မှု ရှိသော အခြားတက္ကသိုလ်မှ ကထိကထက် စိတ်ဖိစီးမှု ဝေဒနာ သိသာစွာ ပိုမို ခံစားရမည်မှာ မုချပင်။
လုပ်ငန်းတာဝန် ဆောင်ရွက်သူ အခန်းနှင့် ဆိုင်သော ပဋိပက္ခ (Role Conflict)
ယခုခေတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲအစည်း တစ်ခုခုတွင် မိမိ၏ စားဝတ်နေရေး အတွက် မိမိတတ်ကျွမ်းရာ ပညာဖြင့် အလုပ်လုပ်နေရ၏။ တစ်နည်းဆိုသော် လူ့ဘဝ ဇာတ်ခုံတွင် ကျရာဇာတ်ရုပ်မျိုးဖြင့် ကပြ အသုံးတော်ခံ နေရခြင်းဖြစ်၏။ လူပုဂ္ဂိုလ် တစ်ဦးတည်းပင်လျှင် ရောက်ရှိသည့်နေရာ သို့မဟုတ် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကွဲပြားသည့် အလျောက် ပါဝင်ကပြသည့် ဇာတ်ရုပ်နေရာ (Role) ကွာခြားကြောင်း အလွယ်တကူ သိရှိနိုင်ပါသည်။ ဥပမာ- ကုမ္ပဏီတစ်ခုမှ HR မန်ဂျာကြီးသည် ကုမ္ပဏီတွင် “မန်နေဂျာ” ဆိုသော ဝန်ထမ်း Role မှ ဆောင်ရွက်နေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အောက်ပါအတိုင်း ပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် အညီ Role အသီးသီး ပြောင်းလဲသွားပါသည်။
- အိမ်ပြန်ရောက်သောအခါ ဇနီးသည်နှင့် တွေ့သောအခါ “ခင်ပွန်း”
- မိဘများနှင့် တွေ့သောအခါ “သား”
- သားသမီးများ အတူတူ နေသောအခါ “ဖခင်”
- မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများ အကြားမှာ “သူငယ်ချင်း”
- မြို့နယ်အသင်း၊ လူမှုရေး အသင်းတွေမှာ “ကော်မီတီ အမှုဆောင်”
စသည်ဖြင့် ဇာတ်ရုပ် (Role) အမျိုးမျိုးဖြင့် ပါဝင် အသုံးတော် ခံနေရသည်။ အထူးသဖြင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း Role တွင် “သဘောထား မတိုက်ဆိုင်မှုများ” သို့မဟုတ် “ဝိရောဓိများ” ကြုံတွေ့ လာရသောအခါ စိတ်ဖိစီးမှုများ ဖြစ်ပေါ် ခံစားလာရကြောင်း အောက်ပါအတိုင်း လေ့လာ သုံးသပ်နိုင်ပါသည်။
(၁) ညွှန်ကြားသူ တစ်ဦး၏ ကွဲပြားသော လမ်းညွှန်ချက် ဝိရောဓိ (Intrasender Conflict)
အထက်အရာရှိက ချမှတ်သော ဝိရောဓိ ဖြစ်တတ်သော လမ်းညွှန်ချက်များကြောင့် လက်အောက် ဝန်ထမ်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရုံသာမက စိတ်ဖိစီးမှု ခံစားရနိုင်ပါသည်။ ဥပမာ မိမိအား အထက်အရာရှိက တယ်လီဖုန်းဖြင့် “ဒီကို တစ်နာရီအတွင်း အမြန်ဆုံးလာခဲ့ပါ။ လမ်းမှာ ဘာတွေ၊ ဘယ်လိုဖြစ်မယ်ဆိုတာ ငါ့ကိုမပြောနဲ့” ဟု ညွှန်ကြားသဖြင့် မိုင် ၅၀ ဝေးကွာသော ပဲခူးမြို့သို့ ရန်ကုန်မှ တစ်နာရီအတွင်း ရောက်အောင် ကားမောင်း လာခဲ့ရပါသည်။ ထိုဆရာ တစ်ဦးတည်းကပင် ရုံးတွင်း ညွှန်ကြားချက် အနေဖြင့် “မော်တော်ယာဉ်များကို မည်သည့်အခါမှ တစ်နာရီမိုင် ၃၀ နှုန်းထက်ပို၍ မမောင်းရ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အဆိုပါ မိုင်နှုန်းထက် ကျော်လွန်မောင်းပါက ထိရောက်စွာ အရေးယူမည်”ဟု ထုတ်ပြန် ထားခဲ့ပါသည်။ ယခုကဲ့သို့ မိမိအား တစ်နာရီအတွင်း ပဲခူးသို့ရောက်အောင် ကားအမြန်မောင်းခဲ့ရသဖြင့် မူလက ချမှတ်ထားသည့် အန္တရာယ် ကင်းရှင်းရေး မူဝါဒကို ဖောက်ဖျက်ခဲ့ရပါသည်။ ဤသို့သော လမ်းညွှန်စေခိုင်းချက် ဝိရောဓိမျိုးသည် ဝန်ထမ်းအား စိတ်ဖိစီးမှု ဖြစ်စေပါသည်။
