Showing posts with label Management. Show all posts
Showing posts with label Management. Show all posts

ကျွမ်းကျင်ဝန်ထမ်း ဖြစ်လာဖို့

ဟိုးအရင် နှစ်ဆယ့်ငါးနှစ်လောက်က အစိုးရဌာန တစ်ခုမှာ အလုပ်ဝင်လုပ် ခဲ့ဖူးတယ်။ ခုနှစ်အားဖြင့် ဆိုရရင် ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီအချိန် ကာလက ကျွန်တော်ဟာ ဘွဲ့ရပြီး အသက် နှစ်ဆယ့်သုံးနှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ ဘွဲ့ရပြီးပြီဆိုတော့ အလုပ်လုပ်ရမယ်ပေါ့။ အဲဒီ အချိန်တုန်းက ဘာဈေးကွက် စီးပွားရေးမှ မရှိသေးသလို ဘယ်ကုမ္ပဏီမှလည်း ပေါ်မလာ ခဲ့သေးပါဘူး။ ဒီတော့ ဌာနဆိုင်ရာ တွေမှာပဲ တစ်ခုပြီး တစ်ခု လေဘာထပ်ပြီး အလုပ်လျှောက် ရပါတယ်။
အဲဒီလိုနဲ့ ကော်ပိုရေးရှင်း တစ်ခုမှာ အလုပ်ရခဲ့တယ်။ လစာက ရှားပါးစရိတ် မပါ တစ်ရာ့ငါးဆယ် ကျပ်ကစပြီး ရတယ်။ အဲဒီ တစ်ရာ့ငါးဆယ် ကျပ်နဲ့ စတဲ့လစာက ကျွမ်းကျင်လစာလို့ ဆိုကြတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ဦးကတော့ ဌာနတစ်ခုမှာ ကွန်ပျူတာ ကတ်ပြားဖောက် စာရေးဆိုပြီး အလုပ်ရတယ်။ သူ့ရဲ့ လစာက တစ်ရာ့သုံးဆယ် ကျပ်ကစတယ်။ အဲဒီလစာက ကျွမ်းကျင်လစာ မဟုတ်ဘူးတဲ့။ သူ့ရဲ့ အစ်မက နောက်ပြီးတော့ သူ့မောင်ကို ပြောပါတယ်။ “နင်က မကျွမ်းကျင်တော့ တစ်ရာ့သုံးဆယ် ကျပ်ကနေ စပြီးတော့ လခ ရတာပေါ့၊ နင့်သူငယ်ချင်းက ကျွမ်းကျင်တော့ တစ်ရာ့ငါးဆယ် ကျပ်ကနေ စပြီး လခရတာပေါ့” တဲ့။
အဲ့ဒီ အချိန်တုန်းက ကျွမ်းကျင်စကေး လစာကို မရဘဲ ရှားပါးတဲ့ ကွန်ပျူတာနဲ့ ထိတွေ့ခွင့်ရတဲ့ ကျွန်တော့် သူငယ်ချင်းဟာ အခုတော့ ကျွမ်းကျင်တဲ့ Computer Programmer တစ်ဦး ဖြစ်နေပါပြီ။ ဌာနဆိုင်ရာ တွေမှာလည်း ကျွမ်းကျင်လစာ စကေးနဲ့ ရိုးရိုးလစာ စကေးတို့ ခွဲခြား သတ်မှတ်ခြင်း မရှိတော့ဘူးလို့ ယူဆမိပါတယ်။
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ အာဆီယံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသ AFTA ကို အကောင်အထည် ဖော်ဆောင်တော့မယ် ဆိုတာကို သတင်းတွေမှာ ဖတ်ရ၊ ကြားသိရတယ်။ အဲဒီအချိန်မှာ လိုအပ်တဲ့ စိန်ခေါ်မှုတွေကို ယခု အချိန်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ သင့်တယ်လို့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက တညီတညွတ်တည်း သုံးသပ်ပြောဆို ကြတဲ့ အသံတွေကို ကြားသိရပါတယ်။
Trade ဆိုတဲ့ ကုန်သွယ်ရေးမှာ Goods ဆိုတဲ့ ကုန်ပစ္စည်း၊ Services ဆိုတဲ့ ဝန်ဆောင်မှု၊ Investment ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု၊ Capital ဆိုတဲ့ အရင်းအနှီးနဲ့ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သားတွေ ပါဝင်တယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သား တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ အရာရောက်ပါတယ်။ တစ်ချိန်တုန်းကတော့ ကျွမ်းကျင်တဲ့ လူသားရင်းမြစ်ရဲ့ အခန်းကဏ္ဍကို သိပ်ပြီး အလေးမထား ခဲ့ပါဘူး။ အခု အချိန်မှာတော့ လူသားရင်းမြစ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုကို အလေးထား စဉ်းစား ခဲ့ကြပါပြီ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့မြင်ကြရ ပါတယ်။
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကလည်း ဝန်ထမ်းအရည်အသွေး မြှင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပို့ချပေးနေတာကို တွေ့ရတယ်။ လက်ရှိအချိန် လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေ လိုအပ် နေသေးတယ်လို့ ဆိုကြပါတယ်။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒီပလိုမာတွေ၊ အောင်လက်မှတ်တွေ ရရှိလိုက်တာနဲ့ ကျွမ်းကျင်ဝန်ထမ်း ဖြစ်မလာနိုင်ပါဘူး။ လုပ်ငန်းခွင် အတွေ့အကြုံလည်း အထိုက်အလျောက်တော့ လိုအပ်ပါသေးတယ်။ အလုပ်ခန့်အပ်မယ့် သူတွေကလည်း လုပ်ငန်းခွင် အတွေ့အကြုံ မရှိရင် အလုပ်မခန့်ချင် ကြပါဘူး။ အလုပ်အကိုင် ရှာဖွေနေကြတဲ့ လူငယ်တချို့ အနေနဲ့လည်း အလုပ်လုပ်ချင်ပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးတဲ့ အတွက် အလုပ်အကိုင် ရှာဖွေတဲ့ နေရာမှာ အခက်အခဲ ရှိနေတာကို တွေ့ရပြန်တယ်။
အလုပ်အပေါ် တန်ဖိုးထားတတ်တဲ့ စိတ်ရှိမှ ကြိုးစား လုပ်ကိုင်ချင်စိတ် ရှိမှ ကျွမ်းကျင်မှု ရှိလာမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိမှပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိလာနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွင်မှု ရှိမှပဲ လုပ်ငန်းနဲ့ ပတ်သက်ရင် အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိတယ်ဆိုတာက ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည် သဘောပေါက် နေတာလို့ ယူဆမိပါတယ်။ အဲဒီလို သေသေချာချာ နားလည် သဘောပေါက် နေမှပဲ သပ်သပ်ရပ်ရပ်နဲ့ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်မှာဖြစ်တယ်။ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နေသူတွေ ရှိမှပဲ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ပြီး လုပ်ငန်း အနေအထား တိုးတက်မြင့်မား လာမှာဖြစ်ပါတယ်။
ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေ ကနေ ထွက်လာခဲ့တဲ့ လူတိုင်းကို ပြီးပြည့်စုံ လုံလောက်ပြီလို့ ယူဆလို့ မရပါဘူး။ ဆိုလိုတာက ဘွဲ့တွေ ဒီဂရီတွေ ရခဲ့ပေမဲ့လည်း လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျ ဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။ ပညာခေတ်လို့ ခေါ်ဝေါ်သမုတ် နေကြတဲ့ ဒီနေ့ ဒီအချိန်မှာ ဆိုရင် ပိုပြီးတော့တောင် လေ့လာသင်ယူ စရာတွေ ရှိနေပါသေးတယ်။ သီအိုရီချည်းပဲ ကျွမ်းကျင်တဲ့သူကို ကျွမ်းကျင်လုပ်သား အဖြစ် မသတ်မှတ် နိုင်သလို လက်တွေ့ သက်သက်ပဲ သိရှိနေသူ ကိုလည်း ကျွမ်းကျင်သူ အလုပ်သမား အဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ အချက်တွေ ရှိနေသေးတယ်လို့ ယူဆမိပါတယ်။ ကျွမ်းကျင် အလုပ်သမား ဖြစ်လာဖို့ ဆိုရင် လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်း အပိုင်းကို ပြုလုပ်သင့်ပါတယ်။ လုပ်ငန်းခွင်ကို ဝင်ရောက်လာခဲ့ပြီး လိုအပ်ချက် ရှိနေသေးတဲ့ ဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီး လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ဝန်ထမ်းတိုင်း အတွက် ပြုလုပ်သင့်တယ်လို့ ယူဆမိပါတယ်။
စက်မှုဘက်ဆိုင်ရာ ဝန်ထမ်း၊ ရုံးလုပ်ငန်း ဆိုင်ရာဝန်ထမ်း စသဖြင့် အကြမ်းအားဖြင့် ဝန်ထမ်းတွေကို ခွဲခြားသတ်မှတ် နိုင်သလို မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်မှု ရှိအောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စက်မှုဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ ကျောင်းကနေ ထွက်လာပြီး ဘွဲ့ဒီဂရီ ရလာရုံနဲ့ ကျွမ်းကျင်နေတယ် ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ အတွေ့အကြုံ အရတော့ ကျွန်တော်တို့ ဆီမှာ လုပ်ငန်းခွင် ရောက်မှ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ စက်မှုလုပ်သားတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီဝန်ထမ်းတွေရဲ့ သက်ဆိုင်ရာ အလုပ်တွေကို ကျွမ်းကျင်လာအောင် လုပ်ငန်းခွင်ထဲ ရောက်ရှိပြီးသား ဝန်ထမ်းတွေနဲ့ အတူ ညီတူညီမျှ လုပ်ကိုင်ဆောင်ရွက် နိုင်အောင် ကြိုးပမ်းအားထုတ် မယ်ဆိုရင်တော့ သင်ကြားပြသ ပေးရမှာပါပဲ။
သင်ကြားပြသ ပေးမှုနဲ့ ပတ်သက်ရင် ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူ အပေါ်မှာ မူတည်နေပါတယ်။ အနီးကပ်ဆုံး ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူက သင်ကြားပြသမှု ပြုသင့်ပါတယ်။ လုပ်ငန်း အနေအထား အရ တာဝန်ရှိသူ အထက်ပုဂ္ဂိုလ်က သင်ကြားပြသ ပေးဖို့ မအားမလပ် ဖြစ်နေရင် လုပ်ငန်းခွင်ထဲမှာ ရှိပြီးသား ကျွမ်းကျင်ဝန်ထမ်းကို သင်ကြားပြသဖို့ တာဝန် ပေးသင့်ပါတယ်။ အဲ့ဒါမှ ဝန်ထမ်း အသစ်အနေနဲ့ ဘာကို လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်မှုကနေ ကင်းဝေးမှာပါပဲ။
သင်ကြားပြသမှုမှာ ရည်ရွယ်ချက် လေးခု ရှိပါတယ်။ အဲဒါတွေကတော့
  1. ကိုယ့်အတွက် အသိဉာဏ် ဗဟုသုတတွေကို တိုးပွားလာစေပြီး ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းအတွက် အတတ်ပညာ လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်တယ်။
  2. လုပ်ငန်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အတတ်ပညာ ဆိုင်ရာ ပြဿနာနဲ့ အခြားသော နှီးနွှယ်ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာရပ်တွေကို ဖြေရှင်းတဲ့ နေရာမှာ အကျုံးဝင်စေဖို့ အတွက် ဖြစ်ပါတယ်။
  3. သင်ယူသူအတွက် တိုးတက်မှု ဖြစ်စေပြီး နားလည်မှု ကျယ်ပြန့်လာစေကာ လုပ်ငန်းခွင် အပါအဝင် လူမှု အဖွဲ့အစည်း အတွက် အကျိုးရှိစေကာ နေထိုင်မှု ဘဝမှာ အဆင်ပြေစေဖို့ အတွက် ဖြစ်တယ်။
  4. သင်ယူသူ အနေနဲ့ လက်ရှိ လုပ်ကိုင်နေရတဲ့ ရာထူးအတွက်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မဟုတ်ဘဲ ရှေ့ဆက်ရမယ့် ရာထူးနေရာ၊ ပိုမိုလာမယ့် တာဝန်ဝတ္တရား လုပ်ငန်းဆောင်တာ တွေအတွက် လုပ်ကိုင်နိုင်အောင်၊ အဆင့်မြင့်တဲ့ လုပ်ငန်းဆိုင်ရာ အသိပညာ ဗဟုသုတ တွေကို ဆက်လက် ရှာမှီးနိုင်အောင် အသင့်ပြင်ဆင် ထားခြင်းပဲ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကို ရောက်ရှိလာမယ့် ဝန်ထမ်း အသစ်အတွက် သူလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရား လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် လုပ်ငန်း အတွေ့အကြုံ ရှိခဲ့သူ၊ အထူးတလည် ကျွမ်းကျင်ရင်းနှီး ပြီးသားလူ ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုရင် သူ့ကို ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်းအတွက် တာဝန် ပေါ့သွားပါလိမ့်မယ်။ ဘာတာဝန်လဲ ဆိုရင် လေ့ကျင့် သင်ကြားခြင်းနဲ့ ပညာပေးခြင်း တာဝန်ပါ။ အဲဒီလို ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်း အနေနဲ့ ဝန်ထမ်းအသစ်ကို လေ့ကျင့် သင်ကြားခြင်း ပြုလုပ် ရမှာပါပဲ။ အချုပ်ဆိုရရင်တော့ သင်ယူသူ ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ရယူဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ အဲဒီလုပ်ငန်း အဖွဲ့အစည်းကနေ ကင်းကွာသွားမှာပဲ ဖြစ်ပါတယ်။
အညွှန်း - THE NATURE OF MANAGEMENT
             By H.R.LIGHT
 Ref : http://news.yatanarpon.com.mm/business/article-4512

MBA ဘွဲ့ရရင် ဘာဖြစ်မလဲ

စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များသည် ယခုအခါ၌ MBA သင်တန်းတစ်ခုကို တက်လိုက်လျှင် သေချာပေါက် အောင်မြင်ပြီး လုပ်ငန်းခွင်ထဲတွင် အသာစီးရမည်ဟု ကြော်ငြာလေ့ ရှိကြသည်။  အကယ်၍ သင့်တင့်သည့် စီးပွားရေး လုပ်ငန်း ပညာသင်တက္ကသိုလ် တစ်ခုမှ ဘွဲ့ရလျှင် ထိုလုပ်ငန်းခွင်များ၌လည်း ခန့်ထားရန် သင့်တော် ကောင်းမွန်သည်ဟု အဓိပ္ပာယ် ထွက်နေသည်။ ထို့ပြင် အခြား MBA ဘွဲ့ရသူများနှင့် အချိတ်အဆက် မိသွားမည်။ အတန်းထဲ၌ တက်ရောက် သင်ကြားသည့် အတွေ့အကြုံလည်း အနည်းနှင့်အများ ရမည်။ သို့ဖြစ်ရာ ကျောင်းလခ အကုန်ခံပါ၊ ထိုအကျိုးကျေးဇူး များကို အရယူလိုက်ပါဟု စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များက ကြေညာလေ့ ရှိကြသည်။ ပြဿနာမှာ ထိုမျှ မလွယ်ပါ။ ကျောင်းသားတွေက စီးပွားရေး ပညာသင် တက္ကသိုလ်များ၏ ကတိများသည် အနှစ်မရှိ၊ အကာသက်သက် ဖြစ်ကြောင်း သဘောပေါက်စ ပြုလာကြသည်။ MBA ဘွဲ့သင်တန်းတွင် တက်ရောက် သင်ကြားကာ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် အကျိုးကျေးဇူးမှာ ဂရိပြည်သူ့ ကြွေးမြီများလို ဖြစ်နေသည်ဟု ပြောကြသည်။ အသက် ၂၅၊ ၃၀ အရွယ်၌ လုပ်ငန်း အသင့်အတင့် တစ်ခုရှိလျှင်၊ ကုမ္ပဏီက အကုန်အကျ မခံလျှင် MBA ဘွဲ့ရရန် သင်ကြားခြင်းသည် စွန့်စားရမှု ကြီးမားသည်။ သင့်မှာ စီးပွားရေး လုပ်ငန်း အတွေ့အကြုံ ရှိသည်ဆိုလျှင် အကောင်းဆုံး နည်းလမ်းမှာ ထိုအတွေ့အကြုံများကို ဆက်လက် လေ့လာ ဆည်းပူးရန်၊ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်သွားသည်ထက် ပို၍ အသုံးဝင်အောင် လုပ်ငန်းခွင်တွင် ကြိုးစားရန် ဖြစ်သည်။

စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက စီးပွားရေး တိုးတက်မှု နှေးကွေးနေသည့် အချိန်သည် မိမိပညာရေး အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး အချိန်ဟု ပြောလေ့ပြောထ ရှိကြသည်။ သို့သော် ထုတ်ပြောလေ့ မရှိသည့် ကိစ္စတစ်ခုမှာ သင့်ငွေကို သူတို့က လိုအပ်နေခြင်း ဖြစ်သည်။ သင်၏ ချက်လက်မှတ်ကို စောင့်စားနေသည့် စီးပွားရေးပညာသင် တက္ကသိုလ်များ ရှိသည်။ ၎င်းတို့၏ ကျောင်းနှင့် သုတေသန လုပ်ငန်းများ အတွက် ရန်ပုံငွေ လိုအပ်နေကြသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ပြီး ခန့်ထားရသည့် စီးပွားရေး ပညာသင် ပါမောက္ခများလည်း ရှိသည်။ သို့ဖြစ်၍ ကျောင်းသားလောင်းများ အနေဖြင့် သတိထားရသည်မှာ အကယ်၍ MBA ဘွဲ့သည် စွန့်စားရကျိုးနပ်သည် စွန့်စားထိုက်သည်ဟု ယူဆလျှင် အခြားသူများက အဘယ့်ကြောင့် မတက်ဘဲ နေကြသနည်း။ ကိုယ်အထင်ကြီးနေသည့် သူများက MBA ဘွဲ့မရဘဲ၊ မယူဘဲ နေကြသည်က စဉ်းစားရန် လိုသည်။

ဟားဗတ် စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်တွင် မကြာမီက ကျောင်းအုပ်ကြီး အသစ် ရွေးချယ်ခဲ့သည်။ သူသည် ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှု ပညာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ သူ့ကို ဘလွန်းဘတ်စီးပွားရေး ဂျာနယ်က ဂိုမန်ဆက်ခ်ျ ကုမ္ပဏီ၏ ကွန်ဂရက် လွှတ်တော်တွင် တင်ပြချက်များကို ကြည့်ပါသလားဟု မေးသည့်အခါ သူက “ဟားဗတ် စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်ဟာ ဘဏ္ဍာရေး လောကက ဖြစ်ရပ်တွေကို အမြဲတမ်း စောင့်ကြည့်ပါတယ်။ သူတို့ကို သာဓက ထားပြီးလည်း အတုယူလေ့ ရှိတယ်။ ထွက်လာတဲ့ သတင်းတွေကိုလည်း သေသေချာချာ ကြည့်တယ်။ အနည်းဆုံး ဒီဘဏ္ဍာရေး လုပ်ငန်းတွေမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ နားလည်အောင် ကြိုးစားတယ်။ ဂိုမန်ဆက်ခ်ျက ဘာဖြစ်နေတယ် ဆိုတာ တစ်ချိန်ကျရင် လေ့လာပြီးတော့ တင်ပြမယ်။ အဲဒီလုပ်ငန်းကနေ လေ့လာ တင်ပြစရာတွေ ရှိတယ်” ဟု ဖြေသည်။ သူသည် ဂိုမန်ဆက်ခ်ျဘက်က သော်လည်းကောင်း၊ ဂိုမန်ဆက်ခ်ျကို ဝေဖန်သည့်ဘက်က သော်လည်းကောင်း ရပ်တည်ခဲ့ပုံ ရသည်။ သူကကျွန်တော်တို့ ခေတ်၏ စီးပွားရေး လုပ်ငန်း တစ်ခုကိုသာ ထောက်ပြသည်။ စီးပွားရေး လုပ်ငန်း လောကကို သူတို့က ထောက်ပံ့ခြင်း မပြုမီ ဦးစွာ လေ့လာဖို့ လိုအပ်နေကြောင်း ပြသနေသည်။ လေ့လာရာ၌ နောက်ကျနေသည်၊ နှေးသည်။

အရည်အသွေး မြင့်လွန်းနေသလား ယနေ့ခေတ်တွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲနေသည့် စီးပွားရေးအဖွဲ့အစည်းများကို ကြည့်သည့်အခါ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အတွက် MBA ဘွဲ့ရရန် မလိုသည်မှာ ထင်ရှားသည်။ ကမ္ဘာပေါ်တွင် နည်းပညာ အရာတွင် ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်သော၊ ဈေးကွက်ပေါက် အရင်းအနှီး ပမာဏလည်း ကြီးမားသော Apple သည် မကြာမီက Microsoft က ကျော်လွန်၍ သွားခဲ့ရာ Apple ကုမ္ပဏီ၌ ထိပ်တန်း အရာရှိကြီးများသည် MBA ဘွဲ့ရများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်က ထိပ်တန်း အရင်းအနှီး ကြီးမားသည့် ရန်ပုံငွေ အဖွဲ့များ၌ အင်ဂျင်နီယာများ၊ သင်္ချာ ပညာရှင်များနှင့် ရောင်းဝယ်သမားများ၊ အတွေးအခေါ် ကောင်းကာ အစီအစဉ် ဆွဲတတ်သူများကို MBA ဘွဲ့ရများထက် ပို၍ ဦးစားပေးတတ်သည်ကို တွေ့ကြရသည်။ ကိုယ်ကျင့်တရား၊ ပညာကြောင့် မဝံ့မရဲ ဖြစ်နေသည့် သူများထက် ပို၍ လိုလားသည်။

ထွန်းသစ်စ နိုင်ငံများ၌ ၁၉ ရာစုနှစ်က အမေရိကန် ဓားပြများကဲ့သို့ ဥစ္စာဓနများ ရှာဖွေ စုဆောင်းလာခဲ့ပြီး MBA အစီအစဉ်၌ ပါဝင်သည့် သင်တန်းများ၊ ဘာသာရပ်များကို လုံးဝ မသိဘဲ ကြီးပွားလာသူများ ရှိသည်။ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက သင်ကြား ပေးလိုက်သည့် သင်ရိုးများသည် စီးပွားရေး အပြောင်းအလဲကို အမီ မလိုက်နိုင်။ ဟောင်ကောင်မှ သူဋ္ဌေးကြီး လီကာရှင်းနှင့် မကာအိုမှ စတန်လီဟို သို့မဟုတ် ရူးပတ်မားဒေါ့တို့သည် MBA ဘွဲ့ရများ မဟုတ်ကြ။ သူတို့က MBA ကို စီးပွားရေး လုပ်ငန်း အခွင့်အလမ်း တစ်ခုအဖြစ်သာ မြင်ကောင်းမြင်မည်။ ဤနည်းအားဖြင့်သာ ၎င်းတို့က MBA သင်တန်းကျောင်းများ တည်ထောင်ကာ ရင်းနှီး မြှုပ်နှံကောင်း မြှုပ်နှံမည်။ သူတို့က စရိတ် ကြီးမားတာတွေကိုကြည့်၊ MBA ဘွဲ့ရ တစ်ယောက်နှင့် တစ်ယောက် လခတွေ မညီမျှတာတွေကိုမြင်၊ အထူးသဖြင့် ထိပ်တန်း တက္ကသိုလ်များမှ MBA ဘွဲ့ရပြီး ဘဏ္ဍာရေး လုပ်ငန်းများနှင့် အတိုင်ပင်ခံ လုပ်ငန်းများ၌ ရောက်သည့် လူများ လခ ကောင်းကောင်း ရသည်ကို မြင်မည်။ အများအားဖြင့် MBA ဘွဲ့ရများတွင် အောင်မြင်သည့် လုပ်ငန်းရှင်များ သိပ်မရှိ။

သူတို့က စီးပွားရေး လုပ်ငန်းသည် အခြေခံအားဖြင့် ကိစ္စနှစ်ခုနှင့် ပတ်သက်သည်။ တီထွင် ဆန်းသစ်မှုနှင့် ရောင်းချမှုသာ ဖြစ်သည်ဟု ယူဆသည်။ စီးပွားရေး လုပ်ငန်း ပညာသင် အစီအစဉ် တော်တော်များများ၌ ထိုဘာသာရပ် နှစ်ခုကို သင်ကြားပေးခြင်း မရှိ။ MBA ကွန်ရက်များ အမှန်မည်သို့ ဖြစ်နေသည်ကိုလည်း စဉ်းစားရလိမ့်မည်။ ဟိုနေရာ၊ ဒီနေရာမှ ရောက်လာသည့် စီးပွားရေး လုပ်ငန်း ပညာသင် ကျောင်းသားများဖြင့် ကမ္ဘာအနှံ့ ကွန်ရက်ကြီး တည်ဆောက်နိုင်စရာ အကြောင်းမရှိ။ ကိုယ့်အိမ်မှာ ကိုယ်ကိုယ့်မြို့၊ ကိုယ့်ရွာ၌သာ နေလျှင် ကမ္ဘာ့အနှံ့ ကွန်ရက်ကို ချိတ်ဆက်စရာလည်း မလို။ အကောင်းဆုံးသော ကွန်ရက် တည်ဆောက်သည့် နည်းမှာ ကျောင်းသွားသည့် နည်းလမ်းမဟုတ်။ အောင်မြင်အောင် လုပ်ရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်လိုချင်သမျှ MBA ဘွဲ့ရတွေ၊ မိတ်ဆွေတွေ ရနိုင်သည်။ သူတို့က စီးပွားရေး ပညာရှင် အချို့နှင့် တွေ့ကောင်းတွေ့မည်။ ထိုပညာရှင်များ၏ လျှောက်လွှာများကို ယူပြီးလျှင် ဘေးဖယ် ပစ်လိုက်မည်။

ခင်မောင်ညို (ဘောဂဗေဒ)