(၂) မန်နေဂျာနှစ်ဦး၏ လက်အောက် ဝန်ထမ်း- ဝိရောဓိ (Intrarole Conflict)
တစ်ခါတစ်ရံ ဝန်ထမ်း တစ်ဦးသည် လုပ်ငန်း အဖွဲ့အစည်းအတွင်း မတူသော ဌာနခွဲ ၂ ခုမှ အထက်အရာရှိ ၂ ဦး၏ ကြီးကြပ်အုပ်ချုပ်မှု ခံရတတ်ပါသည်။ မိမိအား မန်နေဂျာ တစ်ဦးက “နိုင်ငံခြားမှ ရောက်ရှိလာမည့် အရေးကြီး ဧည့်သည်အား လေဆိပ်သို့ သွားကြိုပါ” ဟု ညွှန်ကြားထားပြီးချိန်တွင် အခြား အထက်မန်နေဂျာ တစ်ဦးက ကုမ္ပဏီအတွက် အရေးပေါ် ငွေလိုသည့်အတွက် ဘဏ်မှ အမြန်ငွေ သွားထုတ်ပါ” ဟု ညွှန်ကြား လာပြန်ပါသည်။ ထိုသို့သော အခြေအနေတွင် ဝန်ထမ်းသည် အထက်လူကြီး နှစ်ဦးအကြား ကြားညပ်ရသည့် အနေအထား ဖြစ်လာရသည်ကို ကြုံတွေ့ဖူးသူတိုင်း သိရှိ သဘောပေါက်မည် ဖြစ်ပါသည်။
(၃) ပုဂ္ဂိုလ်တစ်ဦး၏ ဇာတ်ရုပ် ၂ မျိုး ဝိရောဓိ (Interrole Conflict)
လူပုဂ္ဂိုလ် တစ်ဦးတည်း အနေဖြင့် ဇာတ်ရုပ် ၂ မျိုးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ရန် အနေအထားကြောင့် ဝိရောဓိ ဖြစ်စေပါသည်။ ဥပမာအားဖြင့်- အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ရုံးလုပ်ငန်းတွင် Marketing Manager အဖြစ် တာဝန်ယူထားသည့် အားလျော်စွာ ယနေ့နေ့လယ် ၁ နာရီတွင် BOD က ခေါ်ထားသည့် အစည်းအဝေးကို မပျက်မကွက် တက်ရောက်ရန် ရှိနေပါသည်။ ထိုအစည်းအဝေးတွင် Marketing ကိစ္စများကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားသဖြင့် မိမိကိုယ်တိုင် မပျက်မကွက် တက်ရမည့် အနေအထား ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကျောင်းက အတန်းပိုင်ဆရာမက စတုတ္ထတန်းတွင် ပညာသင်ကြားနေသော သမီးဖြစ်သူ ကျောင်းတွင် နေမကောင်းသဖြင့် မိဘကိုယ်တိုင် ပြန်လာခေါ်ပါရန် ဖုန်းဆက်အကြောင်းကြား လာပါသည်။ သည်တွင် အစည်းအဝေး တက်ရမည့် "မန်နေဂျာ၏ Role" နှင့် ကျောင်းမှ သမီးကိုသွား၍ ခေါ်ရမည့် “မိခင်၏ Role” တို့အကြား အားပြိုင် နေပါတော့သည်။ ဤကိစ္စမျိုးသည်လည်း စိတ်ဖိစီးမှု ခံစားရရှိရန် ဦးတည်စေသည် မဟုတ်ပါလား။
(၄) ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် - ဝိရောဓိ (Person-role Conflict)
ကိုယ်ကျင့် သိက္ခာ၊ စာရိတ္တ စောင့်ထိန်းမှုကို ဦးစားပေးသူ တစ်ဦးသည် ၎င်းင်း၏ သူငယ်ချင်း တစ်ဦးကို ယုံကြည်စိတ်ချ အားထားပြီး နှစ်အတော်ကြာ ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါသည်။ တစ်နေ့တွင် စာမေးပွဲတစ်ခု ဖြေဆိုရာ၌ ထိုသူငယ်ချင်းသည် မသမာသောနည်းဖြင့် ဖြေဆိုခဲ့ကြောင်း သိရှိရသဖြင့် ၎င်းအပေါ် အတော်စိတ်ပျက်ခဲ့ရပါသည်။ ကိုယ်ကျင့်သိက္ခာတရားကို လက်ကိုင်ထားသူ အဖို့ အဆိုပါ သူငယ်ချင်းအား ရှိရင်းစွဲ အတိုင်း မိတ်ဖက်မပျက် ဆက်လက်ပေါင်းသင်းမည်လော၊ ထိုသို့သော အကျင့်စာရိတ္တ မကောင်းသောသူကို မိတ်ဆွေအဖြစ်မှ ရပ်စဲမည်လော ဝေခွဲရ ခက်လာပါမည်။ ဤသို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် ဝိရောဓိသည်လည်း စိတ်မချမ်းသာစရာ ဖြစ်ပေါ်စေသည်မှာ အမှန်ပါ။
(၅) အခြားကြုံတွေ့နိုင်သည့် ပြဿနာများ
လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို ဝန်ထမ်းကိုယ်စီ တာဝန်ထမ်းဆောင်ကြရာတွင် တာဝန်ဝတ္တရားများ သတ်မှတ်ချက် တိကျရေရာစွာ သတ်မှတ်မထားခြင်း၊ ခိုင်းစေ ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်း ပြောဆိုမထားခြင်း သို့မဟုတ် စာဖြင့် ရေးသား ဖော်ပြမထားခြင်း စသည့် မသေချာမရေရာမှုများ ကြုံတွေ့ ရတတ်ပါသည်။ ဤအခြေအနေမျိုးတွင် ဝန်ထမ်းများ အနေဖြင့် စမ်းတဝါးဝါးဖြင့် မှန်းဆ ဆောင်ရွက်ရသဖြင့် အမှားများ ဖြစ်ပေါ်နိုင်သကဲသို့ စိတ်ဖိစီးမှုပါ ကြုံတွေ့လာကြရပါသည်။ တစ်ခါတစ်ရံ လုင်ငန်းခွင်အတွင်း အလုပ်တာဝန် ခွဲဝေချထားရာတွင် စနစ်တကျ မရှိခြင်းကြောင့် အချို့ ဝန်ထမ်းများသည် အလုပ် တာဝန်ဝတ္တရားများ ပိုမိုများနေသဖြင့် တာဝန်ပိနေခြင်း (Role Overload) ဖြစ်နေတတ်ပါသည်။ တစ်ဖက်တွင် အချို့ဝန်ထမ်းများတွင် အလုပ် တာဝန်ဝတ္တရားများသည် ရာထူးနှင့် နှိုင်းစာလျှင် သော်လည်းကောင်း၊ လစာနှင့် ချိန်စက်လျှင် သော်လည်ကောင်း၊ အဆင့်တူ အခြားဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် သော်လည်းကောင်း လွန်စွာ အလုပ် တာဝန်နည်းနေခြင်း (Role Underload) ဖြစ်နေတတ်ပါသည်။ ထိုအခြေအနေ ၂ ရပ်စလုံးပင်လျှင် ဝန်ထမ်းတို့ စိတ်ချမ်းမြေ့စရာ အကြောင်းမဟုတ်ကြောင်းကို စီမံခန့်ခွဲသူများ အနေဖြင့် သတိမူရမည် ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မိမိတို့ဘဝ ရပ်တည်ရေးအတွက် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ဖြစ်စေ ကျရာ ဇာတ်ရုပ်ဖြင့် ကျင်လည်နေကြသည် ဖြစ်ရာ လူအမျိုးမျိုးနှင့် တွေ့ဆုံ ဆက်ဆံကြရပြီး ပြဿနာ ပေါင်းစုံနှင့်လည်း ကြုံတွေ့ရမည်မှာ ဓမ္မတာ ဖြစ်ပါသည်။ နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ပြဿနာများ၊ ဝိရောဓိများကြောင့် စိတ်ပင်ပန်း ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုတို့ကို ခံစားရပါက မိမိတို့၏ ကျန်းမာရေးကို ထိခိုက်လာမည် ဖြစ်သဖြင့် ထိုသို့သော အခက်အခဲ အခြေအနေများကို အထူးဂရုပြု ရှောင်ရှားနိုင်ရန်၊ ထိန်းသိမ်းနိုင်ရန် အရေးကြီးပါသည်။ ဖော်ပြခဲ့သော ပြဿနာများ၊ ဝိရောဓိများကို ဝန်ထမ်းရေးရာ ကိစ္စများကို ကိုင်တွယ်နေရသော HR မန်နေဂျာများ သိရှိထားရန် လိုအပ်ပြီး ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်းတစ်ခု ဖြစ်လာရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