အပြန်အလှန် လေးစားမှု

နိုင်ငံခြားရှိ တက္ကသိုလ် တစ်ခုတွင် ဖြစ်ပါသည်။ ပါမောက္ခကြီးဖြစ်သူက တပည့်များအား ပုစ္ဆာမေးခွန်းများကို ဖြေခိုင်းထားပါသည်။
တပည့် ဖြစ်သူများသည် ဂရုတစိုက်နှင့် ကြိုးစားပန်းစား အဖြေရှာ ဖြည့်စွက်ကြပါသည်။ ကျောင်းသားများ အဖြေရှာ ဖြည့်စွက်ကြမှုများ ပြီးဆုံးကာနီးတွင် နောက်မေးခွန်း တစ်ခုကို တွေ့ရပါသည်။ မေးခွန်းမှာ ကျောင်းတွင် သန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီးကြီး၏ အမည်ကို ဖော်ပြပါ ဟူသည့် မေးခွန်းပင် ဖြစ်သည်။ မေးခွန်းများကို ဖြေဆိုနေသူ ကျောင်းသူတစ်ဦးက ထိုမေးခွန်းမှာ အကြောင်းမဲ့ ရယ်စရာလုပ်သည့် မေးခွန်းတစ်ခုမျှသာ ဖြစ်သည်ဟု ယူဆခဲ့ပါသည်။ သို့သော်လည်း အဖြေလွှာကို ပေးပြီးနောက် သူဟာ ပါမောက္ခကြီး ဖြစ်သူအား ထိုကိစ္စနှင့် ပတ်သက်၍ မေးခွန်း မေးဖြစ်ခဲ့ပါသည်။ သူမမေးသည့် မေးခွန်းမှာ ဉာဏ်စမ်းတွင် နောက်ဆုံး မေးမြန်းထားသည့် မေးခွန်းမှာ အရေးပါပါသလားဟု မေးခဲ့ရာ ပါမောက္ခကြီးက အရေးကြီးပါသည်ဟု ပြန်ဖြေခဲ့သည်။ သန့်ရှင်းရေး အမျိုးသမီးကြီးကို ကျောင်းသူ၊ ကျောင်းသားများ နေ့စဉ်ပင် တွေ့မြင်နေခဲ့ ကြပါပေသည်။ အရပ်မြင့်မြင့်၊ ဆံပင်ဖြူဖြူနှင့် အသက် ၅ဝ ခန့်ရှိသူ အမျိုးသမီးကြီး ဖြစ်ပေသည်။ သူမ၏ အမည်ကို မည်သူကမှ အလေးတယူ ဂရုပြု၍ မေးမြန်းခြင်း မရှိကြပေ။ ထို့ကြောင့်လည်း သူမအမည်ကို သိရှိခြင်း မရှိကြပေ။

ပါမောက္ခကြီးက ကျောင်းသားများကို စကားတစ်ခွန်း ပြောကြားပေသည်။ မင်းတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်တဲ့ လုပ်ငန်းခွင်နဲ့ ဘဝလမ်းကြောင်း တစ်ခုလုံးမှာ လူတွေကို အများကြီး တွေ့ကြုံရလိမ့်မယ်။ ကိုယ်နဲ့ တွေ့ကြုံရတဲ့ လူတွေကို အသိအမှတ်ပြုမှု၊ လေးစားမှုတွေနှင့် ဆက်ဆံကြရမှာ ဖြစ်တယ်။ အနည်းဆုံး အပြုံးကလေးနဲ့ နှုတ်ဆက်ကြရမယ်။ မင်္ဂလာပါလို့ နှုတ်ဆက် သင့်ကြတယ် ဟူ၍ပင် ဖြစ်ပေသည်။ နေ့စဉ်ပင် ရုံးလုပ်ငန်းခွင် ပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသည့် လူများကို နှုတ်ဆက် ဖြစ်ပါသလား၊ ဓာတ်လှေကား အတွင်း တွေ့ကြရသည့် လူများကို နှုတ်ဆက် ဖြစ်ပါသလား။ ဥပမာ ကလေးများပင် ဖြစ်ပါသည်။ သွားကြလာကြရာတွင် ဘတ်စ်ကား၊ မီးရထား ပေါ်တို့တွင် ထိုင်ခုံနေရာမှ ထပေးတတ်မှုများ ဆိုလျှင် ထူးဆန်းကောင်း ထူးဆန်းနေပေမည်။ လေးစားသမှု ပြုခြင်းဆိုသည်မှာ ကျွန်ုပ်တို့ကို တစ်စုံတစ်ယောက်က စကားပြောနေပါက ဂရုတစိုက် နားထောင်ပေးခြင်း ကဲ့သို့သော အပြုအမူမျိုးသည် အနိမ့်ဆုံး အရိုးရှင်းဆုံးသော လေးစားမှုမျိုး ဖြစ်ပေသည်။ လေးစားခြင်း ဆိုသည်မှာ လူအချင်းချင်း ဆက်ဆံရေးတွင် အခြေခံ အကျဆုံးသော အချက်ဖြစ်ပေသည်။ အလုပ်ခွင်တွင် ပင်ဖြစ်စေ၊ မိမိ၏အိမ်တွင် ပင်ဖြစ်စေ လေးစားမှု ဆိုသည်မှာ လိုအပ်ပေသည်။ လူပုဂ္ဂိုလ်များကို သာမန်အားဖြင့် လေးစားမှုဟူသည့် အကြောင်းအရာ အားဖြင့် ၄ မျိုး ၄ စား ခွဲခြားနိုင်မည် ဖြစ်ပါသည်။

မိမိကိုယ်မိမိ လေးစားခြင်း

လူတို့သည် လုပ်ငန်းခွင်အတွင်း စိတ်ခံစားရမှု၊ တွေ့ကြုံရမှု အပေါ်တွင် မူတည်၍ မိမိကိုယ်မိမိ တန်ဖိုးထားမှု၊ လေးစားမှု စသည်တို့နှင့် ပတ်သက်၍ အခက်အခဲ ပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးမှ အစ သားသမီး၊ ကလေးသူငယ်များ၏ စာမေးပွဲများတွင် အားနည်းမှုများ အထိ မိမိကိုယ်မိမိနှင့် ပတ်သက်ရာ ဆိုင်ရာတွင် ပြဿနာ ဖြစ်တတ်ပါသည်။ သူတို့သည် မိမိတို့၏ အခြေအနေများကို အခြားသူများ၏ အခြေအနေများနှင့် နှိုင်းယှဉ် နေတတ်ပါသည်။ ဤကဲ့သို့သော စဉ်းစား တွေးခေါ်မှုမျိုးမှာ တစ်လည်လည်နှင့် အဖြေရှာမရ ဖြစ်တတ်ပါသည်။ လူတို့၏ စိတ်ဆင်းရဲမှု ဖြစ်ရသည့် အကြောင်းအရင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့ ရောက်ရှိနေသည့်၊ ရရှိနေသည့် နေရာ၊ အဆင့်အတန်း၊ အခြေအနေ တို့ကို လက်ခံရန် အဆင်သင့် ရှိနေသင့်ပါသည်။ ကိုယ်လုပ်ရသည့် အလုပ်တွင် ဂုဏ်ယူတတ်ရန် လိုပါသည်။ လုပ်သည့် အခါတွင်လည်း စိတ်အား ထက်သန်မှုနှင့် အတူလုပ်ဆောင်ရန် လိုအပ်ပါသည်။ နယူးဇီလန် နိုင်ငံတွင် ခရီးသည် တစ်ယောက်သည် ဘတ်စ်ကားပေါ်သို့ တက်လာတိုင်း ယာဉ်မောင်းက ပျူငှာစွာ နှုတ်ဆက်လေ့ ရှိသည်ဟု ဆိုပါသည်။ ဘတ်စ်ကားခ ပေးသည့် အခါတွင်လည်း ပြန်အမ်းငွေကို အတိအကျ မညိုမညင် ပြန်လည် အမ်းပေးလေ့ ရှိသည်။ အလာပ္ပ၊ သလာပ္ပ စကားကလေး များကိုပင် ပြောပေးတတ်သည်ဟု ဆိုပါသည်။ ဤသို့သော အပြုအမူမျိုးကို လူတိုင်းသို့ပင် ပြုမူပေးတတ် ကြသည်။ သူတို့သည် သူတို့၏ အလုပ်ကို ဂုဏ်ယူလေးစားမှု တစ်မျိုးပင် ဖြစ်သည်။

ချစ်ခင်နှစ်သက် သူများကို လေးစားမှု

ဤအပိုင်းတွင် မိမိတို့၏ ချစ်ခင်ကြရသူများ ဖြစ်သည့် ဆွေမျိုးသားချင်း များနှင့် မိတ်ဆွေ အပေါင်းအသင်းများ ပါဝင်ပေသည်။ ကျွန်ုပ်တို့ ချစ်ခင်နှစ်သက် သူများဖြစ်သည့် အားလျော်စွာ ၎င်းတို့၏ အမြင် သဘောတရား တို့ကိုလည်း တန်ဖိုးထားသည် ဖြစ်၍ သူတို့ကို လေးစားမှုပြုရန်၊ အခက်အခဲမရှိဘဲ အလွယ်တကူပင် ရှိလှပေသည်။

ရင်နှီးမှု မရှိသူများကို လေးစားမှု

မိမိအတွက် အလုပ်လုပ်ကိုင် ပေးနေသည့် ပုဂ္ဂိုလ်များ၊ မိမိနှင့် အတူတကွ အလုပ်ခွင်တွင် အလုပ်လုပ်ကိုင် နေသူများ၊ လမ်းတွင် သွားလာရင်း တွေ့ကြုံရသူများ၊ ဘဏ်တွင် လည်းကောင်း၊ စူပါမားကက် ကုန်တိုက်ကြီးများတွင် တွေ့ကြုံရသူ များသည် ဤအုပ်စုတွင် ပါဝင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သူတို့ကို လေးစားသမှု ပြုနိုင်ပါသည်။ သို့မဟုတ် မည်ကဲ့သို့ သဘောထား မည်နည်း ဆိုသည်မှာ မိမိတို့၏ အယူအဆပင် ဖြစ်ပါသည်။

နှစ်သက်မှု မရှိသူများကို လေးစားမှု

သင်မနှစ်မြို့သည့် သူများကို မည်ကဲ့သို့ ဆက်ဆံပါသနည်း ဆိုသည့်မေးခွန်း ရှိလာပါသည်။ သင်သည်သူ့ကို မြင်လိုက်သည့် အခါ မည်ကဲ့သို့ ခံစားလိုက်ရ ပါသနည်း။ ကသိကအောင့် ဖြစ်သွားပေမည်။ သူသည်သင့်ကို စကား ပြောနေကောင်း ပြောနေပေမည်။ သင်ကမူ အခြားသော အကြောင်းအရာ တစ်ခုကို စဉ်းစားကောင်း စဉ်းစားနေပေမည်။ ဤသို့အားဖြင့် သင်သည်သူ့ကို စိတ်ပျက်ကောင်း စိတ်ပျက်သွားစေမည် ဖြစ်ပေသည်။ ကိုယ်ကလည်း သူနှင့်ကြုံတွေ့ နေရသည်ကို စိတ်ပျက်ဒေါသ ထွက်နေပေမည်။ သို့ကြောင့် သင်သည် လူတစ်ယောက်ကို မနှစ်သက် သော်လည်း တလေးတစား သဘောထားပါက သင်သည် သူ၏လေးစားမှုကို ပြန်လည်ရရှိမည် ဖြစ်ပေသည်။ ဤသို့အားဖြင့် သင်ကိုယ်တိုင်လည်း စိတ်ထဲတွင် ကသိကအောက်နှင့် မပြေလည်သည့် ခံစားမှုများ ရှိမည် မဟုတ်တော့ပေ။ အထက်ပါ အုပ်စု ၄ ခုအား ကြည့်ရှုလေ့လာခြင်း အားဖြင့် မိမိနှစ်သက်သည့် သူများကို သော်လည်းကောင်း၊ မသိသည့် သူများကို သော်လည်းကောင်း လေးစားသမှု ပြသရန် လွယ်ကူပါသည်။ သို့သော်လည်း မိမိမနှစ်သက်သည့် သူများကို လေးစားသမှု ပြုရန် အလွန်ပင် ခက်ခဲသည်ကို တွေ့ရမည် ဖြစ်ပေသည်။ ဤပြဿနာသည် လေးစားမှု ဆိုသည်ကို ခံယူသည့် နည်းလမ်းပေါ်တွင် မူတည်ပေသည်။

လူတို့ကို ငယ်စဉ် ကတည်းကပင် တစုံတယောက် သောသူကို သူ၏ အကျင့်စာရိတ္တ အနေအထိုင် ကောင်းမွန်မှု၊ ရာထူးဂုဏ်သိမ် ကြီးမြင့်မှု သို့မဟုတ် သူ၏ အသက်မွေး ဝမ်းကြောင်းမှု အတတ်ပညာ တို့ကြောင့် လေးစားမှု ပြုသင့်ကြောင်း ပြောဆိုသင်ကြားခြင်း ပြုခဲ့ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ သဘောတရား အမြင်နှင့် အချိန်ကာလတို့ ပြောင်းလဲသည် နှင့်အမျှ အထက်ပါ ခံယူသင်ကြား ရယူခဲ့မှုများအပေါ် ခံယူချက်များ သည်လည်း ပြောင်းလဲခဲ့ပါသည်။ အမှန်မှာ လူတစ်ယောက်ကို လေးစားသင့်သည် ဆိုသည့်အချက်မှာ ထိုပုဂ္ဂိုလ်၏ ကြီးကျယ်မြင့်မြတ်မှု၊ ဉာဏ်ပညာ ကြီးမားမှု တို့ကြောင့် မဟုတ်ဘဲ ထိုပုဂ္ဂိုလ်သည် လူသားတစ်ယောက် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ကျွန်ုပ်ငယ်စဉ်က ဖခင်ဖြစ်သူက ပြောဆိုဆုံးမလေ့ ရှိပါသည်။ လူတို့သည် မိမိကိုယ်ကို ရိုသေလေးစားမှု ရှိသကဲ့သို့ အခြားသော သူများကိုလည်း ရိုသေလေးစားရန် လိုအပ်သည်ဟု ဆိုပါသည်။ ရိုသေလေးစားမှု မရှိလျှင် လူသည် တိရိစ္ဆာန်နှင့် ခြားနားမည် မဟုတ်ပေ။ အခြားသူများကို လေးစားခြင်း အားဖြင့် မိမိကိုယ်ကို လေးစားခြင်း ဆိုသည်ကို အမြတ်ရရှိမည် ဖြစ်ပေသည်။ လေးစားမှု ဆိုသည်မှာ အပြန်အလှန်ပင် ဖြစ်ပေသည်။ အခြားသူများ၏ သဘောထား အမြင်များကို အိမ်တွင် သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင် သော်လည်းကောင်း လေးစားမှု မရှိလျှင် မိမိသည်လည်း သူတို့၏ လေးစားမှုကို ရလိမ့်မည် မဟုတ်ပေ။ အပြန်အလှန် လေးစားမှုပင် ဖြစ်လေသည်။