Ref: http://news.yatanarpon.com.mm/news/article-4535

ဆက်ဆံရေးကောင်းပါစေ

“ဆက်ဆံရေးကောင်းပါစေ” လို့ ဆိုတဲ့တွက် ဘာဆက်ဆံရေးလဲဆိုတာ သိချင်ကြလိမ့်မယ်။ လူ့ဘဝမှာ ဆက်ဆံရေးတွေက အထွေထွေအရပ်ရပ် ရှိနေကြတယ်။  မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေး၊ ဆရာနဲ့ တပည့်ရဲ့ ဆက်ဆံရေး၊ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး၊ ကိုယ့်ရဲ့ မိတ်ဆွေ သင်္ဂဟများနဲ့ ဆက်ဆံရေးတွေ ရှိနေကြသလို အလုပ်လုပ်နေကြတဲ့ လုပ်ငန်းခွင်မှာလည်း အထက်အောက် ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေး ဆိုတာတွေလည်း ရှိကြတယ်။ ကိုယ့်ဆရာသမားတွေနဲ့ ဆက်ဆံရတဲ့ ဆက်ဆံရေးနဲ့ လုပ်ဖော်ကိုင်ဖက်ချင်း ဆက်ဆံတဲ့ ဆက်ဆံရေးဆိုတာ မတူနိုင်ပါဘူး။ ဒီအတိုင်းပဲ ကိုယ်က အလယ်အလတ်ဆင့် တာဝန်ရှိသူတစ်ဦး ဖြစ်နေရင် အောက်ခြေ ဝန်ထမ်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ ဆက်ဆံရေးလည်း ရှိနေမှာအမှန်ပဲ။ အခု ပြောချင်တာက အလယ်အလတ် အဆင့်က တာဝန်ရှိသူတွေနဲ့ အောက်ခြေဝန်ထမ်း သို့မဟုတ် အလုပ်သမားတွေရဲ့ ဆက်ဆံရေး ကိစ္စကို ဇောင်းပေးပြီး ပြောချင်တာပါ။

ကိုယ်က လုပ်ငန်းခွင်မှာ တာဝန်ရှိတဲ့သူ (ကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ မန်နေဂျာစသဖြင့် တစ်ဦးဦး) ဖြစ်နေခဲ့ရင် မလွဲမသွေ မတူညီတဲ့ ဆက်ဆံရေးကဏ္ဍမျိုးနဲ့ ဆက်ဆံ ဆောင်ရွက်ရမှာဟာ ဓမ္မတာပါပဲ။ ကိုယ့်လက်အောက်ငယ်သား ဆိုပေမယ့် သူတို့ဟာ လုပ်ငန်းခွင်ရဲ့ မောင်းနှင်အားတွေ ဖြစ်တာကြောင့် စနစ်တကျ ကိုင်တွယ်ဆက်ဆံရမယ် မဟုတ်လား။ အထူးသဖြင့် မန်နေဂျာ ဆိုသူတွေက ဒီကိစ္စအပေါ် ရှင်းလင်းတဲ့အမြင်နဲ့ ကောင်းမွန်တဲ့ သဘောထားတွေ ထားရှိနိုင်ဖို့ ဒီဆောင်းပါးကို ရေးရတာပါ။ ချို့ယွင်းချက်၊ လိုအပ်ချက် ဆိုတာမျိုးကတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအလိုက် ဖြည့်စွက်ချဲ့ကား နားလည်ယူကြရင် မန်နေဂျာနဲ့ သူ့ဝန်ထမ်းများရဲ့ ဆက်ဆံရေးဟာ ပြေပြစ်ချောမောပြီး လုပ်ငန်းတွေ အောင်မြင်သွားနိုင်ပါတယ်။ “အောင်မြင်တဲ့ စီမံခန့်ခွဲသူများဟာ ဆက်ဆံရေး ကောင်းမွန်တတ်တယ်” ဆိုတဲ့ စကားတစ်ခု ရှိတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်သမားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာနဲ့အမျှ လုပ်ငန်းတွေ မလွဲမသွေ အောင်မြင်မှာ ဖြစ်ပါတယ်။

အထက်အောက် ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ဘေးတိုက် ဆက်ဆံရေးပဲဖြစ်ဖြစ် တစ်ခုခု အားနည်း ချို့ယွင်းနေရင် ဓမ္မတာပဲ ချို့ယွင်းချက်၊ အားနည်းချက်၊ လစ်ဟာမှုတွေနဲ့အတူ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ဒီတော့ ဆက်ဆံရေးဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် သဘောထားပြီး ဆက်ဆံရေး ကောင်းမွန်မှုမရှိဘဲ အားနည်းနေရင် ပြုပြင်ကြပြီး တစ်စုံတစ်ရာ ကောင်းမွန်နေရင်လည်း ပိုမိုကောင်းမွန်အောင် ကြိုးစားသင့်တယ်။ ဒါမှသာ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေ၊ အလုပ်တွေလည်း အောင်မြင်နိုင်မယ် မဟုတ်လား။ ဒီနေရာမှာအရေးကြီးတာက ကိုယ်က ကိုယ့်ရဲ့ အထက်လူကြီးကို ဝေဖန်အကြံပေးဖို့အတွက် တချို့ကိစ္စတွေဟာ မလွဲမသွေ ပေါ်လာတတ်ပါတယ်။ ဒါကို အချိန်ကာလမရှောင်၊ နေရာဒေသမရွေး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အဲဒီစကားမျိုးဟာ အများရဲ့ရှေ့မှာ ပြောသင့်မပြောသင့် အရင်ဆုံး ချင့်ချိန်ဖို့ လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ အထက်လူကြီးနဲ့ ပြောဆိုဝေဖန် အကြံပေးရမယ့်စကားမျိုးဟာ အများရှေ့မှာ မပြောတာ အကောင်းဆုံးပါပဲ။ ဒီအတိုင်းပဲ ကိုယ့်လက်အောက် ငယ်သားတွေ (ဝန်ထမ်းနဲ့ အလုပ်သမားတွေ)ကို ဆက်ဆံတဲ့ နေရာမှာလည်း သတိထားသင့်ပါတယ်။

သိပ်ပြီး ဆက်ဆံရေး မတင်းမာသင့်သလို နေရာတကာ သိတတ်ပြီး အလျော့ပေးလိုက်လျော ဆက်ဆံလို့လည်း မရပါဘူး။ တင်းလွန်းရင်ပြတ် ဆိုသလို ဖြစ်သွားတတ်ပြီး လျော့လွန်းရင် ပတ်တတ်ပါတယ်။ မှန်တမ်းဆက်ဆံရေး တစ်နည်းအားဖြင့် မလျော့လွန်း မတင်းလွန်းတဲ့ ဆက်ဆံရေးကို ထူထောင်ထားသင့်ပါတယ်။ ဒီနေရာမှာ တာဝန်ရှိတဲ့ သူတွေဟာ အလုပ်သဘော ဆက်ဆံတာနဲ့ ခင်ခင်မင်မင် ရောရောနှောနှော နေတာကို ခွဲခြားသိရှိဖို့ လိုပါတယ်။ အရမ်းလည်း မရောပါနဲ့၊ အရမ်းလည်း သီးခြားမဆန်ပါနဲ့၊ မလျော့မတင်း စောင်းကြိုးညှင်းသလိုပဲ ဖြစ်နေရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လက်အောက် ငယ်သားတွေရဲ့ သာရေးနာရေး ကိစ္စတွေကို ဘယ်လောက်ပဲ အလုပ်များ၊ အလုပ်ရှုပ်နေပါစေ မဖြစ်မနေ ရောက်အောင်သွားပါ။ စာနာ ထောက်ထားမှုကို ပြပါ။ ဝမ်းသာဂုဏ်ယူမှုနဲ့ ချီးမြောက်ပါ။ အထူးသဖြင့် နာရေး ကိစ္စလိုမျိုး ဒုက္ခ ရောက်နေချိန်မျိုးမှာ မဖြစ်မနေ အကူအညီ ပေးနိုင်အောင် ကြိုးစားနိုင်ရင် ကောင်းပါတယ်။ သူတို့ဒုက္ခ ကိုယ့်ဒုက္ခအဖြစ် စာနာပြခဲ့ရင် သူတို့ဟာကိုယ့်ကို ကျေးဇူးတင်မဆုံး ဖြစ်နေမှာ သေချာသလို အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကွန်ရက် တစ်ခုကို ထူထောင်ပြီး ဖြစ်သွားပါလိမ့်မယ်။