လုပ်ငန်းခွင် အတွင်းတွင် ကြုံတွေ့ရသည့် စိတ်ဖိစီးမှု ပြဿနာများ

ယနေ့ခေတ် စီမံခန့်ခွဲသူများသည် မိမိတို့၏ အဖွဲ့အစည်းတွင် ရှိသော ဝန်ထမ်းများ အလုပ်သမားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးမြင့်လာရေး အတွက် ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်း (Healthy Organization) တစ်ခု ဖြစ်ပေါ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်း အားထုတ်လျက် ရှိကြပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အပါအဝင် ထိရောက်သော စီမံခန့်ခွဲမှု အစီအမံများဖြင့် ကျင့်သုံးလာပါ၏။ အဆိုပါ အစီအမံများထဲတွင် ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးရေး၊ တရားမျှတမှု (Fairness) ခံစား ရရှိစေရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်နီတိ (Ethics) များ သိရှိနားလည် လိုက်နာစေရေး၊ စိတ်ဖိစီးမှုများ လျှော့ချ ထိန်းသိမ်းနိုင်ရေး စသည်တို့ ပါဝင်ကြပါသည်။ စီမံခန့်ခွဲသူများအနေဖြင့် ဝန်ထမ်းများ ကြုံတွေ့ ခံစားရလေ့ရှိသော စိတ်ဖိစီးမှု ပြဿနာများ၊ ဝိရောဓိများကို လေ့လာ သုံးသပ်ရန် လိုအပ်ပြီး မည်သို့ ဖြေရှင်းနိုင်မည်ကို ကြိုတင် စဉ်းစားထားရပါမည်။
စိတ်ဖိစီးမှု (Stress)နှင့် စိတ်လှုပ်ရှား တက်ကြွမှု (Arousal)
လုပ်ငန်းခွင် အတွင်းတွင် အလုပ်သမားများသည် စိတ်ဖိစီးမှုများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြုံတွေ့ ခံစားရသဖြင့် အလုပ်တက်ရက် ပျက်ကွက်ခဲ့ရကြောင်း စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှား တက်ကြွမှု သုတေသန ပြုသူများက တွေ့ရှိခဲ့ကြပါသည်။ ရှေးရိုး အစဉ်အလာ တစ်ရပ်အနေဖြင့် လူအပါအဝင် သတ္တဝါများသည် ကြောက်လန့်ဖွယ်ရာ အခြေအနေ တစ်ရပ်ရပ်ကို ဗြုန်းစားကြီး တွေ့ကြုံရသည်နှင့် တစ်ပြိုင်နက် စိတ်ဖိစီးမှု တုံ့ပြန်ချက်သည် အလိုအလျှောက် ဖြစ်ပေါ်လာရသည်ဟု လက်ခံထားပါသည်။ အန္တရာယ်တစ်စတစ်ခု မမျှော်လင့်ဘဲ ကြုံတွေ့ရသောအခါ လူတို့၏ ပင်ကိုဗီဇအရ ပြန်လည် တုံ့ပြန်မှု ဟူသည် ဖြစ်ပေါ်စမြဲ မဟုတ်ပါလား။ ဥပမာ- တောတွင်း တစ်နေရာရာတွင် ဒေါသမုန်ယိုနေသော ဆင်တစ်ကောင်နှင့် ပက်ပင်း ရင်ဆိုင်တွေ့ရသောသူ တစ်ဦးသည် မလွဲမသွေ ကြောက်ရွံ့ထိတ်လန့်စိတ် ပေါ်လာပါမည်။ ထိုအတူ ဝန်ထမ်းငယ် တစ်ဦးအဖို့ ဒေါသအိုး ပေါက်ကွဲနေသော မိမိ၏ဌာန မန်နေဂျာကြီး သို့မဟုတ် ယခုခေတ်အခေါ် “သူဌေး” ၏ရှေ့တွင် ရောက်ရှိသွားသောအခါ ၎င်းသည်လည်း ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ် အပါအဝင် စိတ်ဖိစီးမှု ခံစားရပါမည်။
ထိုသို့သော အခြေအနေမျိုးတွင် လူတို့ခန္ဓာကိုယ်၏ ဓာတ်များ ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်ကာ ခံတွင်းခြောက်လာခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ ကြွက်သားများ တင်းရင်းလာခြင်း စသော ခန္ဓာကိုယ်ဆိုင်ရာ စွမ်းပကားများ တိုးမြင့်စေပါသည်။ ယေဘုယျအားဖြင့် လူတစ်ဦး တစ်ယောက်သည် စိတ်လှုပ်ရှား တုံ့ပြန်မှု တစ်စုံတစ်ရာ ကြုံတွေ့ခံစားရပါက ၎င်းစိတ်လှုပ်ရှားမှုနှင့် အတူ “စိတ်ဖိစီးမှု” သည်လည်း တစ်ပါတည်း ထက်ကြပ်မကွာ ပါလာပါမည်။
လူအပါအဝင် သတ္တဝါဟူသမျှတို့သည် မိမိတို့ ခန္ဓာကိုယ်၏ သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ်ရာ အခြေအနေများကို ဆုံတွေ့ခြင်းကြောင့် “ရှောင်ကွင်း/ထွက်ပြေးမလား” သို့မဟုတ် “ရင်ဆိုင်တိုက်ခိုက်မလား” ဆိုသည့် ရောဂါလက္ခဏာ (Flight or Fight Syndrone) ဖြစ်ပေါ်လာရပါသည်။ သတ္တဝါတို့၏ ခန္ဓာကိုယ် သဘာဝ တုံ့ပြန်ချက်အရ စိုးရွံ့ကြောက်လန့်ဖွယ် အရေပေါ် အခြေအနေ တစ်ရပ် ကြုံတွေ့ရခဲ့သော် ထွက်ပြေး တိမ်းရှောင်သော နည်းကိုဖြစ်စေ ရင်ဆိုင်တိုက်ခိုက်သော နည်းကိုဖြစ်စေ တစ်နည်းနည်းကို ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ဥပမာအားဖြင့် သမင်ငယ်သည် ကျားသတ္တဝါနှင့် တွေ့သောအခါ မိမိ၏ အသက်ဘေးမှ လွတ်ကင်းရေး အတွက် လျင်မြန်သော အဟုန်ဖြင့် သေချာပေါက် ထွက်ပြေးရပေမည်။ အခြားတစ်ဖက်တွင် အိမ်မွေးကြောင် တစ်ကောင်သည် ၎င်းအား ရန်မူလာသည့် ခွေးကို တွေ့သောအခါ အမွေးအမှင်များ ထောင်လာပြီး အသံပေး အော်မြည်ကာ ဖွက်ထားသည့် လက်သည်းများကို ဖွင့်ထုတ်လျက် ကုတ်ဖဲ့နိုင်ရန် အသင့်အနေအထားဖြင့် ရင်ဆိုင် တိုက်ခိုက်ဖို့ ပြင်ဆင်သည်ကို စာရှုသူများ မြင်ဖူးကြပါလိမ့်မည်။
လူတို့သည်လည်း သတ္တဝါများနည်းတူ ထိုသို့သော စိတ်လှုပ်ရှား ခံစားမှုမျိုး အပေအဆိုပါ Flight or Fight အတိုင်း သဘာဝကျစွာ ကျင့်သုံးနိုင်သော်လည်း လူ၏အသိဉာဏ်၊ တွေးခေါ်မြော်မြင်မှုဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်မှ သာလျှင် “လူသား” ဆန်မည် ဖြစ်ပါသည်။ စိတ်လှုပ်ရှား တက်ကြွမှု (Arousal) ကို Lacey က အောက်ပါအတိုင်း အမျိုးအစား (၃) မျိုး ခွဲခြား လေ့လာခဲ့ပါသည်။
(က) အသိစိတ်ကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Cognitive Arousal)
စိတ်ပူပန်မှု၊ စိတ်သောက ရောက်မှုများ တိုးမြင့်လာသဖြင့် စိတ်ဖိစီးမှု ဆက်လက် ရရှိလာမည် ဖြစ်ပါသည်။
(ခ) ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှား တက်ကြွမှု (Somatic Arousal)
ခန္ဓာကိုယ်ရုပ်မှ ခံစားမှုကြောင့် ခြေဖျား၊လက်ဖျား အေးစက်ခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။
(ဂ) အပြုအမူဆိုင်ရာကြောင့် ဖြစ်ပေါ်သော စိတ်လှုပ်ရှား တက်ကြွမှု (Behavioural Arousal)
အခြေအနေ တစ်ခုခုကြောင့် ဂနာမငြိမ် ဖြစ်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ဟိုပြေးသည်ပြေးဖြင့် ဆောက်တည်ရာမရ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ သုတေသီများ လေ့လာတွေ့ရှိ ထားချက်အရ စိတ်လှုပ်ရှား တက်ကြွမှုနှင့် စိတ်ဖိစီးမှုများ၏ အယူအဆများသည် ယခင်ရှေးရိုး အစဉ်အလာက ယူဆထားသည်ထက် ပိုမိုရှုပ်ထွေး နက်နဲကြောင်း သိရှိ လာကြပါသည်။ မည်သို့ပင် ဖြစ်စေ စိတ်ဖိစီးမှု ရေရှညခံစားလာရခြင်းသည် ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ နှလုံး၊ သွေးတိုးရောဂါ စသော ရောဂါများ ရရှိခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း သိလာရခြင်းလည်း အပါအဝင် ဖြစ်ပါသည်။
ယနေ့ခေတ် အခါတွင် ဆရာဝန်များကို ရောဂါတစ်စုံတစ်ခု အတွက် တွေ့ဆုံပြသ တိုင်ပင်သည့်အခါ ဆရာဝန်များက ထိုလူနာအား ရောဂါဇာစ်မြစ် အကြောင်းအရာများကို မေးမြန်းစူးစမ်းရာတွင် “စိတ်ဖိစီးခြင်း ခံစားရမှု အခြေအနေ”ကို ထည့်သွင်း မေးမြန်းလာသည်ကို တွေ့ရှိရပါသည်။
လုပ်ငန်းခွင် စိတ်ဖိစီးမှု (Work Stress)
Cooper ၏ ၁၉၈၆ ခုနှစ် လေ့လာချက်အရ အမေရိကန်ပြည်ထောင်စုတွင် ဝန်ထမ်းများသည် လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြုံတွေ့ ခံစားရသောကြောင့် အငြိမ်းစား ယူရမည့် အသက်အရွယ်သို့ မရောက်မီ စောစီးစွာ အလုပ်မှ အနားယူခြင်း (Early Retirement) ပြုကြသဖြင့် ဝန်ထမ်းအသစ်များကို အစားထိုး ခန့်အပ်ခဲ့ရပါသည်။ ထိုသို့ အချိန်မတိုင်မီ ဝန်ထမ်းများ ရွေးချယ် ခန့်အပ်ရသဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၇၀၀ကျော် ကုန်ကျခဲ့ရကြောင်း၊ ဝန်ထမ်းများ စောစီးစွာ အနားယူရခြင်းမှာလည်း အလုပ်နှင့် သက်ဆိုင်သော စိတ်ဖိစီးမှုများ ခံစားရခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ရှိသင့်သည့် ရုံးသုံး ပရိဘောဂ၊ စက်ပစ္စည်း ကိရိယာများ ပြည့်စုံစွာ မရှိပါက စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ ရတတ်ပါသေးသည်။ ဥပမာ တက္ကသိုလ်တစ်ခုမှ ကထိက တစ်ဦးသည် မိမိ၏ ကျောင်းသားများအား မေးခွန်းပြုစုရန် အတွက် ကွန်ပျူတာ၊ Scanner၊ မှီငြမ်း စာအုပ်များစသည်တို့ ပြည့်စုံလုံလောက်ခြင်း မရှိပါက ပြည့်စုံလုံလောက်မှု ရှိသော အခြားတက္ကသိုလ်မှ ကထိကထက် စိတ်ဖိစီးမှု ဝေဒနာ သိသာစွာ ပိုမို ခံစားရမည်မှာ မုချပင်။
လုပ်ငန်းတာဝန် ဆောင်ရွက်သူ အခန်းနှင့် ဆိုင်သော ပဋိပက္ခ (Role Conflict)
ယခုခေတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲအစည်း တစ်ခုခုတွင် မိမိ၏ စားဝတ်နေရေး အတွက် မိမိတတ်ကျွမ်းရာ ပညာဖြင့် အလုပ်လုပ်နေရ၏။ တစ်နည်းဆိုသော် လူ့ဘဝ ဇာတ်ခုံတွင် ကျရာဇာတ်ရုပ်မျိုးဖြင့် ကပြ အသုံးတော်ခံ နေရခြင်းဖြစ်၏။ လူပုဂ္ဂိုလ် တစ်ဦးတည်းပင်လျှင် ရောက်ရှိသည့်နေရာ သို့မဟုတ် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကွဲပြားသည့် အလျောက် ပါဝင်ကပြသည့် ဇာတ်ရုပ်နေရာ (Role) ကွာခြားကြောင်း အလွယ်တကူ သိရှိနိုင်ပါသည်။ ဥပမာ- ကုမ္ပဏီတစ်ခုမှ HR မန်ဂျာကြီးသည် ကုမ္ပဏီတွင် “မန်နေဂျာ” ဆိုသော ဝန်ထမ်း Role မှ ဆောင်ရွက်နေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အောက်ပါအတိုင်း ပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် အညီ Role အသီးသီး ပြောင်းလဲသွားပါသည်။
- အိမ်ပြန်ရောက်သောအခါ ဇနီးသည်နှင့် တွေ့သောအခါ “ခင်ပွန်း”
- မိဘများနှင့် တွေ့သောအခါ “သား”
- သားသမီးများ အတူတူ နေသောအခါ “ဖခင်”
- မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများ အကြားမှာ “သူငယ်ချင်း”
- မြို့နယ်အသင်း၊ လူမှုရေး အသင်းတွေမှာ “ကော်မီတီ အမှုဆောင်”
စသည်ဖြင့် ဇာတ်ရုပ် (Role) အမျိုးမျိုးဖြင့် ပါဝင် အသုံးတော် ခံနေရသည်။ အထူးသဖြင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း Role တွင် “သဘောထား မတိုက်ဆိုင်မှုများ” သို့မဟုတ် “ဝိရောဓိများ” ကြုံတွေ့ လာရသောအခါ စိတ်ဖိစီးမှုများ ဖြစ်ပေါ် ခံစားလာရကြောင်း အောက်ပါအတိုင်း လေ့လာ သုံးသပ်နိုင်ပါသည်။
(၁) ညွှန်ကြားသူ တစ်ဦး၏ ကွဲပြားသော လမ်းညွှန်ချက် ဝိရောဓိ (Intrasender Conflict)
အထက်အရာရှိက ချမှတ်သော ဝိရောဓိ ဖြစ်တတ်သော လမ်းညွှန်ချက်များကြောင့် လက်အောက် ဝန်ထမ်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရုံသာမက စိတ်ဖိစီးမှု ခံစားရနိုင်ပါသည်။ ဥပမာ မိမိအား အထက်အရာရှိက တယ်လီဖုန်းဖြင့် “ဒီကို တစ်နာရီအတွင်း အမြန်ဆုံးလာခဲ့ပါ။ လမ်းမှာ ဘာတွေ၊ ဘယ်လိုဖြစ်မယ်ဆိုတာ ငါ့ကိုမပြောနဲ့” ဟု ညွှန်ကြားသဖြင့် မိုင် ၅၀ ဝေးကွာသော ပဲခူးမြို့သို့ ရန်ကုန်မှ တစ်နာရီအတွင်း ရောက်အောင် ကားမောင်း လာခဲ့ရပါသည်။ ထိုဆရာ တစ်ဦးတည်းကပင် ရုံးတွင်း ညွှန်ကြားချက် အနေဖြင့် “မော်တော်ယာဉ်များကို မည်သည့်အခါမှ တစ်နာရီမိုင် ၃၀ နှုန်းထက်ပို၍ မမောင်းရ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အဆိုပါ မိုင်နှုန်းထက် ကျော်လွန်မောင်းပါက ထိရောက်စွာ အရေးယူမည်”ဟု ထုတ်ပြန် ထားခဲ့ပါသည်။ ယခုကဲ့သို့ မိမိအား တစ်နာရီအတွင်း ပဲခူးသို့ရောက်အောင် ကားအမြန်မောင်းခဲ့ရသဖြင့် မူလက ချမှတ်ထားသည့် အန္တရာယ် ကင်းရှင်းရေး မူဝါဒကို ဖောက်ဖျက်ခဲ့ရပါသည်။ ဤသို့သော လမ်းညွှန်စေခိုင်းချက် ဝိရောဓိမျိုးသည် ဝန်ထမ်းအား စိတ်ဖိစီးမှု ဖြစ်စေပါသည်။
(၂) မန်နေဂျာနှစ်ဦး၏ လက်အောက် ဝန်ထမ်း- ဝိရောဓိ (Intrarole Conflict)
တစ်ခါတစ်ရံ ဝန်ထမ်း တစ်ဦးသည် လုပ်ငန်း အဖွဲ့အစည်းအတွင်း မတူသော ဌာနခွဲ ၂ ခုမှ အထက်အရာရှိ ၂ ဦး၏ ကြီးကြပ်အုပ်ချုပ်မှု ခံရတတ်ပါသည်။ မိမိအား မန်နေဂျာ တစ်ဦးက “နိုင်ငံခြားမှ ရောက်ရှိလာမည့် အရေးကြီး ဧည့်သည်အား လေဆိပ်သို့ သွားကြိုပါ” ဟု ညွှန်ကြားထားပြီးချိန်တွင် အခြား အထက်မန်နေဂျာ တစ်ဦးက ကုမ္ပဏီအတွက် အရေးပေါ် ငွေလိုသည့်အတွက် ဘဏ်မှ အမြန်ငွေ သွားထုတ်ပါ” ဟု ညွှန်ကြား လာပြန်ပါသည်။ ထိုသို့သော အခြေအနေတွင် ဝန်ထမ်းသည် အထက်လူကြီး နှစ်ဦးအကြား ကြားညပ်ရသည့် အနေအထား ဖြစ်လာရသည်ကို ကြုံတွေ့ဖူးသူတိုင်း သိရှိ သဘောပေါက်မည် ဖြစ်ပါသည်။
(၃) ပုဂ္ဂိုလ်တစ်ဦး၏ ဇာတ်ရုပ် ၂ မျိုး ဝိရောဓိ (Interrole Conflict)
လူပုဂ္ဂိုလ် တစ်ဦးတည်း အနေဖြင့် ဇာတ်ရုပ် ၂ မျိုးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ရန် အနေအထားကြောင့် ဝိရောဓိ ဖြစ်စေပါသည်။ ဥပမာအားဖြင့်- အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ရုံးလုပ်ငန်းတွင် Marketing Manager အဖြစ် တာဝန်ယူထားသည့် အားလျော်စွာ ယနေ့နေ့လယ် ၁ နာရီတွင် BOD က ခေါ်ထားသည့် အစည်းအဝေးကို မပျက်မကွက် တက်ရောက်ရန် ရှိနေပါသည်။ ထိုအစည်းအဝေးတွင် Marketing ကိစ္စများကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားသဖြင့် မိမိကိုယ်တိုင် မပျက်မကွက် တက်ရမည့် အနေအထား ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကျောင်းက အတန်းပိုင်ဆရာမက စတုတ္ထတန်းတွင် ပညာသင်ကြားနေသော သမီးဖြစ်သူ ကျောင်းတွင် နေမကောင်းသဖြင့် မိဘကိုယ်တိုင် ပြန်လာခေါ်ပါရန် ဖုန်းဆက်အကြောင်းကြား လာပါသည်။ သည်တွင် အစည်းအဝေး တက်ရမည့် "မန်နေဂျာ၏ Role" နှင့် ကျောင်းမှ သမီးကိုသွား၍ ခေါ်ရမည့် “မိခင်၏ Role” တို့အကြား အားပြိုင် နေပါတော့သည်။ ဤကိစ္စမျိုးသည်လည်း စိတ်ဖိစီးမှု ခံစားရရှိရန် ဦးတည်စေသည် မဟုတ်ပါလား။
(၄) ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် - ဝိရောဓိ (Person-role Conflict)
ကိုယ်ကျင့် သိက္ခာ၊ စာရိတ္တ စောင့်ထိန်းမှုကို ဦးစားပေးသူ တစ်ဦးသည် ၎င်းင်း၏ သူငယ်ချင်း တစ်ဦးကို ယုံကြည်စိတ်ချ အားထားပြီး နှစ်အတော်ကြာ ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါသည်။ တစ်နေ့တွင် စာမေးပွဲတစ်ခု ဖြေဆိုရာ၌ ထိုသူငယ်ချင်းသည် မသမာသောနည်းဖြင့် ဖြေဆိုခဲ့ကြောင်း သိရှိရသဖြင့် ၎င်းအပေါ် အတော်စိတ်ပျက်ခဲ့ရပါသည်။ ကိုယ်ကျင့်သိက္ခာတရားကို လက်ကိုင်ထားသူ အဖို့ အဆိုပါ သူငယ်ချင်းအား ရှိရင်းစွဲ အတိုင်း မိတ်ဖက်မပျက် ဆက်လက်ပေါင်းသင်းမည်လော၊ ထိုသို့သော အကျင့်စာရိတ္တ မကောင်းသောသူကို မိတ်ဆွေအဖြစ်မှ ရပ်စဲမည်လော ဝေခွဲရ ခက်လာပါမည်။ ဤသို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်တည်ချက် ဝိရောဓိသည်လည်း စိတ်မချမ်းသာစရာ ဖြစ်ပေါ်စေသည်မှာ အမှန်ပါ။
(၅) အခြားကြုံတွေ့နိုင်သည့် ပြဿနာများ
လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို ဝန်ထမ်းကိုယ်စီ တာဝန်ထမ်းဆောင်ကြရာတွင် တာဝန်ဝတ္တရားများ သတ်မှတ်ချက် တိကျရေရာစွာ သတ်မှတ်မထားခြင်း၊ ခိုင်းစေ ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်း ပြောဆိုမထားခြင်း သို့မဟုတ် စာဖြင့် ရေးသား ဖော်ပြမထားခြင်း စသည့် မသေချာမရေရာမှုများ ကြုံတွေ့ ရတတ်ပါသည်။ ဤအခြေအနေမျိုးတွင် ဝန်ထမ်းများ အနေဖြင့် စမ်းတဝါးဝါးဖြင့် မှန်းဆ ဆောင်ရွက်ရသဖြင့် အမှားများ ဖြစ်ပေါ်နိုင်သကဲသို့ စိတ်ဖိစီးမှုပါ ကြုံတွေ့လာကြရပါသည်။ တစ်ခါတစ်ရံ လုင်ငန်းခွင်အတွင်း အလုပ်တာဝန် ခွဲဝေချထားရာတွင် စနစ်တကျ မရှိခြင်းကြောင့် အချို့ ဝန်ထမ်းများသည် အလုပ် တာဝန်ဝတ္တရားများ ပိုမိုများနေသဖြင့် တာဝန်ပိနေခြင်း (Role Overload) ဖြစ်နေတတ်ပါသည်။ တစ်ဖက်တွင် အချို့ဝန်ထမ်းများတွင် အလုပ် တာဝန်ဝတ္တရားများသည် ရာထူးနှင့် နှိုင်းစာလျှင် သော်လည်းကောင်း၊ လစာနှင့် ချိန်စက်လျှင် သော်လည်ကောင်း၊ အဆင့်တူ အခြားဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် သော်လည်းကောင်း လွန်စွာ အလုပ် တာဝန်နည်းနေခြင်း (Role Underload) ဖြစ်နေတတ်ပါသည်။ ထိုအခြေအနေ ၂ ရပ်စလုံးပင်လျှင် ဝန်ထမ်းတို့ စိတ်ချမ်းမြေ့စရာ အကြောင်းမဟုတ်ကြောင်းကို စီမံခန့်ခွဲသူများ အနေဖြင့် သတိမူရမည် ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မိမိတို့ဘဝ ရပ်တည်ရေးအတွက် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ဖြစ်စေ ကျရာ ဇာတ်ရုပ်ဖြင့် ကျင်လည်နေကြသည် ဖြစ်ရာ လူအမျိုးမျိုးနှင့် တွေ့ဆုံ ဆက်ဆံကြရပြီး ပြဿနာ ပေါင်းစုံနှင့်လည်း ကြုံတွေ့ရမည်မှာ ဓမ္မတာ ဖြစ်ပါသည်။ နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ပြဿနာများ၊ ဝိရောဓိများကြောင့် စိတ်ပင်ပန်း ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုတို့ကို ခံစားရပါက မိမိတို့၏ ကျန်းမာရေးကို ထိခိုက်လာမည် ဖြစ်သဖြင့် ထိုသို့သော အခက်အခဲ အခြေအနေများကို အထူးဂရုပြု ရှောင်ရှားနိုင်ရန်၊ ထိန်းသိမ်းနိုင်ရန် အရေးကြီးပါသည်။ ဖော်ပြခဲ့သော ပြဿနာများ၊ ဝိရောဓိများကို ဝန်ထမ်းရေးရာ ကိစ္စများကို ကိုင်တွယ်နေရသော HR မန်နေဂျာများ သိရှိထားရန် လိုအပ်ပြီး ကျန်းမာရေးနှင့် ပြည့်ဝသော အဖွဲ့အစည်းတစ်ခု ဖြစ်လာရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

Ref: http://news.yatanarpon.com.mm/news/article-4535

HR Manager လား Admin Manager လား

အရင်တုံးကလည်း ဟောပြောပွဲတွေမှာ ကြုံရင်ကြုံသလို ခဏခဏ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ မကြားမိလိုက်သူတွေ မသိလိုက်ရသူတွေ များနေသေးဟန်တူတော့ ထပ်ပြောရပြန်ပါပြီ။HR Manager နဲ့ Admin Manager တို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကွဲကွဲပြားပြား သိရှိထားသူ အရေအတွက်များများ ထပ်လိုနေသေးတယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ HR နဲ့ ပတ်သက်ပြီး ပထမဦးဆုံး အင်တာဗျူးတစ်ခု ရှိခဲ့ပါတယ်။ အင်တာဗျူးသူကတော့ ဦးလူသာကျော်ဖြစ်ပြီး ဖြေဆိုသူကတော့ စာရေးသူ ကိုယ်တိုင်ပါဘဲ။ ၂၀၀၁ ခုနှစ်လောက်က ဖြစ်ပါတယ်။ အဲဒီတုံးက UMCCI အဖွဲ့ကြီး (UMFCCI မဖြစ်သေးပါ) ကထုတ်ဝေတဲ့ (Business) ဆိုတဲ့ မဂ္ဂဇင်းလေးအတွက် ဗျူးတာ ဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာကတည်း HR နဲ့ Admin ရဲ့ ခြားနားချက်ကို မြန်မာပြည် ပုံနှိပ်မီဒီယာလောကမှာ ပထမဦးဆုံး (dounmented) မှတ်တမ်း တင်ခဲ့ပြီးပါတယ်။ ပြီးတော့ ၂၀၀၄ ခုနှစ်မှာ MRTV4 ကနေ (Management Talk) အစီအစဉ်အတွက် ရုပ်သံရိုက်ကူးဖို့ ဆက်သွယ်လာပါတယ်။ မေးမြန်းသူက ဦးမျိုးမြတ်သူ ဖြစ်ပြီး စာရေးသူက HRM နဲ့ ပတ်သက်လို့ မြန်မာပြည်နဲ့ ပထမဦးဆုံး ရုပ်သံမီဒီယာ အစီအစဉ်အနေနဲ့ ဖြေကြားခဲ့စဉ်ကလည်း တစ်ခါ ထပ်ပြောခဲ့ပါသေးတယ်။ ပြီးတော့ ၂၀၀၇ ခုနှစ်၊ မတ်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ HRM Seminar ဟောစဉ်ကတစ်ခါ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လအတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှာဘဲ HRD ခေါင်းစဉ်နဲ့ ဟောပြောစဉ်က တစ်ခါ၊ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း UMFCCI မှာ(Human Capital Management) ခေါင်းစဉ်ကို ဟောပြောစဉ်က တစ်ခါထပ်ပြီး ခွဲခြားပြခဲ့ပါတယ်။ ဒါပေမဲ့ အခုထပ်ပြောဖို့ တောင်းဆိုလာတဲ့ အခြေအနေတွေ ရှိလာလို့ ထပ်ပြောရပြန်ပါပြီ။

HR နဲ့ Admin ရောထွေးမှုရဲ့ မူလအခြေခံ အကြောင်းအရင်း
၁၉၈၉ ခုနှစ် ကုမ္ပဏီမှတ်ပုံတင် စတင်လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် လက်ခံလို့ ဖွဲ့စည်းခဲ့ကြစဉ်မှာ HR Manager ရာထူးနဲ့ အလုပ်စတင် ခန့်ထားတာ လုံးဝ(လုံးဝ) မရှိခဲ့ပါ။ အဲဒီတုံးက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ Chairman, Vice Chairman, MD,Dy-MD နဲ့ Executive Director တွေနဲ့ GM တွေ တော်တော်များများဟာ ဌာနဆိုင်ရာ အရာရှိကြီး ဘဝကနေ အငြိမ်းစား ယူထားကြသူတွေ ဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးဌာန(Admin) ကနေ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်တယ်ဆိုတဲ့ အသိနဲ့ ခေါက်ရိုးကျိုးလာကြတော့ ကုမ္ပဏီထောင်တဲ့ အခါမှာလည်း ဝန်ထမ်းရွေးချယ် ခန့်ထားတဲ့အခါ သင်တန်းပေးဖို့ကိစ္စ ကြုံလာတဲ့အခါ၊ ခွင့်ပေးဖို့ ရှိလာတဲ့အခါ အရင် ဌာနဆိုင်ရာမှာတုံးကလိုဘဲ အုပ်ချုပ်ရေးဌာန(Admin) ကဘဲ တာဝန်ယူ ဆောင်ရွက်စေပါတယ်။ “ငါတို့ အရင်တုံးကလည်း ဒီလိုဘဲ အောင်အောင်မြင်မြင် လုပ်လာနိုင်ခဲ့တာပဲ” ဆိုတဲ့ သဘောထား ရှိကြပါတယ်။ နောက်တစ်ချက်က ၁၉၈၉ ခုနှစ် ကုမ္ပဏီတွေ စတင်တည်ထောင်ခွင့် ပေးတဲ့အချိန်မှာ ကမ္ဘာ့ခေတ်မီ စီးပွားရေး စီမံခန့်ခွဲမှု ပညာတွေထဲက “လူစွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုပညာ (HRM) ဆိုတဲ့ ဘာသာရပ်ကို အထူးပြုပြီး ဒီပလိုမာတွေ၊ ဘွဲ့တွေ အောင်မြင်မှု ရရှိလာသူလည်း မရှိကြသေးတော့ ဝန်ထမ်းရေးရာကိစ္စကို(Admin) ကဘဲ ကိုင်တွယ်နေတာ ဟုတ်သလိုလို ရှိခဲ့ပါတယ်။

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး
Admin ဆိုတာ သက်မဲ့ပစ္စည်းနဲ့ပဲ ဆိုင်တယ်။ ဝန်ထမ်းဆိုတာဟာ သက်ရှိ(လူ) ဖြစ်တဲ့အတွက် (Emotion, Feeling,Reaction)အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိတာမို့ အဲဒါကို နားလည်းခံစားပေးနိုင်တဲ့ (HR) သမားတွေကပဲ တာဝန်ယူရမယ်လို့ မြန်မာပြည်အတွက် ပထမဦးဆုံး ကွဲပြားခြားနားမှုကို စာရေးသူ နေရာတော်တော်များများမှာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ရုံးစားပွဲတင်ပေါ်က ကွန်ပြူတာတစ်လုံးကို အခြားစားပွဲပေါ် ပြောင်းရွှေ့လိုက်ရင် ကွန်ပျူတာက ဘာမှပြောမှာ မဟုတ်ပါဘူး။ ဝန်ထမ်းတစ်ယောက်ကို သူမသွားချင်တဲ့နေရာ၊ မသွားချင်တဲ့ ဌာနခွဲတစ်ခုခုကို ဇွတ်ပြောင်းလိုက်မယ် ဆိုရင်တော့ ရွှေ့ပြောင်းသူ အထက်အရာရှိကို အမိန့်စာ လက်ထဲကိုင်ပြီး ရုံးချိန်အတွင်းမှာ ကိုယ်ထိလက်ရောက် အသက်အန္တရာယ် ပေးလိုက်တာမျိုး ကြားဖူးလာရပါပြီ။ ဒီအချက်ဟာ လူဆိုတဲ့ ဝန်ထမ်းတွေကို စားပွဲ ကုလားထိုင်၊ ဘီဒိုတွေလို သက်မဲ့ပစ္စည်း တစ်ခုအဖြစ် သဘောထားလို့ မရတော့ဘူးဆိုတဲ့ သက်သေပြလိုက်တာပါဘဲ။

သြော် လက်စသတ်တော့ သူက HR သမား မဟုတ်ပါလား
နည်းနည်းတော့ ကြာပါပြီ။ ခင်မင်ရင်းနှီးရတဲ့ တပည့်တစ်ဦးက ဖုန်းဆက်လာပါတယ်။ “ဆရာဆီကို ကျွန်တော်တို့ရုံးမှာ အသစ်ခန့်လိုက်တဲ့  HR Manager တစ်ယောက် လာတွေ့ပါလိမ့်မယ်။ သူလိုအပ်တာကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ချိန်းဆိုထားတဲ့ နေ့ရက်၊ ချိန်းဆိုထားတဲ့ အချိန်နာရီမှာ အဲဒီပုဂ္ဂိုလ် ရောက်လာပါတယ်။ အပြန်အလှန် မိတ်ဆက်ကြပြီးတော့ ကျွန်တော်က မေးပါတယ်။ အရင် HR အလုပ်ကို ဘယ်မှာ လုပ်ခဲ့ဘူးပါသလဲ။ HR ပညာကို ဘယ်မှာ သင်ခဲ့ပါသလဲ ဆိုတာပါ။ သူက အရင် Hotel ကြီးတစ်ခုမှာ HR Manager လုပ်ခဲ့ကြောင်း ဖြေပါတယ်။ စကားပြောရင်းပြောရင်းနဲ့ သူအရင်အလုပ်မှာ ဘယ်ဝန်ထမ်းတွေကို ဘယ်လိုနှိပ်ကွပ် ကိုင်တွယ်ခဲ့တယ်၊ မလှုပ်နိုင်အောင် ဘယ်လို ထိန်းချုပ်ခဲ့တယ်ဆိုတဲ့ စကားတွေ ပါလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က သိလိုက်ပါပြီ။ သူဟာ HR သမား မဟုတ်ပါ။ “အုပ်မယ် ချုပ်မယ်” ဆိုတဲ့ Admin သမား ဖြစ်နေပါတယ်။ အဲဒါကြောင့် သူအကူအညီလာတောင်းတဲ့ ကိစ္စဖြစ်တဲ့ သူ့ရဲ့ လက်ထောက်အဖြစ် (HR Executive) တစ်ယောက် လာတောင်းတာကို MHR မှာရှိတဲ့ HR ဒီပလိုမာ အတန်းတွေထဲက အလုပ်လုပ်ချင်ပါတယ်လို့ ပြောထားသူ ရှိပါလျှက်နဲ့ ထည့်မပေးလိုက်ပါ။ ကိုယ့်လူတွေ တစ်နှစ်ခွဲလောက်ကို HR ဘာသာရပ်ပေါင်း ၁၀ ခုကျော် သင်ယူဖြေဆိုလာခဲ့ရတာကို ဓာတ်ကူးပြီး ပျက်သွားမှာစိုးလို့ ဖြစ်ပါတယ်။

သူလည်း HR Manager မဟုတ်ပါလား
သိပ်မကြာခင် အခမ်းအနားတစ်ခုမှာ တပည့်တစ်ယောက် မိတ်ဆက်ပေးလို့ ကုမ္ပဏီတစ်ခုရဲ့ HR Manager ဆိုသူနဲ့ စကားပြောဖြစ်ပါတယ်။ စာရေးသူက “ဘယ်လိုလဲ HR သမား လုပ်ရတာ ကျေနပ်အားရရဲ့လား” လို့ မေးလိုက်တော့ သူက ဒီလို ပြန်ဖြေပါတယ်။ “စိတ်ညစ်စရာ ကောင်းပါတယ် ဆရာရယ်။ ဝန်ထမ်းတွေက တစ်ယောက်ကို ပြဿနာ တစ်မျိုးစီနဲ့မို့လို့ တစ်ရက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းနေတာကြောင့် ဒီအလုပ်လုပ်ရတာ စိတ်ပျက်နေပါပြီ” ကဲ မှတ်ကရော။ စာရေးသူ ချက်ခြင်း ခံစား နားလည်မိလိုက်ပါတယ်။ လက်စသတ်တော့ သူက HR သမား မဟုတ်ပါဘူး။ စာရေးသူ သင်တန်းတွေ တော်တော်များများမှာ ပြောလေ့ ရှိပါတယ်။ “လူလည်း လာပါ။ ပြဿနာလည်း ခေါ်လာပါ။ ကျွန်တော် HR သမားပါ” ဆိုတဲ့ စကားလေးပါဘဲ။ လူမှန်ရင် ပြဿနာနဲ့ မကင်းပါ။ အနည်းနဲ့အများ၊ အကြီးနဲ့အသေးသာ ကွာမှာပါ။ HR သမားဆိုတာ လူတွေကို စိတ်ဝင်စားသူ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ပျော်မွေ့သူ၊ လူတွေကို ကူညီချင်သူ၊ လူတွေ တိုးတက်အောင်မြင်တာကို ကြည့်မြင်စိတ် မရှိရင် HR လုပ်ငန်းနယ်ပယ်ကနေ စောစောစီးစီး ထွက်ခွာတာက ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီစိတ် မရှိတဲ့သူဟာ ဘာဘွဲ့ရထားပါစေ vice-president(HR)  နဲ့ (Chief Human Resource Executive) ရာထူးအဆင့် တိုးဖို့မပြောနဲ့ လက်ရှိ HR မန်နေဂျာရာထူးကနေ အလုပ်ပြုတ်တော့မှာမို့လို့ ဖြစ်ပါတယ်။

HR သမားတွေဟာ လစာဖြတ်ဖို့ဘဲ သိတယ်
ဟိုတစ်လောက ကြားလိုက်ရတဲ့ သတင်းတစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး ခံစားလိုက်ရပါတယ်။ ကုမ္ပဏီကြီး(အသစ်) တစ်ခုမှာ Boss က HR ဆိုပြီး ခန့်ထားတဲ့ အမျိုးသမီးငယ်လေး(၃) ယောက်ကို ဝန်ထမ်းတွေ ရုံးတက် နောက်ကျတာနဲ့၊ ရုံးစောဆင်းတာကို နာရီ၊ မိနစ် အတိအကျ မှတ်ထားပြီး လစာထုတ်တဲ့အခါ ဖြတ်ဖို့ အမိန့်ပေးထားလို့ သူတို့ခမျာမှာ ခိုင်းတဲ့အတိုင်း လုပ်ရင်းနဲ့ ကျန်တဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ ညိုညင်ဆူဆောင့်ခြင်း ခံရပြီး အလုပ်ကနေ အားလုံး ထွက်လိုက်ကြရတဲ့ ဘဝကို ရောက်သွားရပါတယ်။ သြော် လက်စသတ်တော့ အဲဒီ Boss ရော၊ သူတို့လေးတွေရော HR ရဲ့ အနှစ်သာရနဲ့ အခြေခံ သဘောတရားတွေ ဘာမှ မသိကြပါလားလို့ တွေးမိရင်း HR ပညာရပ်ကြီးတော့ အထင်လွဲ ခံနေရပြီလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်တော့ နေ့စဉ် ရုံးတက်၊ ရုံးဆင်း ကိစ္စနဲ့၊ လစာကိစ္စဟာ HR ရဲ့ တာဝန်ဝတ္တရားတွေထဲက သေးငယ်လှတဲ့ အစိတ်အပိုင်း ဖြစ်တဲ့အပြင် HR ပညာရပ် နယ်ပယ်ကြီးထဲက အောက်ခြေအဆင့် လုပ်ရတဲ့ လုပ်ငန်းအနိမ့်စားလေး (Operational Level) လေးသာ ဖြစ်ပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတစ်ခုကတော့ ကုမ္ပဏီကြီးတစ်ခုက HR Manager ကြီးဟာ တစ်ရက်တစ်ရက် နေ့စဉ် ရုံးတက်၊ ရုံးဆင်း အချိန်တွေ စစ်ဆေးရတာနဲ့၊ လစာ ဖြတ်တောက်မှုကို အလေးအနက်ထား အချိန်ပေးပြီး အားရပါးရ လုပ်ကိုင်နေတယ် ဆိုတာပါဘဲ။

HR Manager အတုအယောင်များ
စက်ရုံမှာ အခြေခံဝန်ထမ်းငယ်(shop Floor Workers) များစွာကို အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိတာမို့ HR Manager ရာထူးလောက်ကတော့ ဝင်လုပ်ရင် ရတယ်ဆိုပြီး အလုပ်လာလျှောက်တဲ့(Foremen) တစ်ယောက်ကို တွေ့ဘူးပါတယ်။ “ကျွန်တော်က ဌာနဆိုင်ရာမှာတုံးက အုပ်ချုပ်ရေးအရာရှိ (Admin Officer) အဖြစ် လုပ်သက် အနှစ် ၂၀ ကျော် လုပ်လာခဲ့တာမို့ အခု HR Manager Post ကို လာလျှောက်တာပါလို့ ပြောသူကိုလည်း အင်တာဗျူးခဲ့ဘူးပါတယ်။ ကိုယ့်ပြိုင်ဖက် ကုမ္ပဏီမှာ (HR Department) ဖွဲ့ပြီး  HR Manager ခန့်လိုက်တဲ့ သတင်းကြားလို့ Boss တစ်ယောက်က သူ့ကုမ္ပဏီက Admin Manager ကို ချက်ခြင်း HR Manager အဖြစ် ပြောင်းခန့်လိုက်တာမျိုးလည်း ကြားဘူးရပါပြီ။ Admin အလုပ်ဟာ တာဝန်များပြား ကျယ်ပြန့်လှတာမို့ လေးစားမှု ထားရှိတာ အမှန်ဖြစ်ပေမယ့် သူက (Intuition) နဲ့ လုပ်လို့ရတယ်။ လုပ်သက် (by experience)နဲ့ လုပ်လို့လည်း တော်တော်လေး ရပါတယ်။ ဒါပေမဲ့ HR ပညာက Principles ဖြစ်လို့ သင်ယူမှကို ရပါတယ်။ မွေးကတည်းက လုံးဝ(လုံးဝ) မတတ်ခဲ့ပါ။ လုပ်ရင်းကိုင်ရင်းနဲ့ ပြည့်စုံအောင် မတတ်မြောက်နိုင်ပါဘူး။ HR ပညာဟာ Marketing ပညာလိုပါဘဲ။ စနစ်တကျ သင်ယူမှသာ အနှစ်သာရကို ရမှာပါ။ လုပ်ငန်းခွင်ထဲမှာ သင်မယ်ဆိုရင်လည်း ရတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ခက်တာက HR ပညာကို တော်တော်လေး ခရီးပေါက်နေပြီ ဖြစ်တဲ့အချိန်က Trader Hotel ရဲ့ Director of HR ဒေါ်မဉ္စူချစ်လို ပြီးပြည့်စုံအောင် လက်တွေ့ ကျွမ်းကျင်သူက တော်တော်လေး ရှားနေပါပြီ။ MBL နဲ့ RPMM က HR Manager တွေကတော့ တော်တော်လေး HR ပညာ ပြည့်ဝကြ၊ တော်ကြပါတယ်။

ဦးအေးကျော် (MHR)

Ref: http://news.yatanarpon.com.mm/news/article-6111

အရည်အချင်း၊ အခွင့်အလမ်းနှင့် လူ့အရင်းအမြစ်

လွန်ခဲ့သော ရက်သတ္တတစ်ပတ်က ခရီးသွားရင်း စာတစ်ပိုဒ်ဖတ်လိုက်ရပါသည်။ ယင်းစာ၏မူရင်းမှာ  “Ability brings opportunity” ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ “အရည်အချင်းရှိပါမှ အခွင့်အလမ်းများ ရရှိနိုင်သည်” ဟု ဆိုလိုပါသည်။
စာရေးသူသည် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုကို လေ့လာ လိုက်စားနေသူဖြစ်သည့် အားလျော်စွာ လုပ်ငန်းအဖွဲ့အစည်း၌ လူများကို စီမံခန့်ခွဲရာတွင် အထက်ပါစာပိုဒ်၏ အကျိုးသက်ရောက်ပုံကို စဉ်းစားမိပါသည်။ ထို့ပြင် အရည်အချင်းနှင့် လူ့အရင်းအမြစ်(ဝါ)ဝန်ထမ်းများ၊ လုပ်ငန်းမန်နေဂျာများ၊ လုပ်ငန်းအဖွဲ့အစည်း၏ ဆက်နွှယ်ဆက်စပ်မှုကိုလည်း ဆင်ခြင်မိပါသည်။

လုပ်ငန်းအဖွဲ့အစည်းများနှင့်အရည်အချင်း

လုပ်ငန်းအဖွဲ့အစည်းများသည် လူများဖြင့် မိမိတို့ရည်မှန်းချက် ရောက်ရှိအောင် လုပ်ဆောင်ကြရပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် လူများ၏ စွမ်းရည်အရည်အချင်းကို အပြည့်အဝ အသုံးချနိုင်ပါက လုပ်ငန်းအောင်မြင် တိုးတတ်မည်ဖြစ်ပြီး လူများ၏အရည်အချင်းကို လျစ်လျူရှုထားပါက အောင်မြင်တိုးတတ်မှုကို ဟန့်တားနေမည်ဖြစ်သည်။

သို့ဖြစ်၍ ယနေ့ကမ္ဘာတွင် လုပ်ငန်းများကို လူသားအရင်းအမြစ်များ၏ စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။  HRမန်နေဂျာများ၊ Training မန်နေဂျာများခန့်ထားကာ နည်းမျိုးစုံဖြင့် လူသားစွမ်းရည်များကို မြှင့်တင်နေကြသည်ကို အထင်အရှားတွေ့မြင်နေရပါသည်။ အမှန်စင်စစ် လုပ်ငန်းအဖွဲ့အစည်းများ၌ သင်တန်းများပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းများ၌ လူနှင့်ပတ်သက်သော ပြဿနာများစွာ ရှိနေခြင်းကြောင့်ပင်ဖြစ်ပါသည်။ အချို့သောလုပ်ငန်းများတွင် ဝန်ထမ်းများသည် အရည်အချင်း ပြည့်ဝကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အဆင်ပြေမှုမရှိကြပေ။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဌာနနှင့်တစ်ဌာန ဆန့်ကျင်ဘက် အသွင်ဆောင်နေကြပါသည်။ ယင်းသို့ဖြစ်ပေါ်နေပါက လုပ်ငန်းအတွင်း ပူးပေါင်းဆောင်ရွက်မှု (Cooperation) ကို မရရှိနိုင်ပါ။

အချို့သော လုပ်ငန်းအဖွဲ့အစည်းများတွင် ဝန်ထမ်းများသည် နိုးကြားတက်ကြွမှု(motivation) အဆင့်မြင့်မားကြပါသည်။သို့သော် အခြားဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်မှု (coordination) အားနည်းကြပါသည်။ လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆောင်ရွက်မှု (coordination) ကင်းမဲ့နေပါက ပူးပေါင်း ဆောင်ရွက်မှုရလဒ်ဖြစ်သော Synergy(ဆင်နာဂျီ)ကို မရရှိနိုင်ပါ။

အချို့သောလုပ်ငန်းများ၌ ဝန်ထမ်းများသည် စိတ်သဘောထားမြင့်မားကြပါသည်။ အလုပ်လည်းကြိုးစားကြပါသည်။သို့ရာတွင် ၄င်းတို့အတွက် လိုအပ်သောအခြေခံစွမ်းရည်များ  (Technical Skill)များ လစ်ဟာနေကြပါသည်။ သို့ဖြစ်၍ ၄င်းတို့၏စွမ်းရည်များ၊ တီထွင် ဖန်တီးနိုင်မှုများလည်း တိမ်မြုပ်ပျောက်ကွယ်နေကြပါသည်။ ပြိုင်ဆိုင်မှုများသည့် မျက်မှောက်ခေတ်တွင် တီထွင်ဖန်တီးမှု (Creativity) မရှိဘဲနှင့် ရေရှည်ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်ပေ။

အထက်ဖော်ပြပါ ပြဿနာများသည် လုပ်ငန်းအဖွဲ့အစည်း တော်တော်များများတွင် မြင်တွေ့ကြရပါသည်။ ယင်းပြဿနာများကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ရပေမည်။ လုပ်ငန်းများအနေဖြင့်  လူများ(ဝါ) ဝန်ထမ်းများ၏ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် စွမ်းရည်များရှိကြရပေမည်။ လူသားများ၏ စွမ်းရည်အရည်အချင်းများကို စနစ်တကျ အသုံးချနိုင်သည့်စွမ်းရည်သည် ခေတ်သစ်လုပ်ငန်း အဖွဲ့အစည်းများကို စိန်ခေါ်လျက်ရှိပါသည်။ ဆောင်းပါးအစတွင် ဖော်ပြထားသည့် “အရည်အချင်းရှိပါက အခွင့်အလမ်းများ ရရှိနိုင်သည်” ဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လူများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သော စွမ်းရည်အရည်အချင်းရှိပါက အောင်မြင် တိုးတက်မှုတည်းဟူသော အခွင့်အလမ်းများကို လှမ်းယူနိုင်မည်ဟူ၍ ဖြစ်ပါသည်။

ဝန်ထမ်းများနှင့်အရည်အချင်း

မျက်မှောက်ခေတ် လုပ်ငန်းအဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောက်ရွက်နေသည့် လူ့အရင်းအမြစ်များ (ဝါ) ဝန်ထမ်းများ၌ သက်ဆိုင်ရာစွမ်းရည် အရည်အချင်းများရှိစေရန် တောင်းဆိုနေပေသည်။ဝန်ထမ်းများအဖို့ သတ်မှတ်ထားသည့် အရည်အချင်း၊ စွမ်းရည်မရှိဘဲနှင့် လက်ရှိအလုပ်တွင်တည်မြဲနေရန် မစွမ်းဆောင်နိုင်ပေ။ တစ်နည်းဆိုသော် အရည်အချင်းမရှိပါဘဲနှင့် အလုပ်လုံခြုံမှု (Job Security) ကို အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ဖွံ့ဖြိုးတိုးတတ်သော လူ့အဖွဲ့အစည်းများတွင် လူများသည် အသိပညာ၊ စွမ်းရည်များကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းသင်ယူနေကြပေသည်။ အချို့သောလူများသည် အလုပ်လုပ်ချင်စိတ်ရှိကြသည်။ အလုပ်ကြိုးစားကြသည်။
သို့ရာတွင် သတ်မှတ်ထားသည့်အရည်အချင်း အားနည်းနေမှုကြောင့် ရာထူးတိုးမြှင့်ခြင်း  (Promotions)၊  ပိုမိုကောင်းမွန်သော လုပ်ငန်းများ၌ လုပ်ကိုင်နိုင်ခြင်းစသည့် အခွင့်အလမ်းများကို မရယူနိုင်ကြပါ။ တနည်းအားဖြင့် စိတ်ကောင်းရှိရုံ၊ ကြိုးစားရုံဖြင့် လူတစ်ဦးအတွက် အခွင့်အလမ်းကောင်းများ (good opportunity) မရရှိနိုင်ပါ။ ရိုးသားမှုသည် ဝန်ထမ်းများအဖို့ များစွာ အရေးကြီးပါသည်။ သို့ရာတွင် ရိုးသားမှုတစ်ခုတည်းဖြင့် အောင်မြင်တိုးတတ်မှုကို မလှမ်းကိုင်နိုင်ပါ။ ရိုးသားပြီးထက်မြက်နေဖို့ လိုအပ်နေပါသည်။ ရိုးသားထက်မြက်သော လူ့အရင်းအမြစ်များကို ခေတ်သစ်လုပ်ငန်းအဖွဲ့အစည်းများက အမြဲတမ်းကြိုဆိုနေပါသည်။

ထို့ကြောင့် အခွင့်အလမ်းကောင်းများ ရရှိလိုသော လူများ(ဝါ)ဝန်ထမ်းများသည် မိမိတို့၌ရှိထားအပ်သော စွမ်းရည်အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းထားရပေမည်။ မိမိကိုယ်မိမိ အမြဲဆန်းစစ်ကာမည်သို့သော အရည်အချင်းများ လိုအပ်နေသည်ကို ပဓာနကျကျသုံးသပ်သင့်ပါသည်။ လိုအပ်သော အရည်အချင်းများကိုလည်း စနစ်တကျ အကျိုးရှိရှိဖြည့်ဆည်းထားရပါမည်။

အရည်အချင်းနှင့်မန်နေဂျာများ

လုပ်ငန်းမန်နေဂျာဟူသည် လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံး၏ အရင်းအမြစ်များကိုစုစည်းကာ ရည်မှန်းချက်ရောက်အောင် စွမ်းဆောင်ရသူဖြစ်ပါသည်။ လုပ်ငန်းမန်နေဂျာများ ရှိသင့်သောစွမ်းရည်များစွာရှိပါသည်။ ယေဘုယျအားဖြင့် နည်းပညာဆိုင်ရာစွမ်းရည် (Technical skills)၊ လူမှုဆက်ဆံရေး စွမ်းရည် (human skills) နှင့် သဘောတရားဆိုင်ရာစွမ်းရည်(conceptual skills) တို့ဖြစ်ပါသည်။ ၄င်းအပြင် လုပ်ငန်းမန်နေဂျာများ၌ ရှိသင့်သည့်အခြား အရည်အချင်းတစ်ခုမှာ လူ့အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်ပင်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုပြုရာတွင် မန်နေဂျာတစ်ဦးတည်းဖြင့် လုပ်ငန်းများအားလုံးကို လုပ်ဆောင်၍မရပါ။ လုပ်ငန်းအဖွဲ့အစည်းရှိ အခြားလူများဖြင့် ကြိုးပမ်းဆောင်ရွက်ကြရပါသည်။ တစ်နည်းဆိုသော် မန်နေဂျာတစ်ဦးတည်း အရည်အချင်းပြည့်ဝရုံနှင့် မလုံလောက်ပါ။ လုပ်ငန်းတစ်ခုလုံးရှိ ဝန်ထမ်းများအားလုံး အရည်အချင်းပြည့်ဝနေဖို့ လိုပေသည်။ ဝန်ထမ်းများ၏ အရည်အချင်းဖြင့် ရည်မှန်းချက်ကိုပြီးမြောက်အောင် ဆောင်ရွက်ရပါသည်။

သို့ဖြစ်၍ လုပ်ငန်းရည်မှန်းချက်တည်းဟူသော အခွင့်အလမ်းရရှိစေရန်မှာ လုပ်ငန်းမန်နေဂျာများ၏ အရည်အချင်း၊ လက်အောက်ဝန်ထမ်းများ၏ အရည်အချင်း၊ ပြည့်ဝအောင် လုပ်ဆောင်နိုင်မှု စွမ်းရည်တို့အပေါ်တွင် များစွာမူတည်နေပါသည်။ လုပ်ငန်းတိုးချဲ့နိုင်မှု၊ ဈေးကွက်ချဲ့ထွင်နိုင်မှုစသည့် အခွင့်အရေးများသည် မန်နေဂျာများ၊ ဝန်ထမ်းများအရည်အချင်းဖြင့်သာ စွမ်းဆောင်နိုင်ပါသည်။

လုပ်ငန်းများအတွက်အခွင့်အလမ်း

“အရည်အချင်းရှိပါက အခွင့်အလမ်းများ ရရှိနိုင်သည်” ဟူသော စကားသည်ယနေ့ လုပ်ငန်းအဖွဲ့အစည်းများအတွက်များစွာ အရေးထားရမည့် အချက်ပင်ဖြစ်ပါသည်။ တစ်နည်းဆိုသော် မျက်မှောက်ခေတ်လုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် ကောင်းစွာအသုံးချရမည့် နည်းစဉ်တစ်ခုလည်းဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် မည်သည့်အရည်အချင်းများ ရှိနေသနည်း။ မည်သည့်အရည်အချင်းများ လိုအပ်နေသနည်း။ မည်သည့်အခွင့်အလမ်းများ ရရှိခဲ့ပါသနည်း။ မည်သည့်အခွင့်အလမ်းများ လက်လွတ်ခဲ့ရပါသနည်း။ မည်သည့်အရည် အချင်းကြောင့် မည်သည့်အခွင့်အလမ်းများ ရရှိခဲ့ပါသနည်း။ မည်သည့်အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းထားရမည်နည်း။ အစရှိသဖြင့် စနစ်တကျလေ့လာ စိစစ်သုံးသပ်ရပေမည်။ ထို့ပြင် အရည်အချင်းရှိသော လုပ်ငန်းများသည် အခွင့်အလမ်းများစွာ ရရှိအောင်မြင်နေကာ အရည်အချင်းအားနည်းသော လုပ်ငန်းများသည် အခွင့်အလမ်းများဆုံးရှုံးကာ လက်ရှိအခြေအနေမှ စွန့်ခွာကြရသည်ကိုလည်း သတိချပ်သင့်ပါသည်။
မျက်မှောက်ခေတ်လုပ်ငန်း အဖွဲ့အစည်းများသည် အရည်အချင်းရှိသော လူ့အရင်းအမြစ်များကို များစွာလိုအပ်လျက်ရှိပါသည်။ ယနေ့ခေတ် အခြေအနေများကလည်း အရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များရှိသည့် လုပ်ငန်းအဖွဲ့အစည်းများကို တောင်းဆိုနေကြပါသည်။ ထို့ပြင်လုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် လူ့အရင်းအမြစ်များကို အရည်အချင်းပြည့်ဝအောင် ဖြည့်ဆည်းပေးကာ ပြည့်ဝလာသည့် ယင်းအရည်အချင်းများကို အကောင်းဆုံးအသုံးချနိုင်အောင် ကြိုးပမ်းကြရပေမည်။ သို့ဖြစ်၍ အရည်အချင်းပြည့်ဝသော လူ့အရင်းအမြစ်များဖြင့် အခွင့်အလမ်းများပွင့်လန်းသည့် လုပ်ငန်းအဖွဲ့အစည်းများပေါ်ထွန်းကာ အခွင့်အလမ်းများဖြစ်ထွန်းနေမည့် လူ့အဖွဲ့အစည်းများဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။


ပါမောက္ခဒေါက်တာထွန်းအောင်(စီမံခန့်ခွဲမှု)
Ref:http://news.yatanarpon.com.mm/news/article-6103

စိတ်နဲ့ချုပ်တဲ့ စာချုပ်

(၁)
စာရေးသူရဲ့ မိတ်ဆွေကုမ္ပဏီ MD တစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ရင်း သူက သူ့ကုမ္ပဏီက ဝန်ထမ်းတွေ အလုပ်ကောင်းကောင်း မလုပ်တဲ့အကြောင်း၊ သူ့ဘက်က အပြည့်အဝ ပံ့ပိုးမှုတွေ ပြုလုပ်ထားပေးပေမဲ့ ကုမ္ပဏီ အပေါ်ကိုတော့ သိသိသာသာ ဘာ Performance Result တုံ့ပြန်မှုမှ မရှိကြကြောင်း၊ ကုမ္ပဏီရဲ့ Management  ပိုင်းလူကြီးတွေက အချိန်ပြည့် အလုပ်အပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်နေကြပေမဲ့ ဝန်ထမ်းတွေက အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိကြကြောင်း ညည်းပြပါတယ်။ တကယ်တော့ အဖွဲ့အစည်း (Organization) ဆိုတာ အပေါ်ဘက် Management ပိုင်းကပဲ သိပ်ထက်မြက် ထူးချွန်နေပြီး အောက်ခြေက ဝန်ထမ်းတွေက Management ရဲ့ ဦးဆောင်မှုနောက်ကို မီအောင်မလိုက်နိုင်လို့ ဘယ်လိုမှမဖြစ်ပါဘူး။ အထူးသဖြင့် ဝန်ထမ်းတွေ အနေနဲ့ အလုပ်ခွင်မှာ မပျော်ပိုက်ဘဲ အလုပ်အပေါ် စိတ်ဝင်စားမှု မရှိကြလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ ယေဘုယျအားဖြင့် ဝန်ထမ်းတွေ အနေနဲ့  စွမ်းဆောင်ရည် ကျဆင်းပြီး အလုပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းရတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က အစဉ်အလာ ဘွန်းစာချုပ်များအရ (ဥပမာ-တစ်နှစ်၊ နှစ်နှစ် စသည်) လုပ်ငန်းအပေါ် စိတ်ဝင်စားမှု မရှိတော့သော်လည်း အလုပ်မှ နှုတ်ထွက်ပါက လျော်ကြေးပေးရမည်က စိုးရွံ့၍ စိတ်မပါတော့သော်လည်း ကြိတ်မှိတ် လုပ်ကိုင်နေကြရခြင်း၊ ဒုတိယ အချက်ကတော့ ကုမ္ပဏီအပေါ် တစ်စုံတစ်ရာ (ဥပမာ - လစာ၊ Facilities) စသည် မကျေနပ်ကြ၍ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာ နှစ်ရပ်စလုံး ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်း (Root Cause) ကတော့ ဝန်ထမ်းများနဲ့ ကုမ္ပဏီအကြား နားလည်မှု လွဲမှားခြင်းနဲ့ အပြန်အလှန် ယုံကြည်(Mutual Trust) မရှိကြခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(၂)
အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန် အဖြေက တစ်ခုသာ ရှိပါသည်။ ယင်းမှာ သက်ဆိုင်ရာ အလုပ်ရှင် (Employer)နှင့် အလုပ်သမား (Employee) တို့အကြား စိတ်နှင့်ချုပ်တဲ့ စာချုပ် (Psychological Contract) ချုပ်ဆို ထားကြဖို့ပင်။ တကယ်တော့ Psychological Contract ဆိုတာ ပုံမှန် အလုပ်ဝင်ရင် ချုပ်ဆိုနေကျ အလုပ်ခန့်အပ်မှု စာချုပ် (Employment Contract)နဲ့ မတူညီပါဘူး။  Psychological Contract  နဲ့ ပတ်သက်ပြီး ၁၉၉၆ ခုနှစ်မှာ HR ဂုရုကြီး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဂတ်စ် (David Guest) က ခုလို ရေးသားခဲ့ပါတယ်။ Psychological Contract concerned with assumptions, expectations, promises and mutual obligations. Good people management practices are associated with a ' positive psychological contract based on trust, fairness and delivery of the deal ”

“စိတ်နှင့်ချုပ်တဲ့ စာချုပ်ဆိုတာ ထင်မြင်ယူဆချက်၊ မျှော်မှန်းချက်၊ ကတိကဝတ်နဲ့ အပြန်အလှန် တာဝန်ရှိမှုတွေနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ကောင်းမွန်တဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေဟာလည်း ယုံကြည်မှု၊ တရားမျှတမှုနဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးမှုတို့ ပေါ်မှာ အခြေခံတဲ့ စိတ်နှင့်ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်”

(David Guest, 1996)
တကယ်တော့ Psychological Contract ဆိုတာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း သံယောဇဉ်တွေလိုပါပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ စာနဲ့ချရေးမထား၊ လက်မှတ်မထိုးထားတဲ့ နားလည်မှု၊ အပြန်အလှန် တာဝန်ယူမှု၊ ယုံကြည်မှု၊ သံယောဇဉ် တရားတွေနဲ့ တည်ဆောက်ထားရတာပါ။ အစဉ်အလာ တရားဝင်စာချုပ် (Formal Contract)တွေလောက် တိတိကျကျ ရေရေရာရာ မရှိတဲ့အတွက် Psychological Contract အပေါ် ဝေဖန်မှုတွေရှိပေမဲ့ ယနေ့မှာ Psychological Contract & JU Good People Management Practices တွေအပေါ် သက်ရောက်မှုကို ကျွန်တောတို့ ထင်ထင်ရှားရှား တွေ့မြင်နေရပါပြီ။
(၃)
Psychological Contract Concept ကို Management လောကကို စတင်မိတ်ဆက်ပေးခဲ့တဲ့ HR ဂုရုကြီး David Guest ကပဲ ကုမ္ပဏီတွေ အတွက် “Positive" Psychological Contract တွေ ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ကြရမယ့် အချက်တွေကို ခုလို အကြံပြုခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) ဝန်ထမ်းများအတွက် သင်ယူမှု (learning)၊ သင်တန်း (Training) နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development) တို့အတွက် အခွင့်အလမ်းများ ဖန်တီးထားပေးခြင်း။
(၂) အလုပ်အာမခံချက် (Job Security)၊ Promotion နှင့် အသက်မွေးမှု (Careers)တို့အတွက် ဂရုစိုက်လုပ်ဆောင်ပေးခြင်း။
(၃) အဆင့်အတန်းကွာခြားမှု (Status differentials) များကို တတ်နိုင်သလောက် လျှော့ချခြင်း။
(၄) တရားမျှတသည့် ဆုပေးစနစ် (Fair Reward Systems) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။
(၅) ဝန်ထမ်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိနေပြီး တတ်နိုင်သမျှ ဆုံးဖြတ်ချက်ချမှု (Decision Making Process)များတွင် လက်အောက် ဝန်ထမ်းများကို ပါဝင်ခွင့်ပေးခြင်း။
(၄)
ကုမ္ပဏီများ အနေနဲ့  Guest အကြံပြုခဲ့တဲ့ အထက်ဖော်ပြပါ Practices များကို သက်ဆိုင်ရာ နည်းဗျူဟာ (Tactics)များမှာ ခုလို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ “Psychological Contract တည်ဆောက်ရေး အတွက် နည်းဗျူဟာများ”
(၁) အလုပ်ခေါ် အင်တာဗျူး (Recruitment Interviews)များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်ရာထူး၏ ကောင်းသည့် အချက်များ သာမက မကောင်းသည့် အချက်များကိုပါ ဖော်ပြ၍  ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းပါ။
(၂) အလုပ်နှင့် ကနဦး မိတ်ဆက်ပေးသည့် Induction Programmes များ ပြုလုပ်စဉ် ကတည်းက သက်ဆိုင်ရာ အလုပ်သမား သစ်များကို ကုမ္ပဏီ၏  Vision, Mission, Core values များကို ရှင်းရှင်းလင်းလင်း ပြောကြ၍ ၎င်းတို့ထံမှ ကုမ္ပဏီ၏ မျှော်လင့်ချက်များကို ပွင့်ပွင့်လင်းလင်း ကြိုတင် ထုတ်ဖော် ပြောကြားထားပါ။
(၃) ဝန်ထမ်းလက်စွဲစာအုပ် (Employee handbooks) ထုတ်ဝေ၍ ဝန်ထမ်းများထံ ဖြန့်ဝေထားပါ။ လိုအပ်လျှင် မကြာခဏ Update  ပြန်လုပ်ပါ။
(၄) ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Performance)ကို စောင့်ကြည့်အကဲဖြတ် စီမံခန့်ခွဲပေးသည့် Performance Management System ကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။
(၅) တစ်ဦးချင်းစီ၏ သင်ယူမှု (Self Learning)၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု (Personal Development)တို့အတွက် ကုမ္ပဏီအနေဖြင့် စနစ်တကျ ဂရုပြုဆောင်ရွက်ပေးပါ။
(၆) သက်ဆိုင်ရာ Middle Level အလယ်အလတ် Line Managers များအနေဖြင့်လည်း ကုမ္ပဏီ၏ Vision, mission, core values များကို ယုံကြည်နားလည် သဘောပေါက်ပြီး HR Practices  များကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ရေး အတွက် စိတ်အားထက်သန် တက်ကြွနေအောင် ဆောင်ရွက်ထားပါ။
(၇) ကုမ္ပဏီအနေဖြင့် တတ်အားသမျှ ပွင့်လင်းမြင်သာမှု (transparency) ရှိအောင် ဆောင်ရွက်ပေးထားပြီး ကုမ္ပဏီအတွင်း ဖြစ်ပျက်နေသည့် ကိစ္စ (What is happening)များနှင့် ၎င်းကိစ္စများ ဘာကြောင့်ဖြစ်ရသလဲ (Why it is happening)များကို ဝန်ထမ်းများ သိရှိနိုင်အောင် ဆောင်ရွက်ပေးပါ။
(၈) Manager များ၊ Team Leader များနှင့် လက်အောက်ဝန်ထမ်း Staff များအကြား မပြတ်ထိတွေ့ ဆက်ဆံနေပါ။
(၉) ဝန်ထမ်းများ၏ မကျေနပ်ချက် (Grievance)များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေးပြီးသာ တူညီမှု အခွင့်အရေး (Equal Opportunities) ဖြစ်အောင် ဆောင်ရွက်ပေးပါ။
(၁၀) ကုမ္ပဏီ၏ ဆုချီးမြှင့်သည့်စနစ် (Reward System) ကို ညီမျှမှု (Equity)၊ တရားမျှတမှု (fairness)၊ တစ်သမတ်တည်းဖြစ်မှု (Consistency) တို့ပေါ် အခြေခံ၍ ဆောင်ရွက်ပါ။
(၁၁) သက်ဆိုင်ရာ ၀န်ထမ်းများနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်ရာတွင် အလုပ်သမား (Employee)နှင့် အလုပ်ရှင် (Employer) တို့အကြား အပြန်အလှန် ယုံကြည်မှု (Mutual Trust)ကို အခြေခံ၍ ဆောင်ရွက်ပါ။

                                                                                      
Ref: Human Resource Manage at Work (4th Edition)
By: Mick Marchington and Adrian Wilkinson ISBN 978-1-84398-200-5
ရေးသားသူ - လင်းသိုက်ညွှန့်(မြန်မာ့မြေ)

လစာဖွဲ့စည်းမှု (ဝါ) အဆောက်အဦ ( Salary Structure)

၁။ အဓိပ္ပာယ် ဖွင့်ဆိုချက် (Definition)

လစာဆိုသည်မှာ ဉာဏဝန်ထမ်းများအား အချိန်အတိုင်းအတာ သတ်မှတ်ချက် (ဥပမာ- တစ်ပတ်တစ်ခါ (ဝါ) တစ်လတစ်ကြိမ်စသည်) ဖြင့်ပေးရန် ပုံသေသတ်မှတ်ထားသော လစာ/ပေးချေငွေ ဖြစ်သည်။  လစာငွေများကို များသောအားဖြင့် တစ်နှစ် (၁၂) လဟူသော အပိုင်းအခြားဖြင့် သတ်မှတ် ဖော်ပြလေ့ရှိသည်။ အမြဲတမ်း (ယာယီ မဟုတ်သော) ငှားရမ်းမှု သဘာဝကိုပါ ဖော်ပြသည့် သဘော ဖြစ်ပေသည်။ မြန်မာဘာသာဖြင့် လခ (ဝါ) လစာ ဟုခေါ်သည့်အတိုင်း များသောအားဖြင့် တစ်လတစ်ခါ ပေးရပေသည်။ လခစားဝန်ထမ်းများသည် များသောအားဖြင့် ကာလရှည်အတွက် ခန့်ထားသော ဝန်ထမ်းများ ဖြစ်ကြပေသည်။

၂။ လစာများ၏ အချင်းအရာ လက္ခဏာများ

လစာနှင့်လုပ်ခ (wage) မတူကြပေ။ လစာရနှင့် လုပ်ခရ ဝန်ထမ်းတို့၏ မိမိလုပ်သော အလုပ်နှင့် ၎င်းအလုပ်အတွက် ရယူခံစားကြရသော လစာနှင့်လုပ်ခအပေါ် သဘောထား အမြင်တို့လည်း မတူကြပေ။
(က) လစာတွင် ယေဘုယျအားဖြင့် အားလုံးပါဝင်သည်။ အလုပ်လုပ်ရင်းတွင် ခက်ခက်ခဲခဲ လုပ်ရသောအလုပ်၊ သက်စွန့်စံဖျား လုပ်ရသောအလုပ် စသည်ဖြင့် လုပ်ရမည့်အလုပ်နှင့် ပတ်သက်ပြီး လစာပုံသေ (ဝါ) လစာနှုန်းထား ဘယ်ရွေ့ဘယ်မျှ ရမည်။ မည်သည့်အလုပ်များ လုပ်ရမည်ကို ကြိုတင် ရှင်းပြထားပြီး နှစ်ဦးနှစ်ဖက် (အလုပ်ရှင်နှင့်ဝန်ထမ်း) ညှိနှိုင်း သဘောတူကြသည့် အလုပ်ကို သတ်မှတ်ထားကြသည်။ ယင်းအလုပ်ကို လုပ်ကြရသည့်အတွက် သတ်မှတ်လစာကို သတ်မှတ်ရက်တွင် ရရှိကြခြင်းဖြစ်သည်။
(ခ) လစာသည် ထပ်ဆင့်တိုးသည့် သဘော (progressive nature) ရှိသည်။ အရပ်သား လောကတွင် ထပ်တိုး ဟုခေါ်သည်။ တစ်နှစ်လျှင် တစ်ကြိမ် ယေဘုယျအားဖြင့် ထပ်တိုးလေ့ရှိသည်။ လုပ်ခ သတ်မှတ်ရာတွင် အသက်ပြည့်မပြည့် ပြဿနာကိုပါ ထည့်စဉ်းစားပြီး သတ်မှတ်သည်။ အချို့သည် အသက်ငယ်ငယ်နှင့် အရွယ်ရောက်ကြသူများ ဖြစ်ကြပြီး ထိုသူမျိုးကို အလုပ်ခန့်ပြီး ခိုင်းလျှင်မူ သက်စေ့လုပ်ခ တွက်ပေးရသည်။ သို့တည်းမဟုတ်လျှင်သက်မပြည့် လုပ်ခနှင့် သတ်ပြည့်လုပ်ခ ဟူ၍ ခွဲတွက်ချက် သတ်မှတ်ရပေသည်။
(ဂ) လစာသည် ခံစားရရှိသည့် ပုဂ္ဂလိက ပစ္စည်းအဖြစ် သဘောထား မှတ်ယူကြသော်လည်း လုပ်ခမှာမူ အတန်းအစား တူသော အလုပ်အတန်းအစား တစ်ခုခုတွင် အလုပ်လုပ်ကြသူ အားလုံးကို ထုတ်ပေးသော စုစုပေါင်း အခကြေးငွေ (လုပ်ခစုစုပေါင်း) ကို ရည်ညွှန်းပေသည်။
(ဃ) လစာသည် များသောအားဖြင့် လျှို့ဝှက်ထားရသော အရာတစ်ခုဖြစ်ပြီး လုပ်ခနှင့်ပတ်သက်၍မူ ထိုသို့လျှို့ဝှက် ထားစရာမလိုပေ။ တစ်နည်းအားဖြင့် လုပ်ခသည် လျှို့ဝှက်မဟုတ်ပေ။
(င) ပုဂ္ဂလိက ကဏ္ဍလုပ်ကိုင်မှုတွင် လစာသည် လုပ်ခလောက် ကုန်သွယ်မှုသမဂ္ဂများ (Trade Union) ၏ ဆွေးနွေးညှိနှိုင်းမှု သိပ်မလုပ်ကြရပေ။ ထိုဆွေးနွေး ညှိနှိုင်းမှုတွင် လုပ်ခကိုသာ အများဆုံး ညှိနှိုင်း ဆွေးနွေးရပေသည်။

လစာစီမံအုပ်ချုပ်မှု (Salary Administration)

ကုမ္ပဏီ အဖွဲ့အစည်းများ အနေဖြင့် လစာကို စီမံအုပ်ချုပ်ရာ၌ နည်းလမ်းလေးသွယ် ရှိပါသည်။ အဲဒီနည်းလမ်းတွေကတော့
(၁) Adhoc ခေါ် တစ်ခါသုံး နည်းလမ်း
ဒီနည်းလမ်းမှာတော့ တခြားနည်းလမ်း ၃ ခုထက် ပိုပြီး လွတ်လပ်လေ့ ရှိကြသည်။ လစာ တိုးမြှင့်ပေးရန် သို့မဟုတ် လျှော့ချရန် ဆုံးဖြတ်ရာတွင် အလုပ်ကို ဝေဖန်သုံးသပ် ထည့်သွင်း စဉ်းစားလေ့မရှိပဲ လုပ်တတ်သည် (Job evaluation)။ အလုပ်မှာ စွမ်းဆောင်ချက် မကောင်းပဲနှင့် လစာတိုးရ တတ်သည်။ ဝန်ထမ်း အလုပ်အကိုင် အရည်အသွေးနှင့် အဆင့်မကျဆင်းပဲလျှက် လစာနိမ့်ကျသွား တတ်သည်။ သို့ဖြင့် ကံတရားနှင့်သာ သက်ဆိုင်သည်ဟု ဆိုရမည် ဖြစ်သည်။ လစာတိုးပေးခြင်း၊ နှိမ့်ချခြင်းတို့ကို မမှန်မကန်သော ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်တတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အလုပ်သမား ဝန်ထမ်းများက တောင်းဆို၍ဖြစ်သော အလုပ်ရှင် အဖွဲ့အစည်းများ၏ လိုအပ်ချက်ကြောင့် ဖြစ်စေ လုပ်ရတတ်ကြသောကြောင့် ဖြစ်သည်။ လုပ်ငန်း ကုမ္ပဏီကြီးပါက ထိုသို့ ဆုံးဖြတ် လုပ်ကိုင်ခြင်းသည် ယုတ္တိမဆန်သော သို့မဟုတ် တရားမျှတမှု မရှိသော လစာဖွဲ့စည်းပုံမျိုး ဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့လစာဖွဲ့စည်းပုံ (ဝါ) လစာ၏အဆောက်အအုံများ ယုတ္တိမတန်ခြင်း သို့မဟုတ် တရားမျှတမှု မဲ့သော အဆောက်အအုံ ပုံစံမျိုး ဖြစ်ပေါ်လာခဲ့လျှင် ဝန်ထမ်းများ၏ မကျေနပ်မှု၊ ပေါက်ကွဲမှု စသည်တို့ကို ပိုမိုကြီးမားစွာ ရင်ဆိုင်ရတတ်ပါသည်။
(၂)   ဒုတိယနည်းလမ်း တစ်မျိုးမှာ ဝန်ထမ်း၏ အရည်အချင်း၊ အရည်အသွေးကို ဆန်းစစ်ပြီးမှ အရည်အသွေး ကောင်းသူ၊ မြင့်သူတို့ကို လစာ တိုးမြှင့်ပေးနည်း ဖြစ်ပါသည်။ ဤနည်းသည် တစ်ဖွဲ့တိုးနည်း (Adhoc.) ထက် များစွာ သာလွန် ကောင်းမွန်ပါသည်။ ဤနည်းလမ်းကို ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီကြီးများတွင် သုံးစွဲလေ့ ရှိကြပါသည်။ လုပ်ဆောင်ပြီးသော အလုပ်အခြေအနေကို အလုံးစုံ ခြုံငုံ သုံးသပ်ပါသည်။ ထိုသို့ သုံးသပ်ပြီးမှ ထိုအလုပ် အတန်းအစားအတွက် လစာတိုးပေးမည် ဆုံးဖြတ်ပြီးမှ တိုးခြင်းဖြစ်သောကြောင့် ထိုက်တန်သော သူများက ရရှိခံစားကြရခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ထိုထက်ပို၍ တိုးတက် လာစေနိုင်သည်။ လစာရ ဝန်ထမ်းများ ပိုကြိုးစား လုပ်လာနိုင်ပါသည်။
(၃)  တတိယနည်းမှာ တိုးချဲ့စကေး (Incremental scale) နည်းဖြစ်ပေသည်။ ဤတတိယနည်းမှာ ပြည်သူပိုင် ကဏ္ဍအလုပ်များကို စီစစ်တိုင်းတာ ဖော်ထုတ်ရန် အသုံးများသည်။ အထူးသဖြင့် ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၏ အလုပ်အရည်အသွေးကို ဆန်းစစ်ရာတွင် အသုံးများပေသည်။ ပုဂ္ဂလိက ကဏ္ဍတွင်လည်း သုံးလေ့ရှိကြောင်း တွေ့ရပါသည်။ ဤနည်းလမ်းကို သုံးစွဲရာတွင် ဝန်ထမ်းများအား သူတို့ရသည့် လစာစကေးအရ အုပ်စုဖွဲ့ကြပါသည်။ ပုံစံအားဖြင့် K ၈၀၀၀-၂၀၀-၉၀၀၀ စကေးဆိုလျှင် တစ်နှစ်လျှင် ကျပ် ၂၀၀ နှစ် တိုးပေါင်းပေးသော အလုပ်အစတွင် ၈၀၀၀ ရရှိ၍ ဘားခေါ် သူ့လစာ အဆုံးသတ်တာက ကျပ် ၉၀၀၀ တွင်ဖြစ်သည်။ ဤကဲ့သို့ ဝန်ထမ်းများအား လစာ စကေးအုပ်စု အလိုက် ခွဲခြားအုပ်စုဖွဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လစာ စကေးအုပ်စု အလိုက် စွမ်းဆောင်မှုများကို ဆန်းစစ်လေ့လာသည်။ ထိုစဉ်တွင် လစာစကေး အုပ်စုတစ်စု၏ စွမ်းဆောင်မှုမှာ ထူးခြားစွာ ကောင်းမွန်ကြောင်း၊ အခြားအဖွဲ့များ၏ စွမ်းဆောင်ချက်များနှင့် နှိုင်းယှဉ်လျှင် ထူးခြားစွာ ကောင်းမွန်ကြောင်း သုံးသပ်တွေ့ရှိလျှင် ထိုအုပ်စု တစ်စုလုံးအား လစာတွင် စကေးကို နှစ်ခါပေါင်းစေ သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် အခြားစကေးအုပ်စုများနှင့် မတူသော ထိုက်တန်သည့် ဆုချီးမြှင့်နည်းဖြင့် ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်ပေသည်။
(၄) ကောင်းကျိုးချီးမြှင့်နည်း (Merit Review)
ဤနည်းကို အလယ်အလတ် အရွယ်အစားနှင့် အရွယ်ကြီးမားသော ပုဂ္ဂလိက ကုမ္ပဏီကြီးများတွင် သုံးစွဲကြကြောင်း တွေ့ရသည်။ ဤနည်းတွင် လုပ်ပြီးသော အလုပ်ကို သုံးသပ် ဆန်းစစ်ပြီးမှ လစာဘယ်ရွေ့ ဘယ်မျှ ပေးသင့်သည်ကို ဆုံးဖြတ် သတ်မှတ်လေ့ ရှိကြသည်။ ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုကို သုံးသပ် ဆန်းစစ်ပြီးမှ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော ဂုဏ်ပြုမှု တစ်မျိုးမျိုးဖြင့် ချီးမြှောက် အားပေးကြခြင်း ဖြစ်သည်။ ဤသို့သော နည်းလမ်းမျိုးဖြင့် ဝန်ထမ်းတို့၏ အလုပ်လုပ်ချင်စိတ်ကို နှိုးဆွ အားပေးကြခြင်း ဖြစ်သည်။ ဖော်ပြပါ နည်းလမ်း (၄) သွယ်အနက် မိမိလုပ်ငန်းနှင့် သင့်တော်သည်ဟု ယူဆသော နည်းလမ်းကို ရွေးချယ်၍ လစာပေးစနစ်ကို စမ်းသပ်နိုင်ပေသည်။ ဤစနစ် ၄ ခုအနက် မည်သည့်စနစ်က အကောင်းဆုံးဟု ပြောရမှာ ခက်ခဲလှပေသည်။ စနစ်တိုင်းတွင် အားသာချက်နဲ့ အားနည်းချက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ၎င်းစနစ် တစ်ခုစီကိုင်တွယ် အသုံးချသော အလုပ်အဖွဲ့အစည်းရှိ အစုအဖွဲ့များ၏ စေတနာနှင့် လုပ်နည်း ကိုင်နည်းလည်း အရေးပါလှပေသည်။ မိမိလုပ်ငန်းတွင် ဘဝကို မြှုပ်နှံ၍ အလုပ် လုပ်နေကြသော လခစားဝန်ထမ်းများ ကောင်းစားရေးနှင့် မိမိလုပ်ငန်း တိုးတက်ရေးတို့ကို ဦးတည်၍ အကောင်းဆုံး ကြိုးစားသင့်ကြောင်းသာ အကောင်းဆုံးဟု ဆိုရပေသည်။

ရေးသားသူ - ပါမောက္ခ ဒေါက်တာ တင်စိုး
Ref: http://news.yatanarpon.com.mm/cp/hrjournal/article-8776

ဆက်ဆံရေးကောင်းပါစေ

“ဆက်ဆံရေးကောင်းပါစေ” လို့ ဆိုတဲ့တွက် ဘာဆက်ဆံရေးလဲဆိုတာ သိချင်ကြလိမ့်မယ်။ လူ့ဘဝမှာ ဆက်ဆံရေးတွေက အထွေထွေအရပ်ရပ် ရှိနေကြတယ်။  မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေး၊ ဆရာနဲ့ တပည့်ရဲ့ ဆက်ဆံရေး၊ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး၊ ကိုယ့်ရဲ့ မိတ်ဆွေ သင်္ဂဟများနဲ့ ဆက်ဆံရေးတွေ ရှိနေကြသလို အလုပ်လုပ်နေကြတဲ့ လုပ်ငန်းခွင်မှာလည်း အထက်အောက် ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေး ဆိုတာတွေလည်း ရှိကြတယ်။ ကိုယ့်ဆရာသမားတွေနဲ့ ဆက်ဆံရတဲ့ ဆက်ဆံရေးနဲ့ လုပ်ဖော်ကိုင်ဖက်ချင်း ဆက်ဆံတဲ့ ဆက်ဆံရေးဆိုတာ မတူနိုင်ပါဘူး။ ဒီအတိုင်းပဲ ကိုယ်က အလယ်အလတ်ဆင့် တာဝန်ရှိသူတစ်ဦး ဖြစ်နေရင် အောက်ခြေ ဝန်ထမ်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ ဆက်ဆံရေးလည်း ရှိနေမှာအမှန်ပဲ။ အခု ပြောချင်တာက အလယ်အလတ် အဆင့်က တာဝန်ရှိသူတွေနဲ့ အောက်ခြေဝန်ထမ်း သို့မဟုတ် အလုပ်သမားတွေရဲ့ ဆက်ဆံရေး ကိစ္စကို ဇောင်းပေးပြီး ပြောချင်တာပါ။

ကိုယ်က လုပ်ငန်းခွင်မှာ တာဝန်ရှိတဲ့သူ (ကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ မန်နေဂျာစသဖြင့် တစ်ဦးဦး) ဖြစ်နေခဲ့ရင် မလွဲမသွေ မတူညီတဲ့ ဆက်ဆံရေးကဏ္ဍမျိုးနဲ့ ဆက်ဆံ ဆောင်ရွက်ရမှာဟာ ဓမ္မတာပါပဲ။ ကိုယ့်လက်အောက်ငယ်သား ဆိုပေမယ့် သူတို့ဟာ လုပ်ငန်းခွင်ရဲ့ မောင်းနှင်အားတွေ ဖြစ်တာကြောင့် စနစ်တကျ ကိုင်တွယ်ဆက်ဆံရမယ် မဟုတ်လား။ အထူးသဖြင့် မန်နေဂျာ ဆိုသူတွေက ဒီကိစ္စအပေါ် ရှင်းလင်းတဲ့အမြင်နဲ့ ကောင်းမွန်တဲ့ သဘောထားတွေ ထားရှိနိုင်ဖို့ ဒီဆောင်းပါးကို ရေးရတာပါ။ ချို့ယွင်းချက်၊ လိုအပ်ချက် ဆိုတာမျိုးကတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအလိုက် ဖြည့်စွက်ချဲ့ကား နားလည်ယူကြရင် မန်နေဂျာနဲ့ သူ့ဝန်ထမ်းများရဲ့ ဆက်ဆံရေးဟာ ပြေပြစ်ချောမောပြီး လုပ်ငန်းတွေ အောင်မြင်သွားနိုင်ပါတယ်။ “အောင်မြင်တဲ့ စီမံခန့်ခွဲသူများဟာ ဆက်ဆံရေး ကောင်းမွန်တတ်တယ်” ဆိုတဲ့ စကားတစ်ခု ရှိတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်သမားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာနဲ့အမျှ လုပ်ငန်းတွေ မလွဲမသွေ အောင်မြင်မှာ ဖြစ်ပါတယ်။

အထက်အောက် ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ဘေးတိုက် ဆက်ဆံရေးပဲဖြစ်ဖြစ် တစ်ခုခု အားနည်း ချို့ယွင်းနေရင် ဓမ္မတာပဲ ချို့ယွင်းချက်၊ အားနည်းချက်၊ လစ်ဟာမှုတွေနဲ့အတူ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ဒီတော့ ဆက်ဆံရေးဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် သဘောထားပြီး ဆက်ဆံရေး ကောင်းမွန်မှုမရှိဘဲ အားနည်းနေရင် ပြုပြင်ကြပြီး တစ်စုံတစ်ရာ ကောင်းမွန်နေရင်လည်း ပိုမိုကောင်းမွန်အောင် ကြိုးစားသင့်တယ်။ ဒါမှသာ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေ၊ အလုပ်တွေလည်း အောင်မြင်နိုင်မယ် မဟုတ်လား။ ဒီနေရာမှာအရေးကြီးတာက ကိုယ်က ကိုယ့်ရဲ့ အထက်လူကြီးကို ဝေဖန်အကြံပေးဖို့အတွက် တချို့ကိစ္စတွေဟာ မလွဲမသွေ ပေါ်လာတတ်ပါတယ်။ ဒါကို အချိန်ကာလမရှောင်၊ နေရာဒေသမရွေး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အဲဒီစကားမျိုးဟာ အများရဲ့ရှေ့မှာ ပြောသင့်မပြောသင့် အရင်ဆုံး ချင့်ချိန်ဖို့ လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ အထက်လူကြီးနဲ့ ပြောဆိုဝေဖန် အကြံပေးရမယ့်စကားမျိုးဟာ အများရှေ့မှာ မပြောတာ အကောင်းဆုံးပါပဲ။ ဒီအတိုင်းပဲ ကိုယ့်လက်အောက် ငယ်သားတွေ (ဝန်ထမ်းနဲ့ အလုပ်သမားတွေ)ကို ဆက်ဆံတဲ့ နေရာမှာလည်း သတိထားသင့်ပါတယ်။

သိပ်ပြီး ဆက်ဆံရေး မတင်းမာသင့်သလို နေရာတကာ သိတတ်ပြီး အလျော့ပေးလိုက်လျော ဆက်ဆံလို့လည်း မရပါဘူး။ တင်းလွန်းရင်ပြတ် ဆိုသလို ဖြစ်သွားတတ်ပြီး လျော့လွန်းရင် ပတ်တတ်ပါတယ်။ မှန်တမ်းဆက်ဆံရေး တစ်နည်းအားဖြင့် မလျော့လွန်း မတင်းလွန်းတဲ့ ဆက်ဆံရေးကို ထူထောင်ထားသင့်ပါတယ်။ ဒီနေရာမှာ တာဝန်ရှိတဲ့ သူတွေဟာ အလုပ်သဘော ဆက်ဆံတာနဲ့ ခင်ခင်မင်မင် ရောရောနှောနှော နေတာကို ခွဲခြားသိရှိဖို့ လိုပါတယ်။ အရမ်းလည်း မရောပါနဲ့၊ အရမ်းလည်း သီးခြားမဆန်ပါနဲ့၊ မလျော့မတင်း စောင်းကြိုးညှင်းသလိုပဲ ဖြစ်နေရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လက်အောက် ငယ်သားတွေရဲ့ သာရေးနာရေး ကိစ္စတွေကို ဘယ်လောက်ပဲ အလုပ်များ၊ အလုပ်ရှုပ်နေပါစေ မဖြစ်မနေ ရောက်အောင်သွားပါ။ စာနာ ထောက်ထားမှုကို ပြပါ။ ဝမ်းသာဂုဏ်ယူမှုနဲ့ ချီးမြောက်ပါ။ အထူးသဖြင့် နာရေး ကိစ္စလိုမျိုး ဒုက္ခ ရောက်နေချိန်မျိုးမှာ မဖြစ်မနေ အကူအညီ ပေးနိုင်အောင် ကြိုးစားနိုင်ရင် ကောင်းပါတယ်။ သူတို့ဒုက္ခ ကိုယ့်ဒုက္ခအဖြစ် စာနာပြခဲ့ရင် သူတို့ဟာကိုယ့်ကို ကျေးဇူးတင်မဆုံး ဖြစ်နေမှာ သေချာသလို အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကွန်ရက် တစ်ခုကို ထူထောင်ပြီး ဖြစ်သွားပါလိမ့်မယ်။

ဒီလို လက်အောက် ငယ်သားတွေအပေါ် ဆက်ဆံနိုင်သလို ကိုယ့်ကို ကျေးဇူးပြုတဲ့သူ (အထူးသဖြင့် အထက်လူကြီး)များနဲ့ ပတ်သက်ရင်လည်း မမေ့မလျော့ အသိအမှတ် ပြုထားပါ။ ဂါရဝတရားနဲ့အညီ တတ်နိုင်သလောက် ဂါရဝပြုနိုင်ရင် ကောင်းပါတယ်။ ဒါဟာ ကိုယ့်ရဲ့ သိတတ်မှုကို သူတို့တစ်တွေ နားလည်သွားစေဖို့ပဲ ဖြစ်ပါတယ်။ မန်နေဂျာဆိုတာ ကိုယ့်ဝန်ထမ်းတွေနဲ့ အမြဲပဲထိတွေ့ ဆက်ဆံနေရတာပါ။ ဒီတော့ ဖြစ်နိုင်သမျှ အမှားအယွင်းနည်းရင် ကောင်းပါတယ်။ ကိုယ့်လက်အောက်ငယ် သားတွေကို တာဝန် ချထားတဲ့ နေရာမှာ မျှမျှတတ ရှိရင်ကောင်းပါတယ်။ အားလုံးက အဲဒီအလုပ် တာဝန်ခွဲဝေမှုဟာ စောဒက တက်စရာ မရှိလောက်အောင် ဖြစ်နေရင် အကောင်းဆုံးပါပဲ။ ဒါမှသာ သူတို့နဲ့ကိုယ့်ရဲ့ ဆက်ဆံရေးဟာ အဖုအထစ် ကင်းမယ် မဟုတ်လား။ ကိုယ်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါလျက်နဲ့ တစ်စုံတစ်ဦးဟာ ကိုယ့်အပေါ်မှာ ဆက်ဆံရေး ကျဲလာရင် ဒါမှမဟုတ် ကလန်ကဆန်သဘောမျိုး ဖြစ်လာရင် ပြန်မပြော နားမထောင် လုပ်လာရင် သေချာပေါက် ပြဿနာ ရှိနေပြီဆိုတာ နားလည်ဖို့ လိုလိမ့်မယ်။

ဒီအတွက် သူ့ကို ဗျူရိုကရက်ဆန်ဆန် နှိပ်ကွပ်ဖို့ထက် အကြောင်းရင်းက ဘာဆိုတာ သိရှိရအောင် လေ့လာပါ။ မြန်မြန် ဆေင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်ဘက်က ချို့ယွင်းအားနည်းချက် တစ်စုံတစ်ရာကြောင့် ဒီလိုဖြစ်နေတာဆို ရင် ပြင်နိုင်အောင်ကြိုးစားပါ၊ ပြင်ပါ၊ ကိုယ်ပြုပြင်နေတာကိုလည်း သူသိပါစေ။ ဒါမှမဟုတ်သူ့ရဲ့အထင်မှား အမြင်မှားကိစ္စ ကြောင့်ဆိုရင် အဲဒီကိစ္စကို တစ်နည်းနည်းနဲ့ သူသိသွားအောင် ဆောင်ရွက်လိုက်ပါ။ ဒါဆိုရင် သူ့အနေနဲ့ အမြင် ကြည်လင်သွားပြီး ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာပါလိမ့်မယ်။ ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ ဆက်ဆံရေးဆိုတာ အလွန် ကျယ်ပြန့်ပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ လေးနက်တဲ့ ဆက်ဆံရေး အမျိုးမျိုးသာမက မန်နေဂျာနဲ့ သူရဲ့ ဆက်ဆံရေးကိုတောင် ချဲ့ရင်ချဲ့သလို ရပါတယ်။ ဒါပေမဲ့ အမြည်း သဘောလောက်သာ တင်ပြထားတဲ့ အခု ဆောင်းပါးလောက်နဲ့ပဲ ကျင့်ကြံပြုမူ သဘောထားနိုင်ကြပြီ ဆိုရင် အောင်မြင်နိုင်ပါတယ်။ မန်နေဂျာ အားလုံးပဲ ဆက်ဆံရေး ကောင်းမွန်နိုင်ကြပါစေ၊ အဆင်ပြေနိုင်ကြပါစေ။

ထက်ကျော်

ဆက်ဆံရခက်သူတွေကို ဘယ်လို ချဉ်းကပ်မလဲ


ခင်ဗျားအနေနဲ့ သည်းမခံနိုင်အောင် ဆက်ဆံရေး ဆိုးဝါးတဲ့သူတွေနဲ့ တွေ့ကြုံ ဆက်ဆံရတဲ့အခါမှာ အနည်းဆုံးအားဖြင့် ရွေးချယ်စရာနည်းလမ်း လေးခုတော့ ရှိပါတယ်။ အဲဒါတွေဟာ မျက်လှည့်ဆန်တဲ့ ပုံသေနည်းတွေတော့ မဟုတ်ပါဘူး။  ဘယ်လို အခြေအနေမျိုးမှာမဆို ဘယ်နည်းလမ်းကို ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်မလဲဆိုတာနဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ရမယ့်သူက ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာလေးခုကတော့....

(၁) ဘာမျှမလုပ်ဘဲနေခြင်း

ဘာမျှမလုပ်ဘဲနေခြင်းဟာ လုံးဝဥဿုံ မလှုပ်မယှက် နေခြင်းတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းထဲမှာ ဘာမျှမလုပ်နိုင်တဲ့ အခြားပုဂ္ဂိုလ်တွေကို နာကျင်ခံခက်စေခြင်းနဲ့ မကျေမနပ် ပြောဆိုခြင်းတို့လည်း ပါဝင်ပါတယ်။ ဆက်ဆံရ ခက်ခဲသူတွေ အပေါ် အားမလို အားမရဖြစ်ခြင်းက များသည်ထက်များလာပြီး အချိန်နဲ့အမျှ ဆိုးဝါးလာနိုင်စရာ ရှိတာကြောင့် ဘာမျှမလုပ်ဘဲ နေခြင်းဟာ အန္တရာယ်တော့ ရှိပါတယ်။ ပြီးတော့ ဘာမျှမလုပ်နိုင်တဲ့သူကို မကျေမနပ် ပြောဆိုခြင်းက ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုကို ရွှေ့ဆိုင်းထားချိန်မှာ စိတ်ဓာတ်ရေးရာနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသခြင်း
တစ်ခါတစ်ရံမှာ ခပ်ခွာခွာ နေလိုက်ခြင်းက ခင်ဗျားအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်တတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေမှန်သမျှကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ အခြေအနေတွေ ဆိုရင် ဖြေရှင်းနေဖို့တောင် မထိုက်တန်ပါဘူး။ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်နဲ့ ဆက်လက် ဆက်ဆံလိုစိတ် တစ်စိုးတစ်စေ့မျှ မရှိတော့တဲ့အခါ ကျောခိုင်းထွက်ခွာပြီး မကျေနပ်ကြောင်း ပြသလိုက်ခြင်းက အဓိပ္ပာယ်ရှိပါတယ်။ တကယ်လို့ အခြေအနေ အရပ်ရပ်က ယိုယွင်း ဆိုးရွားလာနေပြီး ခင်ဗျားအနေနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ သိမြင်လာရပြီဆိုရင် ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်ခြင်းက တစ်စိတ်တစ်ဒေသအားဖြင့် အကောင်းဆုံးဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။ အဲဒီနောက် ခပ်ဝေးဝေးဆီ ထွက်ခွာလိုက်ပါ။ “ ရှင့်ရဲ့ ခွင့်ပြုချက် မပါရှိဘဲ ဘယ်သူကမှ ရှင့်ကို သိမ်ငယ်တဲ့ခံစားချက် ဖြစ်ပေါ်လာအောင် မလုပ်နိုင်ပါဘူး ” ဆိုတဲ့ အီလင်နာရုစဗဲ့လ်ရဲ့ စကားအတိုင်းပေါ့။ သို့ပေမဲ့ ကျောခိုင်းထွက်ခွာဖို့ မဆုံးဖြတ်မီ ခင်ဗျားအနေနဲ့ နောက်ထပ်ကျန်ရှိတဲ့ ရွေးချယ်စရာ နှစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါတယ်။

(၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြောင်းလဲလိုက်ပါ။
ဆက်ဆံရခက်ခဲတဲ့သူက ခင်ဗျားကို တုံ့ပြန်ရခက်တဲ့ အမူအကျင့်တွေနဲ့ ဆက်လက် ထိပါးနေဦးမယ်ဆိုရင် ခင်ဗျားဟာ အဲဒီလူကို တစ်မူထူးခြားစွာ ရှုမြင်နိုင်သလို သူပြောသမျှ ထူးထူးခြားခြား နားဆင်နိုင်တဲ့ အပြင် အဲဒီလူနဲ့ စပ်လျဉ်းပြီး မတူကွဲပြားစွာ ခံစားနိုင်ပါတယ်။ ပြဿနာလူသားတွေအပေါ် ထားရှိတဲ့ ခင်ဗျားရဲ့ တုံ့ပြန်ချက်များဆီက လွတ်မြောက်စေမယ့် စိတ်နေသဘောထားဆိုင်ရာ အပြောင်းအလဲတွေကို ခင်ဗျားကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

(၄) ခင်ဗျားရဲ့အမူအကျင့်ကိုပြောင်းလဲလိုက်ပါ။
ခင်ဗျားအနေနဲ့ ဆက်ဆံရခက်ခဲတဲ့ လူတွေနဲ့ ဆက်ဆံတဲ့နည်းလမ်းကို ပြောင်းလဲလိုက်ချိန်မှာ သူတို့က ခင်ဗျားအပေါ် ဆက်ဆံသင့်တဲ့ နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေ လာကြပါလိမ့်မယ်။ ပြဿနာဖြစ်စေတဲ့ အမူအကျင့် အများစုကို ရင်ဆိုင်ဖို့အတွက် ထိရောက်မှုရှိပြီး လေ့လာသင်ယူလို့ရတဲ့ မဟာဗျူဟာတွေ ရှိပါတယ်။ အဲဒါတွေကို ရှေ့လျှောက် ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
အတိုချုံးပြောရရင် (၁) ခက်ခဲတဲ့ အမူအကျင့်တွေကို အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်နိုင်ပေမဲ့ အခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု မတူကွဲပြားကြတယ် ဆိုတာကို နားလည်သဘောပေါက်ပါ။ အခြေအနေအရပ်ရပ်ကို ဘယ်လိုတုံ့ပြန်နည်းမျိုးနဲ့ တုံ့ပြန်ရမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်ပါတယ်။ (၂) ဘာမျှမလုပ်ဘဲနေဖို့ အားထုတ်ကြိုးပမ်းခြင်းက ရှောင်ကြဉ်ပါ။ ဒီမဟာဗျူဟာက စဉ်ဆက်မပြတ် လက်ခံနိုင်ဖွယ်မရှိပါဘူး။ တကယ်လို့ အခြေအနေက တကယ့်ကို ဆိုးဝါးနေတယ်ဆိုရင် ခင်ဗျားအနေနဲ့ အရေးတယူပြုပြီး လုပ်ကိုင် ဆောင်ရွက်ရဖွယ် ရှိပါတယ်။ (၃) ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြုပြင်ပြီးမှ ခင်ဗျားရဲ့ အမူအကျင့်ကို ပြုပြင်ပါ။ တစ်ခါတစ်ရံ စိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အမူအကျင့်ကို ပြောင်းလဲခြင်းဆိုတဲ့ ခက်ခဲတဲ့ အလုပ်ကိုလည်း မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဝင်းသိန်းဦး
Ref : Dealing with Difficult People by Dr. Rick Brinkman and Dr. Rick Kirschner

လုပ်ရည်ကိုင်ရည် သတင်း အချက်အလက်များ (၂)

မည်သည့်ဇာစ်မြစ်၊ မည်သည့်နေရာကနေ သတင်း အချက်အလက်များ ရရှိပါသနည်း။  သတင်း အချက်အလက်များ ရရှိရာ ဇာစ်မြစ်နေရာသည် မိမိ ဘာလိုအပ်နေသလဲ ဆိုတာအပေါ် မူတည်နေပါသည်။ မည်သို့ဆိုစေ သတင်း အချက်အလက်တွေကတော့ မြောက်မြားလှစွာသော ဇာစ်မြစ် နေရာတွေ ဆီကနေ လာနိုင်ပါသည်။ ဆိုရသော် -
-ဖောက်သည်တွေဆီက၊
-အမှုဆောင်တွေဆီိက၊
-အလုပ်သမားတွေဆီက၊
-မိမိ (မန်နေဂျာ) ဆီက၊
-မိမိရဲ့ ဌာနနှင့်ဖြစ်စေ၊
-မိမိရဲ့ လက်အောက် ဝန်ထမ်းများနှင့် ဖြစ်စေ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နေရသော ကုမ္ပဏီအတွင်းရှိ တခြား ဌာနဆိုင်ရာ မန်နေဂျာများနှင့် ဝန်ထမ်း အလုပ်သမားများဆီက၊
-လုပ်ငန်းသုံးကုန် ပေးသွင်းသူများ (suppliers)ဆီက သတင်း အချက်အလက်များ ရရှိနိုင်ပါသည်။

ဤမျှလောက် ရေးသားဖော်ရလျှင် မည်သို့သော သတင်း အချက်အလက်များ ကောက်ယူ စုစည်းရမည်၊ မည်သည့် နေရာကနေ ကောက်ယူ စုစည်းနိုင်သည် ဆိုတာကို အကြမ်းဖျင်းသဘော သိရှိ နားလည်နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ နောက် မေးခွန်း တစ်ခုမှာ -“ဘာတွေကို မှတ်တမ်းမှတ်ရာ ပြုထားရမလဲ” ဆိုတာပဲ ဖြစ်သည်။ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှု အတွက်ပဲ ဆိုလျှင် အောက်ဖော်ပြပါတို့ကို မျက်ခြည်မပြတ် သိရှိနေနိုင်ဖို့ မှတ်တမ်းမှတ်ရာများ ပြုထားရန် လိုအပ်ပါလိမ့်မည်။

-ရည်မှန်းချက်များနှင့် စံချိန်စံနှုန်းများ ပြည့်မီအောင် အကောင်အထည် ဖော်နိုင်မှု မဖော်နိုင်မှု မှတ်တမ်းများ၊
-အလုပ်သမားတစ်ဦး၏ အပြုအမှု သို့တည်းမဟုတ် လုပ်ဆောင်ချက်အပေါ် ချီးကျူး ဝေဖန် သုံးသပ်မှုများ၊
-ညံ့ဖျင်းသော လုပ်ဆောင်ချက်လား၊ သို့တည်းမဟုတ် သာလွန် ကောင်းမွန်သော လုပ်ဆောင်ချက်လား ဆိုသည်ကို ခြေခြေမြစ်မြစ် သတ်မှတ်နိုင်ဖို့ အတွက် လိုအပ်သည့် ခိုင်လုံသော အထောက်အထားများ၊
-မိမိနှင့် မိမိ၏ လက်အောက် ဝန်ထမ်းများအတွက် ပြဿနာ၏ အရင်းအမြစ် သို့တည်းမဟုတ် အောင်မြင်မှု၏ အကြောင်းတရားတို့ကို ပိုင်းခြား သတ်မှတ်ရာတွင် အထောက်အကူ ဖြစ်စေသည့် တခြားသော အချက်အလက်များ၊
-လက်အောက် ဝန်ထမ်းအား သိရှိပြီး ဖြစ်ကြောင်း လက်မှတ် ရေးထိုးစေရလောက်အောင် အရေးကြီးသည့် လုပ်ရည်ကိုင်ရည်နှင့် စပ်လျဉ်းသည့် မိမိနှင့် ဝန်ထမ်း အလုပ်သမားတို့ အကြား ပြောဆိုဆွေးနွေးမှု မှတ်တမ်းများ၊
-အရေးပါသော ဖြစ်ရပ် အချက်အလက်များ (critical incident data)။

အရေးပါသော ဖြစ်ရပ် အချက်အလက်များဟု ဆိုရာတွင် ယေဘုယျအားဖြင့် အတိုင်းအတာ တစ်ခုအရ လွန်ကဲသော အပြုအမူမျိုး၊ အထူးသဖြင့် အဖျက်သဘော ဆောင်သည့် အပြုအမူမျိုးကို ဆိုလိုပါသည်။ ဥပမာအားဖြင့် အရက်သေစာ သောက်စားမူးယစ်ပြီး အလုပ်ခွင်သို့ ရောက်လာတာမျိုး၊ ဖောက်သည်က ကျိန်ဆဲတာမျိုး၊ လုပ်ဖော်ကိုင်ဖက်များအား အော်ဟစ် ကြိမ်းမောင်းတာမျိုး၊ စိတ်အနှောင့်အယှက် ပေးတာမျိုး၊ သို့တည်းမဟုတ် ခိုးဝှက်တာမျိုး ဖြစ်သည်။ အရေးပါသော ဖြစ်ရပ်တချို့သည် အလုပ်မှ ချက်ချင်း ထုတ်ပယ်ရလောက်စေသည့် ခိုင်လုံသော အရင်းခံ အကြောင်းတရားများ ဖြစ်သည်ကို တွေ့မြင်နိုင်ပါသည်။ အဆိုပါ ဖြစ်ရပ်များ ပေါ်ပေါက်လာသည့်အခါ သက်ဆိုင်ရာ သတင်း အချက်အလက်များကို ပြည့်စုံနိုင်သမျှ ပြည့်ပြည့်စုံစုံနှင့် အချိန်စောနိုင်သမျှ စောစော မှတ်တမ်းမှတ်ရာများ ပြုစုထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

ဥပမာ- အလုပ်သမားတစ်ဦး ယမကာရနံ့ တသင်းသင်း၊ စကား ဗလုံးဗထွေးနှင့် အလုပ်ခွင်သို့ ရောက်လာတာမျိုး တွေ့မြင်ရသည့်အခါ နေ့ရက်၊ အချိန်အခါနှင့် အဆိုပါ အလုပ်သမားရဲ့အပြုအမူ အသေးစိတ် အချက်အလက်များအပြင် မိမိ မည်သို့ ထိတွေ့ ကိုင်တွယ်ခဲ့သလဲ ဆိုတာတွေကို မှတ်တမ်း တင်ထားရမည် ဖြစ်သည်။ ဖြစ်သမျှ ဇာတ်ကြောင်းကို ပြန်ပြောင်းတင်ပြသည့် ပုံစံဖြင့် အစီရင်ခံစာကိုလည်း ရေးသား ပြုစုထားရမည် ဖြစ်သည်။ ထိုသို့ ရေးသားရာတွင် အမှန်တကယ် ဘာဖြစ်ခဲ့သလဲ ဆိုတာကိုပဲ ရေးသား ဖော်ပြရပါမည်။ ပုံကြီးချဲ့တာမျိုး၊ သို့တည်းမဟုတ် ကောက်ချက်ချတာမျိုး မပါရှိစေရပါ။ အလွန်ဆိုးရွားသော အခြေအနေမျိုးဆိုလျှင် မျက်မြင်ကိုယ်တွေ့ ကြုံရသူ ကြားလူ(third party) တစ်ဦးဦးအား အဖြစ်အပျက်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ရေးသား တင်ပြထားစေရသည်။ အလုပ်မှ ထုတ်ပယ်ရလောက်အောင်၊ သို့တည်းမဟုတ် ဥပဒေကြောင်းအရ အရေးယူရလောက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေမျိုး ဖြစ်သည်ဆိုပါက အရေးပါသော အဖြစ်အပျက် အစီရင်ခံစာများ (critical incident reports)သည် အလွန်ပင် အရေးကြီးလှပါသည်။ ယင်း အစီရင်ခံစာများသည် စိုးရိမ်ဖွယ်ရာ ဆိုးဆိုးဝါးဝါး ပြဿနာများကို မှန်မှန်ကန်ကန် ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော အထောက်အထားများလည်း ဖြစ်ကြသည်။ အထူးသဖြင့် ထိကပါး ရိကပါး အနှောင့်အယှက် ပေးသည့် အမှုကိစ္စ (harassment)မျိုးအတွက် အလွန်ပင် အရေးပါသော အထောက်အထားများ ဖြစ်ကြပါသည်။

လုပ်ရည်ကိုင်ရည် မှတ်တမ်းများ၏ လားရာ

လုပ်ရည်ကိုင်ရည် မှတ်တမ်းမှတ်ရာများကို အကျိုးရှိအောင် မည်သို့ အသုံးပြုရပါမည်နည်း။ အလုပ်သမား ဝန်ထမ်းများက သူတို့အပေါ် ချီးကျူးဂုဏ်ပြုမှုတွေ၊ သူတို့ရဲ့ အောင်မြင်မှုတွေ၊ ဖောက်သည်တွေရဲ့ ချီးမွမ်းမှုတွေ အစရှိသော အပြုသဘောဆောင်သည့် အထောက်အထား မှတ်တမ်းမှတ်ရာများ အားလုံးကို သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်း ဖိုင်တွေထဲမှာ မပျောက်မပျက် သိမ်းဆည်းထားစေလိုကြသည်။ သို့သော် သူတို့လုပ်မိသည့် အမှားအယွင်းကလေးတွေကို သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ မှတ်တမ်းတင်ထားရှိပြီး လူ့စွမ်းအား အရင်းအမြစ်ဌာနက သိမ်းဆည်းထားတာမျိုးကိုတော့ မလိုလားတတ်ကြပေ။ ထို့အတွက် ဘယ်လိုမျိုး ဆောင်ရွက်သင့်သလဲ ဆုံးဖြတ်ချက်များကို မန်နေဂျာတွေကပဲ ခက်ခက်ခဲခဲ ချမှတ်ကြရသည်။

ဆိုကြပါစို့။ အလုပ်သမား ဝန်ထမ်းတစ်ဦး၏ ထုတ်လုပ်မှု ကျဆင်းနေသည်ကို တွေ့မြင်လိုက်ရသည်။ သို့ဆိုလျှင် ယင်းသို့ ထုတ်လုပ်မှု ကျဆင်းနေတာနှင့် စပ်လျဉ်းပြီး အလုပ်သမား ဝန်ထမ်းနှင့် တွေ့ဆုံ ဆွေးနွေးပြောဆိုရန် လိုအပ်လာမည် ဖြစ်သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးခြင်းကလည်း မိမိအတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုပင် မဟုတ်ပါလား။ ဖြစ်နိုင်ပါက မိမိအနေဖြင့် အလုပ်သမား၏ ထုတ်လုပ်မှု ကျဆင်းနေခြင်းကို ရပ်တန့်သွားစေလို၏ အကယ်၍ စာရင်းအင်း အချက်အလက်များနှင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို မိမိက မှတ်တမ်းတင် ထားရှိသည် ဆိုပါက အဆိုပါ မှတ်တမ်းမှတ်ရာများကို အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ မပျောက်မပျက် ထည့်သွင်းသိမ်းဆည်းထာသင့်ပါသလား။ တချို့သော မန်နေဂျာတွေက အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ ထည့်သွင်း သိမ်းဆည်းထားတတ်ကြပါသည်။

တချို့ကမူ ထည့်သွင်း သိမ်းဆည်းထားခြင်း မပြုတတ်ကြပေ။ အကယ်၍ လုပ်ရည်ကိုင်ရည် ပြဿနာများ နောက်တစ်ကြိမ် ထပ်ဖြစ်ဦးမည် ဆိုပါက သတင်း အချက်အလက်များသည် အလုပ်သမား၏ ဝန်ထမ်းသက်တမ်း တစ်လျှောက်မှာ အရေးပါနေလိမ့်မည်ဟု တချို့သော မန်နေဂျာတွေက ဆိုကြပါသည်။ အထူးသဖြင့် လုပ်ငန်း အဖွဲ့အစည်း၏ တခြားသော ဌာနတစ်ခုသို့ အလုပ်သမား ဝန်ထမ်းတစ်ဦး ပြောင်းရွှေ့သွားသော အခါမျိုးတွင် သတင်း အချက်အလက်များက အရေးပါနေလိမ့်မည်ဟု ဆိုကြပါသည်။ မှတ်တမ်းမှတ်ရာများနှင့် စပ်လျဉ်းသည့် အဆိုပါ သဘောထားအတွက် တစ်စုံတစ်ရာသော အကြောင်းပြချက် ရှိပါသည်။ သတင်း အချက်အလက်များကို ယာယီ တေးမှတ်ထားရာမှ ကိုယ်ရေးမှတ်တမ်း ဖိုင်သို့ အမြဲတမ်း မှတ်တမ်းအဖြစ် ပို့ဆောင် သိမ်းဆည်းခြင်းကို မလိုလားသည့် မန်နေဂျာများက သက်ဆိုင်ရာ အလုပ်သမားနှင့် အရင်ဦးစွာ တွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းသင့်သည်ဟု မှတ်ယူထားကြပါသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အလုပ်သမား ဝန်ထမ်း၏ ကိုယ်ရေးဖိုင်ထဲမှာ မှတ်တမ်းထည့်သွင်း ရေးသားရလောက်သည့် အနေအထားမျိုးသို့ မရောက်မီ အလုပ်သမားအတွက် မန်နေဂျာ၏ ကူညီပံ့ပိုးမှုဖြင့် သူ့ရဲ့ ချို့ယွင်းချက်ကို ပြုပြင်နိုင်မည့် အချိန် ရရှိနိုင်မည် ဖြစ်သည်။ ထို့အတွက် မန်နေဂျာများက အောက်ပါအတိုင်း အဖွင့်စကား ဆိုနိုင်ပါသည်။ “ကိုစည်သူရေ ဟောဒီမှာ ပြဿနာ တစ်ခုကိုတော့ ကျွန်တော်တို့ တွေ့နေရပါပြီ။ အဲဒီ ပြဿနာကို ရှေ့လာမယ့် ၃ လ အတွင်းမှာ ကျွန်တော်တို့ ကိုင်တွယ် ဖြေရှင်းနိုင်မလား၊ မဖြေရှင်းနိုင်ဘူးလား ဆိုတာကို ကျွန်တော်တို့ ဆွေးနွေး တိုင်ပင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အကယ်လို့ လုပ်ရည်ကိုင်ရည် စီမံကိန်း ရေးဆွဲရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ်က ခင်ဗျားနဲ့ ကျွန်တော် သဘောတူထားခဲ့တဲ့ ထုတ်လုပ်မှု စံချိန်စံညွှန်းကို ပြည့်မီအောင် ခင်ဗျား အကောင်အထည်ဖော် မဆောင်ရွက်နိုင်ဘူးဆိုရင် အဲဒီပြဿနာကို ခင်ဗျားရဲ့ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ ထည့်သွင်း ရေးသားရပါလိမ့်မယ်။ အကယ်လို့ ခင်ဗျားအနေနဲ့ စံချိန်စံညွှန်း ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တယ် ဆိုရင်တော့ အဲဒီကိစ္စဟာ ပြဿနာတစ်ခု မဟုတ်တော့တဲ့အတွက် ခင်ဗျားရဲ့ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ ထည့်ရေးစရာ မလိုဘူးပေါ့ဗျာ”

အထက်တွင် ရေးသား ဖော်ပြထားသည့်အတိုင်း ချဉ်းကပ်ကိုင်တွယ် ပြောဆိုမှုသည် ပိုမို တရားမျှတမှု ရှိသည့်အပြင် နှစ်ဦးနှစ်ဖက်စလုံး အတွက် အဆင်ပြေနိုင်သော အနေအထားမှာလည်း ရှိပါသည်။ ဆိုရသော် အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်း ဖိုင်ထဲမှာ ထည့်သွင်း မှတ်တမ်းတင်ထားသင့်၊ မသင့်ဆိုသည့် ဆုံးဖြတ်ချက်သည်

-ပြဿနာ၏ အရေးပါမှု၊
-ကိုယ်ရေးမှတ်တမ်း ဖိုင်နှင့် ကုမ္ပဏီ၏ ပေါ်လစီ၊
- မိမိ၏ သဘောထား အမြင်နှင့်
-မိမိနှင့် လက်အောက် ဝန်ထမ်းတို့အကြား ရေရှည်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်မှုအ လားအလာ တို့အပေါ် မူတည်နေပါသည်။

အကြံပြုချက်များ

အချက်အလက်များ ကောက်ယူ စုစည်းခြင်း၊ လေ့လာ စောင့်ကြည့်ခြင်းနှင့် မှတ်တမ်းမှတ်ရာ ပြုစုထားရှိခြင်းတို့နှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ဆောင်ရွက်ရမလဲ ဆိုသည့် အချက်မှာ မိမိ တွေ့ကြုံနေရသော အခြေအနေများနှင့် ကုမ္ပဏီ၏ ပေါ်လစီတို့အပေါ် အများကြီး မူတည်ပါသည်။ သို့ဖြစ်သည့်အလျောက် အကြံပြုချက် အချို့ကို တင်ပြခြင်းဖြင့် လုပ်ရည်ကိုင်ရည် အချက်အလက်များ အကြောင်းကို အဆုံးသတ်လိုပါသည်။ သတင်း အချက်အလက်များ ကောက်ယူ စုစည်းခြင်းသည် မိမိ တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော သီးသန့်တာဝန် ဖြစ်သည်ဟု မဆိုနိုင်ပါ။ မိမိ၏ လက်အောက် ဝန်ထမ်းများထံမှလည်း အကူအညီများကို ယုံယုံကြည်ကြည်နှင့် ရယူဖို့ လိုအပ်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် “ကလင်ကလင်” နှင့် ၁၀ ကြိမ်မှ အကြိမ် ၂၀ ခန့်အထိ တယ်လီဖုန်းဆက်တိုက် မြည်နေသံကို မိမိ ကြားလိုက်ရသည်ဟု ဆိုကြပါစို့။ ထိုသို့သော တယ်လီဖုန်း ဆက်တိုက် မြည်နေသံက ဘာတွေကို ဖော်ညွှန်းနေပါသနည်း။ ဖော်ညွှန်းနေသည်မှာ တစ်စုံတစ်ရာသော ပြဿနာ ရှိနေပြီဟူ၍ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ သို့ဖြစ်လျှင် ပြဿနာက ဘယ်လောက်အထိ စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် စူးစမ်း လေ့လာဖို့ လိုအပ်ပါလိမ့်မည်။ ထို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ -

-ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာနှင့်
-တယ်လီဖုန်း ခေါ်သူသည် တစ်ဖက်မှ ပြန်ထူးသံ ကြားရအောင် ဘယ်လောက်ကြာကြာ စောင့်ဆိုင်းနေရသလဲ ဆိုတာတွေကို စူးစမ်း လေ့လာခြင်း ဖြစ်သည်။

မောင်ရေအေး (ဟားဗတ်တက္ကသိုလ်)

စိတ်ဖိစီးမှု သက်သာရာ ပေါင်းသင်းဆက်ဆံရေး ကောင်းမှသာ

လုပ်ငန်း အဖွဲ့အစည်း အမျိုးမျိုးတွင် ဝန်ထမ်းထုကို အလုပ်တာဝန် ခွဲဝေမှုအရ အလွှာအသီးသီး ခွဲခြားထားပါသည်။  အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင် စီမံခန့်ခွဲသူများ၊ မန်နေဂျာများ စသည့် အစုအဖွဲ့ ရှိကြပြီး ၎င်းတို့၏ လက်အောက်တွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းများကို တာဝန် ခွဲခြားပေးထားရမြဲ ဖြစ်ပါသည်။ ထိုသို့သော လုပ်ငန်း အဖွဲ့အစည်း တစ်ရပ်ရပ်အတွင်း “လူ” တို့ ပေါင်းစု လုပ်ကိုင်နေကြသည် ဖြစ်ရာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မလွဲမသွေ ပေါင်းသင်း ဆက်ဆံနေရပါသည်။ လုပ်ငန်းခွင် အတွင်းရှိ ဝန်ထမ်းထုများသည် “တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား” ဆိုသလို အလုပ် ရည်မှန်းချက် တူသူများ၏ လူမှုဆက်ဆံရေး ဘဝတွင် ကျင်လည်ရပါသည်။ ဤသို့ဖြင့် အဖွဲ့အစည်း တစ်ခုအတွင်း တွေ့ကြ ဆုံကြသည့် ဝန်ထမ်းအချင်းချင်း ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်မှသာ စိတ်ဖိစီးမှု သက်သာမည် ဖြစ်ပါသည်။ လုပ်ငန်း သဘောသဘာဝအရ အလုပ်တာဝန် ထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး နိစ္စဓူဝ တစ်နည်းမဟုတ် တနည်းဖြင့် တွေ့ဆုံပြောဆို ဆက်ဆံနေကြရပါသည်။ တစ်နည်း ဆိုသော် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထက်ပိုင်းမှ စီမံခန့်ခွဲသူ တာဝန်ရှိ လူကြီးများ၊ အလယ်အဆင့်ရှိသော ဝန်ထမ်းများ၊ အောက်ခြေဝန်ထမ်းများ၊ အလုပ်သမား အချင်းချင်း ဆင့်ကဲဆင့်ကဲ ဆက်ဆံနေကြရသလို မိမိတို့ဌာနမှ ဝန်ထမ်းများသည်လည်း အခြားဌာန အဖွဲ့အစည်းများမှ ဝန်ထမ်းများကို လည်းကောင်း၊ မိမိတို့၏ ဖောက်သည်များကို လည်းကောင်း မဖြစ်မနေ ပြောဆို ဆက်ဆံ နေရပါသည်။


ဤသို့ ဝန်ထမ်းများ ပေါင်းသင်းဆက်ဆံရေး ဘဝကို ဖြတ်သန်းကြရာတွင် ရင်းနှီးပျူငှာ ဆက်ဆံရေး ကြိုးပမ်းကြသော်လည်း တစ်ခါတစ်ရံ ဆက်ဆံရေး မပြေလည်ခြင်း၊ အဖုအထစ်များ ကြုံရခြင်းတို့ကြောင့် စိတ်ဖိစီးမှု ခံစားရတတ်ပါသည်။ Leiter and Maslach တို့၏ ၁၉၈၈ ခုနှစ်က ဆေးရုံတစ်ရုံရှိ သူနာပြု ဆရာမများ၏ စိတ်ဖိစီးမှု ကြုံတွေ့ ခံစားရမှုကို လေလာခဲ့ရာတွင် သူနာပြု ဆရာမများသည် ၎င်းတို့ ကြည့်ရှုရသည့် လူနာများနှင့် ဆက်ဆံမှုကြောင့် စိတ်ဖိစီးမှု ဖြစ်ရသည်ထက် ဆေးရုံအတွင်းရှိ ဝန်ထမ်းအချင်းချင်း၊ သူနာပြု ဆရာမများ အချင်းချင်း ဆက်ဆံရေး မပြေလည်ခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်ရသည်မှာ ၁၀ ဆခန့် ပိုမိုသည်ဟု ဖော်ပြထားပါသည်။ လုပ်ငန်း အဖွဲ့အစည်းတိုင်းတွင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးမြင့်လာရေးအတွက် လူ့စွမ်းအား အရင်းအမြစ်သည် အရေးပါကြောင်း HR လေ့လာသူ အားလုံး အသိပင် ဖြစ်ပါသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ် လေ့လာစဉ်က “လူသာပဓာန” (Man matter most) ဟူသော အယူအဆ တစ်ရပ်ကို ထည့်သွင်း စဉ်းစားလာကြပါသည်။ ယခုခေတ် လုပ်ငန်း အဖွဲ့အစည်း အတွင်းရှိ စီမံခန့်ခွဲသူများ သို့မဟုတ် မန်နေဂျာ တစ်ဦးဦး၏ တာဝန် ဝတ္တရားများကို စွမ်းအား အရင်းအမြစ် အမျိုးအစားများ (Types of resources) အပေါ် အခြေခံလျက် အောက်ပါအတိုင်း (၃) မျိုးခွဲ၍ လေ့လာနိုင်ပါသည်။

(က) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို တာဝန်ယူ စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် ဌာန၏ ရ-သုံးမှန်းခြေငွေ စာရင်း (Budget) ပြုစုရေးဆွဲခြင်း၊ စာရင်းကိုင်လုပ်ငန်း ဆောင်ရွက်ခြင်း၊ နှစ်ချုပ် စာရင်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ရေးဆွဲခြင်း၊ အခွန်အကောက်များ ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခြင်း၊ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း စသည်တို့ ပါဝင်ပါသည်။

(ခ) ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်များကို တာဝန်ယူ စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် လုပ်ငန်း အဖွဲ့အစည်း၏ စက်ပစ္စည်း ယန္တရားများ၊ ပရိဘောဂများ၊ ကုန်ကြမ်းများ ထိန်းသိမ်းကြီးကြပ်ခြင်း၊ လုပ်ငန်းအတွက် လိုအပ်သည်များကို ဝယ်ယူခြင်း၊ ထုတ်လုပ်ပြီး ကုန်ချော ပစ္စည်းများကို ဖြန့်ဖြူးခြင်း စသည်တို့ ပါဝင်ပါသည်။

(ဂ) လူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း။

ဤအမျိုးအစားတွင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းခြင်း၊ ရာထူး တိုးမြှင့်ခြင်း၊ အလုပ် ပြောင်းရွှေ့ခြင်း၊ ခွင့်ကိစ္စများ ကိုင်တွယ်ခြင်း၊ အလုပ်ခွင် စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် အရေးယူ ဆောင်ရွက်ခြင်း၊ သင်တန်းများ စီစဉ်ခြင်း စသည့် HR လုပ်ငန်းများ ပါဝင်ပါသည်။ မန်နေဂျာ တစ်ဦးဦးသည် အထက်ဖော်ပြပါ လုပ်ငန်းတာဝန် ဝတ္တရားများ အမျိုးအစား ၃ မျိုးတွင် တစ်မျိုးမျိုးကို ဖြစ်စေ၊ တစ်မျိုးထက် ပို၍ဖြစ်စေ တာဝန်ယူ ဆောင်ရွက်လေ့ ရှိပါသည်။ သုတေသန ပြုလုပ်ချက်အရ “လူ” များကို ထိတွေ့ကိုင်တွယ် ဆက်ဆံရသော သို့မဟုတ် “လူ” များကို စီမံ ခန့်ခွဲရသော တာဝန်ယူရသည့် မန်နေဂျာသည် စိတ်ဖိစီးမှု ဒဏ်အခံရဆုံး ဖြစ်သည်ဟု ကောက်ချက် ချထားပါသည်။ ခြုံ၍ ပြောရပါက ငွေ၊ ပစ္စည်း၊ စာရင်း စသည့် ရုပ်ဝတ္ထုများကို စီမံခန့်ခွဲရခြင်းထက် ရုပ်နှင့်နာမ်တို့ ပိုင်ဆိုင်သော “လူ” ကို စီမံခန့်ခွဲခြင်းက ပိုမိုခက်ခဲကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပါသည်။ “လူ” တွင် စိတ်၏ ခံစားမှုရှိခြင်း၊ ကာယစွမ်းအားဖြင့် အလုပ်လုပ်ခြင်း၊ ပြောဆို ဆုံးမမှုကို နာယူခြင်း၊ ညွှန်ကြားချက်များ နာယူခြင်း၊ ပြန်လည် မေးမြန်းခြင်း၊ ဆွေးနွေးပြောဆိုခြင်း အပြင် “နှုတ်သီးကောင်း လျှာပါး” ဟု ပြောရလောက်အောင် ပြန်လည် ခွန်းတုံ့ ပြန်ပြောဆိုခြင်း၊ ငြင်းခုံခြင်း၊ အော်ဟစ်ဆဲဆိုခြင်း စသည်တို့ကို ပြုလုပ်နိုင်စွမ်း ရှိကြသည်ကို စာရှုသူအားလုံး အသိပင် ဖြစ်ပါသည်။

တစ်ခါက အစိုးရဌာန တစ်ခုတွင် ဝန်ထမ်းများ ရာထူး တိုးတက်ပေးရာတွင် လည်းကောင်း၊ နိုင်ငံခြား ပညာသင် ရွေးချယ်ရာတွင် လည်းကောင်း အရည်အချင်း မမီသည့် ဝန်ထမ်းတစ်ဦးသည် ၎င်း၏ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို စာတစ်တန် ပေတစ်တန်ဖြင့် “တိုင်စာ/ပစ်စာ” ရေး၍ အထက်လူကြီးများထံ ပေးပို့ခဲ့ပါသည်။ လုပ်ကြံ ဇာတ်လမ်းများဖြင့် ပုံကြီးချဲ့ထားသော အဆိုပါ ပစ်စာ မျိုးများသည် ဝန်ထမ်း လောကအတွင်း မလိုလားအပ်သော ဆူးငြောင့် ခလုတ်များပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အတိုင်ခံရသည့် ဝန်ထမ်းအဖို့ မမျှော်လင့်ဘဲ ကြုံလာရသည့် ပြဿနာကို ဖြေရှင်းနေရသဖြင့် ရာထူးတက်ရန် နှောင့်နှေးခြင်း၊ နိုင်ငံခြား ပညာသင် သွားရန် အချိန် ဖင့်နွှဲခြင်းတို့ကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ရပါသည်။ ကုမ္ပဏီ တစ်ခုသည် စီးပွားရေး ကျဆင်းခြင်းနှင့် ကြုံတွေ့ရ သောကြောင့် ဝန်ထမ်း အချို့ကို မလွဲမရှောင်သာဘဲ အလုပ်မှ ရပ်စဲရန် စီစဉ်ရသည် ဆိုပါစို့။ ထိုသို့သော အခြေအနေမျိုးတွင် အလုပ်မှ ရပ်စဲခံရသည့် ဝန်ထမ်းများ အပါအဝင် ၎င်းတို့အား မှီခိုသူများ၊ ဆက်နွှယ်သူများတို့သည် စိတ်သောက ရောက်ကြရပါသည်။ လုပ်ငန်း အဖွဲ့အစည်း တစ်ခုလုံးတွင် အလုပ်မှ ရပ်စဲမည့် ဝန်ထမ်း (၃၀) ဦးအနက်၊ မိမိ၏ ဌာနမှ ဝန်ထမ်း ၁၀ ဦး ပါသည်ဟု သတင်းဆိုး ကြားလိုက်ရသည့်အခါ ဌာနခွဲ မန်နေဂျာ အနေဖြင့် မိမိ တိုက်ရိုက် ကိုင်တွယ် အုပ်ချုပ်ရသော ဝန်ထမ်းများ သို့မဟုတ် လက်ပွန်းတတီး ရင်းနှီးချစ်ခင်သော သူတို့နှင့် ခွဲခွာရမည့် အခြေအနေကြောင့် စိတ်မချမ်းမြေ့ဖွယ် ခံစားရပါသည်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော လောကီ လူ့ဘောင်တွင် စီးပွားချမ်းသာ ပြည့်စုံ ကြွယ်ဝနိုင်သော တရားတော်ဖြစ်သည့် လူတိုင်း လိုက်နာဆောင်ရွက်ရမည့် အရည်အချင်းကောင်းများ “သမ္ပဒါ” တရားလေးမျိုး အနက် “ကလျာဏ မိတ္တသမ္ပဒါ” ဟူသော မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ကောင်းသော အတုယူခြင်းဟူသော သမ္ပဒါတရား တစ်မျိုးလည်း ပါဝင်ပါသည်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့နှင့် ပြည့်စုံသော မိတ်ဆွေကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံရသောအခါ ၎င်းတို့အား အတုယူခြင်းဖြင့် မိမိလည်း အသိအလိမ္မာ တိုးပွားလာပြီး စီးပွားချမ်းသာ တိုးတက်လာမည် ဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်းကောင်းများနှင့် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိ၏ အကျိုးစီးပွား တိုးတက်ရန် များစွာ အထောက်အကူ ဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ကြရသကဲ့သို့ တစ်ခါတစ်ရံ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေခြင်းကြောင့်လည်း တစ်နည်းတစ်ဖုံ စိတ်ဖိစီးမှု ကြုံတွေ့ရပြန် ပါသေးသည်။ လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်ရင်းနှီးမှုကြောင့် သံယောဇဉ်ရှိသောအခါ ၎င်းအား သနားငဲ့ညှာမှု၊ စာနာထောက်ထားမှု ဖြစ်ပေါ်လာကာ လိုအပ်သော အကူအညီ အထောက်အပံ့များ အနစ်နာခံ၍ ပေးတတ်ကြပါသည်။ လေ့လာချက် တစ်ခုတွင် အများပြည်သူများ အတွက် ရေပေးဝေရေး၊ လျှပ်စစ် ဖြန့်ဖြူးပေးရေး စသော Public Utility လုပ်ငန်းများကို တာဝန်ယူ ကိုင်တွယ်ရသည့် စီမံခန့်ခွဲသူများ သို့မဟုတ် မန်နေဂျာများသည် ပြည်သူများ၏ လိုအပ်ချက်ကို အရေးပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနေရသည် ဖြစ်ရာ ပြည်သူများ ကျေနပ်နှစ်သက်မှု မရရှိသောအခါ ၎င်းတို့ အနေဖြင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုဒဏ် အမြင့်မားဆုံး ခံစားရကြောင်း ဖော်ပြထားပါသည်။

လူမှု ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အောက်ပါ နည်းလမ်းများအတိုင်း စိတ်ဖိစီးမှု လျော့ကျစေမှုများကို ပံ့ပိုးပေးလျက် ရှိကြပါသည်။

(က) စိတ်ဆင်းရဲစရာ ကိစ္စရပ်များကို မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို ကိုယ်ကျိုးမဖက်၊ မျှော်လင့်ချက်မထားဘဲ လက်တွေ့ အသုံးဝင်မည့် နည်းလမ်းများကို အကြံဉာဏ်ပေးခြင်း
(ခ) ကြောက်ရွံ့ စိုးရိမ်မှုများ ရှိလာပါက သေချာစွာ စိစစ်သုံးသပ်ရန်နှင့် စိတ်ခံစားမှု မရရှိရေးအတွက် ထိန်းသိမ်းနိုင်စေရန် အားပေးခြင်း
(ဂ) စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အဖြစ်အပျက်များကြောင့် ဆိုးရွားသော ခံစားမှု သို့မဟုတ် အနုတ်လက္ခဏာ ဆောင်သော ခံစားမှုတို့ကို မည်သို့ လျှော့ချမည်ကို ကူညီ ဆောင်ရွက်ပေးခြင်း  စသည်တို့ ဖြစ်ပါသည်။

နိဂုံးချုပ် အနေဖြင့် အပေါင်းအသင်း မိတ်ဆွေနှင့် ပတ်သက်၍ “A problem shared is a problem halved” ဟူသော အင်္ဂလိပ် စကားပုံ တစ်ခု ရှိပါသည်။ ယင်းစကားပုံ၏ အဓိပ္ပာယ်မှာ “ကြုံတွေ့ ခံစားရသော ပြဿနာများကို သူငယ်ချင်းများအား ရင်ဖွင့်ပြောပြခြင်း၊ မျှဝေ ခံစားစေခြင်း တို့ဖြင့် မိမိ၏ ပြဿနာများ သို့မဟုတ် စိတ်ခံစားရမှု ဝေဒနာများ တစ်ဝက် သက်သာစေပါသည်” ဟု ဖြစ်ပါသည်။ သို့ဖြစ်၍ လုပ်ငန်း အဖွဲ့အစည်းအတွင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အပေါင်းအသင်းကောင်းများနှင့် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံ နေထိုင် သွားပါက အခက်အခဲ ပြဿနာ ကြုံတွေ့စေကာမူ စိတ်ဖိစီးမှု သက်သာစေနိုင်မည် ဖြစ်ပါသည်။
Ref : http://news.yatanarpon.com.mm/cp/hrjournal/article-10827

လုပ်ရည်ကိုင်ရည် သတင်း အချက်အလက်များ

ထိုသို့ စူးစမ်း လေ့လာရာတွင် နေ့စဉ်နေ့တိုင်း ဆိုသလို တယ်လီဖုန်း မြည်သံကို မိမိကိုယ်တိုင် စောင့်ဆိုင်း နားထောင်ပြီး ရေတွက် နေနိုင်ပါမည်လား။  အကယ်၍ ယင်းသို့သော သတင်း အချက်အလက်များကို ကောက်ယူ စုစည်းရာတွင် လက်အောက် ဝန်ထမ်း တစ်ဦးဦး၏ အကူအညီကို ရယူလိုက်မည် ဆိုပါက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အလုပ် နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သလို ဖြစ်မသွား ပေဘူးလား။ ဤသို့ ဆောင်ရွက် လိုက်ခြင်းသည် ပြဿနာကို စူးစမ်း လေ့လာရာတွင် လက်တွေ့ကျသော နည်းလမ်းကို အသုံးပြုလိုက် နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ပြဿနာ ဖြေရှင်းသည့် ဖြစ်စဉ်တွင် အလုပ်သမားများအား ပါဝင် ဆောင်ရွက်စေရာလည်း ရောက်ပါသည်။ ဤသို့ဖြင့် မိမိက သူတို့အား စောင့်ကြည့် စစ်ဆေးနေခြင်း မဟုတ်ကြောင်းကို လက်အောက် ဝန်ထမ်းများ သိရှိ နားလည် သဘောပေါက်သွားကြ ပါလိမ့်မည်။ အချက်အလက်များကို ကောက်ယူ စုစည်းရာတွင် တစ်စုံတစ်ရာသော ရည်ရွယ်ချက်ဖြင့် ကောက်ယူ စုစည်းရသည်။ ဘာ့ကြောင့် အဲဒီ အချက်အလက်တွေ လိုအပ်ပါသလဲ၊ သို့တည်းမဟုတ် ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ဂဃနဏ မသိရှိဘဲနှင့် အချက်အလက်တွေကို ကောက်ယူ စုစည်းနေလျှင် အချက်အလက် ရူးသွပ်မှု၏ သားကောင်ဘဝသို့ ကျရောက်သွားပါလိမ့်မည်။ ယင်းသို့ အဖြစ်မခံပါနှင့်။

တချို့သော ကုမ္ပဏီတွေက ပုံမှန်စစ်တမ်း ကောက်ယူသလို အချက်အလက်များကို ကောက်ယူ စုစည်းနေပြီး အလုပ်သမား ဝန်ထမ်းများအား ဖြစ်ပေါ် ပြောင်းလဲမှုများကို မျက်ခြည်အပြတ် မခံစေဘဲ ကောက်ယူ စုစည်းစေတတ်ကြ ပါသည်။ ပြီးတော့မှ ကောက်ယူ စုစည်းထားသည့် အချက်အလက်များကို မည်သို့မျှ အသုံးမပြုဘဲ ချောင်ထိုးတတ်ကြ ပါသည်။ ထိုသို့သော လုပ်ရပ်သည် အကုန်အကျ အလွန်များပြီး အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးရာ ရောက်ပါသည်။ သို့ကြောင့် သတင်း အချက်အလက်တွေကို ကောက်ယူစုစည်းခြင်း မပြုမီ ဘာ့ကြောင့် ကောက်ယူစုစည်းဖို့ လိုအပ်သလဲ ဆိုတာနှင့် ဘယ်လို အသုံးပြုမှာလဲ ဆိုတာတွေကို အရင်ဦးစွာ ဆုံးဖြတ်ထားရ ပါလိမ့်မည်။ ထို့အပြင် ကောက်ယူ စုစည်းထားသော စာရင်းအင်း အချက်အလက်များကို အလွယ်တကူ လေ့လာ သိရှိနိုင်အောင် ပုံပြဇယားများကို ရေးဆွဲရန် လိုအပ်သည့်အပြင် ပျမ်းမျှကိန်း(average)၊ ဆနှုန်းကိန်း (index)အစရှိသည့် အကျဉ်းချုံး ဖော်ပြသည့် ပြကိန်းများ (measures of central tendency)ကိုလည်း တွက်ချက်ရန် လိုအပ်ပါသေးသည်။ ယင်းပုံပြဇယားများနှင့် တွက်ချက်မှုများသည် လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီဖို့ အထူး လိုအပ်ပါသည်။ ဥပမာအားဖြင့် ဆိုရသော် စာရင်းအင်း ပညာရပ်တွင် ပျမ်းမျှကိန်းဟု ဆိုရာ၌ သမတ်ကိန်း(mean)၊ ကြိမ်များကိန်း(mode)နှင့် တစ်ဝက်ကိန်း (median)ဟူ၍ ရှိပေရာ မည်သို့သော ပျမ်းမျှကိန်း အမျိုးအစားကို တွက်ချက်ရမလဲ ဆိုသည်ကို ကောက်ယူထားသည့် စာရင်းအင်း အချက်အလက်၏ သဘောသဘာဝအပေါ် မူတည်ပြီး ဆုံးဖြတ် ရွေးချယ်ရပါသည်။ ယင်းမှာ မန်နေဂျာများ အတွက် မကြာခဏ ဆိုသလို တွေ့ကြုံရတတ်သော စိန်ခေါ်မှုပင် ဖြစ်သည်။

ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် အလုံးစုံ အရည်အသွေး စီမံခန့်ခွဲမှု (total quality management) သို့တည်းမဟုတ် တခြားသော စာရင်းအင်း အခြေပြုနည်းလမ်း (statically based approach) များနှင့် အကျွမ်းတဝင် မရှိပါက ရိုးစင်းသော နည်းနာများကိုပဲ အသုံးပြုသွားရမည် ဖြစ်သည်။ အကွဲကွဲ အပြားပြားသော အရာများကို ရေတွက်ရာတွင် တာလီဇယားများ (tally sheets) ကို အသုံးပြုခြင်းသည် အင်မတန် ထိရောက်သော နည်းလမ်း ဖြစ်ပါသည်။ ကိန်းဂဏန်း အချက်အလက်များကို အကျဉ်းချုံး ဖော်ပြရန်နှင့် ပြောင်းလဲမှု အသွင်သဏ္ဌာန်များ (patterns) လေ့လာနိုင်ရန် အတွက် မျဉ်းတန်း ကွက်ကားချပ် (bar chart)၊ စက်ဝိုင်းကားချပ် (pie chart) အစရှိသည်တို့ကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် မိမိ စောင့်ကြည့် လေ့လာလို့ တွေ့ရှိတာ (observation)နှင့် ကောက်ချက်ချတာ (inference)တို့ကိုလည်း ခွဲခြား သိမြင်တတ်ရ ပါသေးသည်။ ယင်းသို့ ခွဲခြား သိမြင်ခြင်းကလည်း အလွန်ပဲ အရေးကြီးပါသည်။ ဥပမာ- အလုပ်သမား ဝန်ထမ်းတစ်ဦး စားပွဲကို လက်သီးဖြင့် တဗုန်းဗုန်း ထုနေသည်ကို မိမိ တွေ့မြင်လိုက်ရသည်ဟု ဆိုကြပါစို့။ ယင်းမှာ မိမိ၏ တွေ့မြင်ချက် (observation)ဖြစ်သည်။ အကယ်၍ မိမိက “အဲဒီလူဟာ အလွန်အမင်း အမျက်ဒေါသ ထွက်နေပြီး ဆောက်တည်ရာမရ ဖြစ်နေတယ်” လို့ ဆိုလိုက်ပါက၊ ယင်းမှာ မိမိ၏ ကောက်ချက် (inference) ဖြစ်သွားပါသည်။ အလုပ်သမားရဲ့ စိတ်ခံစားနေရမှု အခြေအနေ (emotional state)ကို မိမိ၏ တွေ့မြင်ချက်အပေါ် အခြေခံပြီး မှန်းဆလိုက်ခြင်း ဖြစ်သည်။ မိမိသည် ကောက်ချက်ချရာတွင် အမှန်တကယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

သို့သော် ရာနှုန်းပြည့် တိကျအောင် မှန်းဆနိုင်သူ တစ်ဦး မဟုတ်ပါက မိမိရဲ့ ကောက်ချက် တစ်နည်းဆိုရသော် မှန်းဆချက်ဟာ ဘယ်သောအခါမှာ မှန်သည်၊ သို့တည်းမဟုတ် ဘယ်သောအခါမှာ မှားသည်ဆိုတာကို သိရှိနိုင်မည် မဟုတ်ပါ။ သို့ကြောင့် လေ့လာတွေ့ရှိချက်နှင့် ကောက်ချက်တို့၏ ကွဲပြားခြားနားမှုကို သတိပြုရမှာ ဖြစ်သလို၊ မိမိ တွေ့ရှိတာကိုပဲ မှတ်တမ်းမှတ်ရာ ပြုစုထားရှိရမည် ဖြစ်သည်။ ပြုစုထားရှိသော မှတ်တမ်း မှတ်ရာများကို ဥပဒေကြောင်းအရ အသုံးပြုမည်ဆိုလျှင် တွေ့ရှိချက်နှင့် ကောက်ချက်တို့ကို ခွဲခြားထားနိုင်ဖို့ အထူးပင် အရေးကြီးပါသည်။ ဆိုကြပါစို့။ မိမိက “သူဟာ အလွန့်အလွန် ဒေါသူပုန်ထနေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်” ဟု ရေးသားထားပါက “ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ် ဆိုတာကို ခင်ဗျား ဘယ်လို သိရှိပါသလဲ” လို့ တရားသူကြီး သို့မဟုတ် ဥပဒေ အကျိုးဆောင် ရှေ့နေက မိမိအား မေးခွန်း ထုတ်လာနိုင်ပါသည်။ အကယ်၍ မိမိရဲ့ တွေ့ရှိချက်အတွက် လုံလောက်သော အထောက်အထား မတင်ပြနိုင်ဘူး ဆိုပါက မိမိရဲ့ တွေ့ရှိချက်သည် ကောက်ချက် ဖြစ်သွားပါလိမ့်မည်။ ထို့အတွက် ပြဿနာ တက်နိုင်ပါသည်။ သို့ကြောင့် အမှန်တကယ် ဖြစ်ပျက်သည်များ (facts) ကိုပဲ မှတ်တမ်းတင်ထားရမည် ဖြစ်သည်။ ဆိုရသော် “ရုံးထဲမှာ ခင်ဝါဆို အရက်တွေ မူးနေသည်” ဟူသော ရေးသားချက်သည်ပင်လျှင် ကောက်ချက် (inference) ဖြစ်သွားနိုင်ပါသည်။

တကယ့် အဖြစ်အပျက်က “သူ့စကားတွေက ဗလုံးဗထွေး ဖြစ်နေသည်။ အရက်နံ့တွေလည်း ရနေသည်။ ပြီးတော့ ဟိုစားပွဲကိုဝင်တိုး၊ သည်စားပွဲကို ဝင်တိုက်နဲ့ ဒယီးဒယိုင် ဖြစ်နေသည်” ဆိုတာမျိုး ဖြစ်နေနိုင်ပါသည်။ တချို့သော ဆေးဝါးများကို သုံးစွဲသည့်အခါ အရက်မူးသည့် လက္ခဏာမျိုး ဖြစ်ပေါ်တတ်ပါသည်။ သို့ကြောင့် ကျန်းမာရေးအတွက် ဆေးသောက်ထားသော အလုပ်သမား တစ်ဦးမှာ အရက်မူးသည့် လက္ခဏာမျိုး တွေ့ရသည်ကို အရက်မူးနေသည်ဟူသော ကောက်ချက်ဖြင့် အလုပ်မှ ထုတ်ပယ်လိုက်သည် ဆိုပါက ဥပအေကြောင်း အရရော၊ လူမှုရေး အရပါ မည်မျှ ရှုပ်ထွေးသွားနိုင်သလဲ ဆိုတာကို ပြေးကြည့်ရန်မလို၊ တွေးကြည့်ရုံမျှနှင့်ပင် သိမြင်နိုင်ပါသည်။ မိမိကောက်ယူမည့် စာရင်းအင်း အချက်အလက် ပမာဏကို လျော့နည်းသွားစေလိုပါက နမူနာစာရင်း ကောက်ယူနည်း (sampling method) ကို အသုံးပြုနိုင်ပါသည်။ တယ်လီဖုန်း အဝင်ခေါ်ဆိုမှု(incoming call) ကို လက်ခံသည့်အခါမြန်မြန်ဆန်ဆန်လက်ခံသလား၊ သို့တည်းမဟုတ် တုံ့နှေးတုံ့နှေး လက်ခံသလားဆိုတဲ့ response time ကို တိုင်းတာနိုင်ဖို့ အတွက် တယ်လီဖုန်းအဝင် ခေါ်ဆိုလာသည့် အခါတိုင်း တယ်လီဖုန်းအသံ ဘယ်နှကြိမ် မြည်သလဲ ဆိုတာကို ရေတွက်ဖို့ လိုအပ်ပါသလား။ မလိုအပ်ပါ။ ကိုယ်စားပြုနမူနာ (representative sample) ကို စာရင်းကောက်ယူလို့ ရပါသည်။

ဥပမာအားဖြင့် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုများ၏ ၅ ရာခိုင်နှုန်းကိုပဲ စောင့်ကြည့် လေ့လာခြင်းအားဖြင့် response time ကို ခန့်မှန်း တွက်ချက်တာမျိုး ဖြစ်သည်။ အရေးကြီးသည်မှာ ယင်းသို့သော  စောင့်ကြည့် လေ့လာမှုသည် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုများကို ကိုယ်စားပြု (representative) ဖြစ်ဖို့ လိုအပ်ပါသည်။ ဧည့်ကြိုဝန်ထမ်း receptionist ဟာ သူ့အတွက် သတ်မှတ်ထားသော စံချိန်စံနှုန်းများ (standards) နှင့်အညီ ပြည့်မီအောင် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ ဆိုတာကို အကဲဖြတ် သုံးသပ်ပြီး၊ တုံ့ပြန်မှု အချိန် (response time) လျှော့ချနိုင်မည့် နည်းလမ်းကို ရှာဖွေလိုသည်ဟု ဆိုကြပါစို့။ သို့ဆိုလျှင် ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် သတင်း အချက်အလက်များ လိုအပ်မည် ဖြစ်သည်။ ထို့အတွက် တယ်လီဖုန်း ဝင်လာသည့်အခါ တယ်လီဖုန်းကို ကောက်ကိုင်ပြီး တုံ့ပြန်ဖြေဆိုခြင်း မပြုမီ “ကလင်ကလင်” အသံဘယ်နှကြိမ် မြည်သလဲ ဆိုတာကို ရေတွက်သွားရန် သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်လျှင် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာတယ်လီဖုန်းအဝင်ခေါ်ဆိုမှုတစ်ကြိမ်ကိုနမူနာ  sample အဖြစ်စောင့်ကြည့်ပြီးတယ်လီဖုန်းမြည်သံကိုရေတွက်မည်ဆိုပါက လုံလောက်ပါမည်လား။ လုံလောက်မည် မဟုတ်ပါ။

သို့ဆိုလျှင် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ ပထမဆုံး ဝင်လာသည့် တယ်လီဖုန်း ခေါ်ဆိုမှုအကြိမ် ၃ဝ ကိုစောင့်ကြည့်ပြီး တယ်လီဖုန်းမြည်သံကိုရေတွက်သွားရမလား။ ထိုလုပ်နည်းလုပ်ဟန်ကလည်း မကောင်းသေးပါ။ အဘယ်ကြောင့်ဆိုသော် တယ်လီဖုန်းအဝင် ခေါ်ဆိုမှုတွေက မနက်စောစောပိုင်းမှာ ခပ်စိပ်စိပ် အဝင်များတတ်သောကြောင့် ဖြစ်ပါသည်။သို့ကြောင့် ပထမဆုံး ဝင်လာသည့် တယ်လီဖုန်း ခေါ်ဆိုမှု အကြိမ် ၃ဝ ရဲ့ တုံ့ပြန်ချိန်တွေက အဝင်ခေါ်ဆိုမှု အားလုံးကို ခြုံငုံ ကိုယ်စားပြုနိုင်လိမ့်မည်ဟု မဆိုနိုင်ပေ။ သို့ကြောင့် လစဉ်လတိုင်း တစ်လမှာတစ်ပတ်၊ တစ်ပတ်အတွင်းမှာ နေ့စဉ် ၁၀ ကြိမ်မြောက် အဝင် ခေါ်ဆိုမှုတိုင်းရဲ့ တယ်လီဖုန်း မြည်သံကို ရေတွက်သွားရန် လျာထားလိုက်ပါသည်။ ယင်းသို့သော ရေတွက်မှုသည် ကိုယ်စားပြုနမူနာ ဖြစ်နိုင်ကောင်းပါသည်။ တစ်ဖန် တယ်လီဖုန်း အဝင် ခေါ်ဆိုမှုသည် လုပ်ငန်း၏ သဘောသဘာဝအရ ရာသီအလိုက် အတက်အကျ ရှိသည်ဆိုပါက ထိုသို့သော အတက်အကျကို ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်သည်။ သို့မှသာ စာရင်းအင်း အချက်အလက် ကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်ပါလိမ့်မည်။

မန်နေဂျာ Checklist

အချက်အလက် ကောက်ယူစုစည်းခြင်း (data gathering)၊ စောင့်ကြည့်လေ့လာခြင်း (observing) နှင့် မှတ်တမ်းထားရှိခြင်း (documenting) တို့က လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုနှင့် တိုးတက် မြှင့်တင်နိုင်မှုတို့ကို ခံစားချက် (feelings) အပေါ်မှာ အခြေမခံဘဲ တကယ့် အဖြစ်အပျက်များ (facts)အပေါ် အခြေခံကာ စီမံ ဆောင်ရွက်သွားစေပါသည်။  မှတ်တမ်းမှတ်ရာများက အရေးကြီးသော သတင်း အချက်အလက်များကို မပျောက်မပျက် ထိန်းသိမ်းသွားပါသည်။ မှတ်တမ်းမှတ်ရာများသည် ဥပဒေကြောင်း အရလည်း အရေးကြီးပါသည်။ မှတ်တမ်းမှတ်ရာ အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲနှင့် ဝန်ထမ်း အလုပ်သမားများအား စည်းကမ်းပိုင်းအရ အရေးယူအပြစ် ပေးတာမျိုးသည် အလွန်ပင် အန္တရာယ် ကြီးပါသည်။

အချက်အလက်များ ကောက်ယူ စုစည်းရာတွင် ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုမလဲ ဆိုတာနှင့် ဘာတွေကို ကောက်ယူမလဲ ဆိုသည်တို့မှာ မိမိရဲ့ ခံယူချက်နှင့် ထားရှိသည့် ရည်ရွယ်ချက်တို့အပေါ် မူတည်နေပါသည်။ ဘာ့ကြောင့် စုစည်း ကောက်ယူရသလဲ ဆိုတာနှင့် ဘယ်လိုမျိုး အသုံးပြုဖို့ ကောက်ယူရသလဲ ဆိုသည်တို့ကို မသိရှိဘဲနှင့် သတင်း အချက်အလက်များကို ကောက်ယူနေခြင်းသည် ဘယ်လို အချက်အလက်မျိုးကိုမှ မကောက်ယူဘဲ နေခြင်းထက် ပိုမို ဆိုးဝါးပါသည်။ မန်နေဂျာတစ်ဦး အနေဖြင့် သတင်း အချက်အလက်များ အားလုံးအတွက် တာဝန်ယူဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ယင်းသို့ တာဝန်ယူဖို့ ကြိုးစားမည်ဆိုလျှင်လည်း မိုက်မဲမှုသာ ဖြစ်ပေလိမ့်မည်။ အလုပ်သမား ဝန်ထမ်းတိုင်းက အချက်အလက်များကို ကောက်ယူနိုင်ကြပါသည်။ ထို့အတူ စောင့်ကြည့် လေ့လာ နေနိုင်ကြပါသည်။ သို့ကြောင့် အလုပ်သမား ဝန်ထမ်းတိုင်းသည် ပြဿနာ အဖြေရှာရာမှာ လက်တွဲ ပါဝင်နိုင်စွမ်း ရှိကြသလို လုပ်ငန်းကို စဉ်ဆက်မပြတ် တိုးတက် ဖြစ်ထွန်းအောင် ဆောင်ကြဉ်းရာမှာလည်း ပါဝင် ဆောင်ရွက်နိုင်စွမ်း ရှိကြပါသည်။

Ref: “Data Gathering, Observing, and Documenting” by Robert Bacal

လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း (၁)

လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း (၁)



အကယ်၍သာ လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးပြုနိုင်သည့် ခြောက်ပြစ်ကင်း သဲလဲစင်သော နည်းလမ်း တစ်ခုသာ ရှိခဲ့မည် ဆိုပါက စီမံခန့်ခွဲသူများ အတွက်  များစွာ လွယ်ကူသွားမည် ဖြစ်ပါသည်။ သို့သော် ခြောက်ပြစ်ကင်း သဲလဲစင်သော နည်းလမ်းဟူ၍ မရှိသေးပါ။ ခြောက်ပြစ်ကင်း သဲလဲစင်သော လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်နည်း ပေါ်ထွက်လာအောင် ကြိုးပမ်းမှုတွေ ရှိလင့်ကစား ယနေ့အထိတော့ ပေါ်ထွက်လာခြင်း မရှိသေးပါ။ ဆိုရသော် လုပ်ရည်ကိုင်ရည် ဆန်းစစ် အကဲဖြတ်ရာတွင် အသုံးပြုသည့် ပိုမို ဆန်းသစ်သော၊ ပိုမို ရှုပ်ထွေးသော နည်းလမ်းများသည် အခြေခံ ကျသော နည်းလမ်းများလောက် အသုံးတည့်ပုံ မရသေးပါ။ မည်သို့ဆိုစေ နည်းလမ်း တစ်ခုချင်းမှာ အားသာချက်များနှင့် အားနည်းချက်များဟူ၍ ရှိသောကြောင့် မိမိ အသုံးပြုမည့် နည်းလမ်း၏ ကန့်သတ်ချက်များကို သိရှိ နားလည်ထားရန်မှာ အထူးပင် အရေးကြီးပါသည်။ ထို့အပြင် နည်းလမ်း အသီးသီးမှ အားသာချက်များကို အတတ်နိုင်ဆုံး ပေါင်းစပ်ကာ အသုံးပြုသွားရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ ဤစာစုတွင် လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ရာမှာ အများဆုံး အသုံးပြုနေသော နည်းလမ်း ၃ သွယ်ကို တင်ပြသွားမည် ဖြစ်ပါသည်။ ယင်းသို့ တင်ပြရာ၌ နည်းလမ်း တစ်ခုချင်း၏ ကောင်းကွက်များကို သုံးသပ်ပြီး ထိရောက်မှုရှိအောင် ဘယ်လို အသုံးပြုရမလဲ ဆိုသည့် အကြံပြုချက်များကိုပါ ရေးသား ဖော်ပြသွားရန် ရှိပါသည်။

အကယ်၍ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုစနစ် (performance management system) တစ်ခုကို စတင် ထူထောင်ဖို့ လိုအပ်သည် ဆိုပါကလည်း မိမိရဲ့ လုပ်ငန်းခွင် သဘောသဘာဝနှင့် ကိုက်ညီအောင် မည်သည့် နည်းလမ်းကို အသုံးပြုသင့်သလဲ၊ သို့တည်းမဟုတ် မည်သည့် နည်းလမ်းတွေကို ပေါင်းစပ် အသုံးပြုရမလဲ ဆိုတာကို ရွေးချယ် ဆုံးဖြတ်ရာမှာပါ ဤစာစုက အထောက်အကူ ပြုသွားနိုင် ပါလိမ့်မည်။ ဆိုရသော် နည်းလမ်း တစ်ခုကို ရွေးချယ် အသုံးပြုသည့်အခါ ပိုမိုထိရောက်မှု ရှိစေနိုင်ရန် အတွက် တခြားနည်းလမ်း တစ်ခုရဲ့ ကောင်းကွက်တွေနှင့် ပေါင်းစပ်ပြီး အသုံးပြုကောင်း အသုံးပြုသွားရပါလိမ့်မည်။ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ရာတွင် အသုံးပြုနိုင်သည့် နည်းလမ်း ၃ သွယ် ဖြစ်သော အဆင့်ခွဲခြား အကဲဖြတ်နည်း (rating system)၊ နှိုင်းယှဉ် အကဲဖြတ်နည်း (ranking system) နှင့် ရည်မှန်းချက် အခြေပြု အကဲဖြတ်နည်း (objective-based system) တို့ကို ရေးသားတင်ပြခြင်း မပြုမီ “လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု (performance appraisal)” ဆိုသည့် အသုံးအနှုန်း၏ အဓိပ္ပာယ်ကို အရင်ဦးစွာ ဖွင့်ဆိုတင်ပြ လိုပါသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု ဆိုသည်မှာ အလုပ်သမား ဝန်ထမ်းတစ်ဦး၏ လုပ်ငန်း စွမ်းဆောင်နိုင်မှုကို အကဲဖြတ် ဆန်းစစ်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။ “သတ်မှတ်ထားသည့် အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်းမှာ အလုပ်သမား ဝန်ထမ်း တစ်ဦးဟာ သူ့ရဲ့ အလုပ်ကို ဘယ်အတိုင်းအတာအထိ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲ” ဆိုသည့် အခြေခံ မေးခွန်းရဲ့ အဖြေကို စူးစမ်းရှာဖွေသည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု (performance appraisal) သည် လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှု (performance management) မဟုတ်ပါ။ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှု၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုတွင် လုပ်ရည်ကိုင်ရည် အကဲဖြတ်မှုအပြင်
-လုပ်ရည်ကိုင်ရည် စီမံကိန်း ရေးဆွဲခြင်း (performance planning)
-ပြဿနာများ၏ အရင်းခံ အကြောင်းတရားတို့ကို ဆန်းစစ်ရှာဖွေ ဖော်ထုတ်ခြင်း (diagnosing problems)
-လုပ်ရည်ကိုင်ရည် အတားအဆီးများကို ပိုင်းခြားဖော်ထုတ်ခြင်း (identifying barriers to performance) နှင့်
-အလုပ်သမား ဝန်ထမ်းများ၏ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်ဆောင်ပေးခြင်း (working to develop staff) တို့လည်း ပါဝင်ပါသေးသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှုနှင့် လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲမှုတို့ကို ခွဲခြားသိရှိထားဖို့ ဘာ့ကြောင့် အရေးကြီးပါသလဲ။ အကြောင်းကတော့ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု တစ်ခုတည်