ဒီလို လက်အောက် ငယ်သားတွေအပေါ် ဆက်ဆံနိုင်သလို ကိုယ့်ကို ကျေးဇူးပြုတဲ့သူ (အထူးသဖြင့် အထက်လူကြီး)များနဲ့ ပတ်သက်ရင်လည်း မမေ့မလျော့ အသိအမှတ် ပြုထားပါ။ ဂါရဝတရားနဲ့အညီ တတ်နိုင်သလောက် ဂါရဝပြုနိုင်ရင် ကောင်းပါတယ်။ ဒါဟာ ကိုယ့်ရဲ့ သိတတ်မှုကို သူတို့တစ်တွေ နားလည်သွားစေဖို့ပဲ ဖြစ်ပါတယ်။ မန်နေဂျာဆိုတာ ကိုယ့်ဝန်ထမ်းတွေနဲ့ အမြဲပဲထိတွေ့ ဆက်ဆံနေရတာပါ။ ဒီတော့ ဖြစ်နိုင်သမျှ အမှားအယွင်းနည်းရင် ကောင်းပါတယ်။ ကိုယ့်လက်အောက်ငယ် သားတွေကို တာဝန် ချထားတဲ့ နေရာမှာ မျှမျှတတ ရှိရင်ကောင်းပါတယ်။ အားလုံးက အဲဒီအလုပ် တာဝန်ခွဲဝေမှုဟာ စောဒက တက်စရာ မရှိလောက်အောင် ဖြစ်နေရင် အကောင်းဆုံးပါပဲ။ ဒါမှသာ သူတို့နဲ့ကိုယ့်ရဲ့ ဆက်ဆံရေးဟာ အဖုအထစ် ကင်းမယ် မဟုတ်လား။ ကိုယ်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါလျက်နဲ့ တစ်စုံတစ်ဦးဟာ ကိုယ့်အပေါ်မှာ ဆက်ဆံရေး ကျဲလာရင် ဒါမှမဟုတ် ကလန်ကဆန်သဘောမျိုး ဖြစ်လာရင် ပြန်မပြော နားမထောင် လုပ်လာရင် သေချာပေါက် ပြဿနာ ရှိနေပြီဆိုတာ နားလည်ဖို့ လိုလိမ့်မယ်။

ဒီအတွက် သူ့ကို ဗျူရိုကရက်ဆန်ဆန် နှိပ်ကွပ်ဖို့ထက် အကြောင်းရင်းက ဘာဆိုတာ သိရှိရအောင် လေ့လာပါ။ မြန်မြန် ဆေင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်ဘက်က ချို့ယွင်းအားနည်းချက် တစ်စုံတစ်ရာကြောင့် ဒီလိုဖြစ်နေတာဆို ရင် ပြင်နိုင်အောင်ကြိုးစားပါ၊ ပြင်ပါ၊ ကိုယ်ပြုပြင်နေတာကိုလည်း သူသိပါစေ။ ဒါမှမဟုတ်သူ့ရဲ့အထင်မှား အမြင်မှားကိစ္စ ကြောင့်ဆိုရင် အဲဒီကိစ္စကို တစ်နည်းနည်းနဲ့ သူသိသွားအောင် ဆောင်ရွက်လိုက်ပါ။ ဒါဆိုရင် သူ့အနေနဲ့ အမြင် ကြည်လင်သွားပြီး ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာပါလိမ့်မယ်။ ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ ဆက်ဆံရေးဆိုတာ အလွန် ကျယ်ပြန့်ပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ လေးနက်တဲ့ ဆက်ဆံရေး အမျိုးမျိုးသာမက မန်နေဂျာနဲ့ သူရဲ့ ဆက်ဆံရေးကိုတောင် ချဲ့ရင်ချဲ့သလို ရပါတယ်။ ဒါပေမဲ့ အမြည်း သဘောလောက်သာ တင်ပြထားတဲ့ အခု ဆောင်းပါးလောက်နဲ့ပဲ ကျင့်ကြံပြုမူ သဘောထားနိုင်ကြပြီ ဆိုရင် အောင်မြင်နိုင်ပါတယ်။ မန်နေဂျာ အားလုံးပဲ ဆက်ဆံရေး ကောင်းမွန်နိုင်ကြပါစေ၊ အဆင်ပြေနိုင်ကြပါစေ။

ထက်ကျော်

ဆက်ဆံရခက်သူတွေကို ဘယ်လို ချဉ်းကပ်မလဲ


ခင်ဗျားအနေနဲ့ သည်းမခံနိုင်အောင် ဆက်ဆံရေး ဆိုးဝါးတဲ့သူတွေနဲ့ တွေ့ကြုံ ဆက်ဆံရတဲ့အခါမှာ အနည်းဆုံးအားဖြင့် ရွေးချယ်စရာနည်းလမ်း လေးခုတော့ ရှိပါတယ်။ အဲဒါတွေဟာ မျက်လှည့်ဆန်တဲ့ ပုံသေနည်းတွေတော့ မဟုတ်ပါဘူး။  ဘယ်လို အခြေအနေမျိုးမှာမဆို ဘယ်နည်းလမ်းကို ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်မလဲဆိုတာနဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ရမယ့်သူက ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာလေးခုကတော့....

(၁) ဘာမျှမလုပ်ဘဲနေခြင်း

ဘာမျှမလုပ်ဘဲနေခြင်းဟာ လုံးဝဥဿုံ မလှုပ်မယှက် နေခြင်းတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းထဲမှာ ဘာမျှမလုပ်နိုင်တဲ့ အခြားပုဂ္ဂိုလ်တွေကို နာကျင်ခံခက်စေခြင်းနဲ့ မကျေမနပ် ပြောဆိုခြင်းတို့လည်း ပါဝင်ပါတယ်။ ဆက်ဆံရ ခက်ခဲသူတွေ အပေါ် အားမလို အားမရဖြစ်ခြင်းက များသည်ထက်များလာပြီး အချိန်နဲ့အမျှ ဆိုးဝါးလာနိုင်စရာ ရှိတာကြောင့် ဘာမျှမလုပ်ဘဲ နေခြင်းဟာ အန္တရာယ်တော့ ရှိပါတယ်။ ပြီးတော့ ဘာမျှမလုပ်နိုင်တဲ့သူကို မကျေမနပ် ပြောဆိုခြင်းက ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုကို ရွှေ့ဆိုင်းထားချိန်မှာ စိတ်ဓာတ်ရေးရာနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသခြင်း
တစ်ခါတစ်ရံမှာ ခပ်ခွာခွာ နေလိုက်ခြင်းက ခင်ဗျားအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်တတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေမှန်သမျှကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ အခြေအနေတွေ ဆိုရင် ဖြေရှင်းနေဖို့တောင် မထိုက်တန်ပါဘူး။ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်နဲ့ ဆက်လက် ဆက်ဆံလိုစိတ် တစ်စိုးတစ်စေ့မျှ မရှိတော့တဲ့အခါ ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသလိုက်ခြင်းက အဓိပ္ပာယ်ရှိပါတယ်။ တကယ်လို့ အခြေအနေ အရပ်ရပ်က ယိုယွင်း ဆိုးရွားလာနေပြီး ခင်ဗျားအနေနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ သိမြင်လာရပြီဆိုရင် ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်ခြင်းက တစ်စိတ်တစ်ဒေသအားဖြင့် အကောင်းဆုံးဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။ အဲဒီနောက် ခပ်ဝေးဝေးဆီ ထွက်ခွာလိုက်ပါ။ “ ရှင့်ရဲ့ ခွင့်ပြုချက် မပါရှိဘဲ ဘယ်သူကမှ ရှင့်ကို သိမ်ငယ်တဲ့ခံစားချက် ဖြစ်ပေါ်လာအောင် မလုပ်နိုင်ပါဘူး ” ဆိုတဲ့ အီလင်နာရုစဗဲ့လ်ရဲ့ စကားအတိုင်းပေါ့။ သို့ပေမဲ့ ကျောခိုင်းထွက်ခွာဖို့ မဆုံးဖြတ်မီ ခင်ဗျားအနေနဲ့ နောက်ထပ်ကျန်ရှိတဲ့ ရွေးချယ်စရာ နှစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါတယ်။

(၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြောင်းလဲလိုက်ပါ။
ဆက်ဆံရခက်ခဲတဲ့သူက ခင်ဗျားကို တုံ့ပြန်ရခက်တဲ့ အမူအကျင့်တွေနဲ့ ဆက်လက် ထိပါးနေဦးမယ်ဆိုရင် ခင်ဗျားဟာ အဲဒီလူကို တစ်မူထူးခြားစွာ ရှုမြင်နိုင်သလို သူပြောသမျှ ထူးထူးခြားခြား နားဆင်နိုင်တဲ့ အပြင် အဲဒီလူနဲ့ စပ်လျဉ်းပြီး မတူကွဲပြားစွာ ခံစားနိုင်ပါတယ်။ ပြဿနာလူသားတွေအပေါ် ထားရှိတဲ့ ခင်ဗျားရဲ့ တုံ့ပြန်ချက်များဆီက လွတ်မြောက်စေမယ့် စိတ်နေသဘောထားဆိုင်ရာ အပြောင်းအလဲတွေကို ခင်ဗျားကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

(၄) ခင်ဗျားရဲ့အမူအကျင့်ကိုပြောင်းလဲလိုက်ပါ။
ခင်ဗျားအနေနဲ့ ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ဆက်ဆံတဲ့နည်းလမ်းကို ပြောင်းလဲလိုက်ချိန်မှာ သူတို့က ခင်ဗျားအပေါ် ဆက်ဆံသင့်တဲ့ နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေ လာကြပါလိမ့်မယ်။ ပြဿနာဖြစ်စေတဲ့ အမူအကျင့် အများစုကို ရင်ဆိုင်ဖို့အတွက် ထိရောက်မှုရှိပြီး လေ့လာသင်ယူလို့ရတဲ့ မဟာဗျူဟာတွေ ရှိပါတယ်။ အဲဒါတွေကို ရှေ့လျှောက် ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
အတိုချုံးပြောရရင် (၁) ခက်ခဲတဲ့ အမူအကျင့်တွေကို အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်နိုင်ပေမဲ့ အခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု မတူကွဲပြားကြတယ် ဆိုတာကို နားလည်သဘောပေါက်ပါ။ အခြေအနေအရပ်ရပ်ကို ဘယ်လိုတုံ့ပြန်နည်းမျိုးနဲ့ တုံ့ပြန်ရမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်ပါတယ်။ (၂) ဘာမျှမလုပ်ဘဲနေဖို့ အားထုတ်ကြိုးပမ်းခြင်းက ရှောင်ကြဉ်ပါ။ ဒီမဟာဗျူဟာက စဉ်ဆက်မပြတ် လက်ခံနိုင်ဖွယ်မရှိပါဘူး။ တကယ်လို့ အခြေအနေက တကယ့်ကို ဆိုးဝါးနေတယ်ဆိုရင် ခင်ဗျားအနေနဲ့ အရေးတယူပြုပြီး လုပ်ကိုင် ဆောင်ရွက်ရဖွယ် ရှိပါတယ်။ (၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြုပြင်ပြီးမှ ခင်ဗျားရဲ့ အမူအကျင့်ကို ပြုပြင်ပါ။ တစ်ခါတစ်ရံ စိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အမူအကျင့်ကို ပြောင်းလဲခြင်းဆိုတဲ့ ခက်ခဲတဲ့ အလုပ်ကိုလည်း မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဝင်းသိန်းဦး
Ref : Dealing with Difficult People by Dr. Rick Brinkman and Dr. Rick Kirschner

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons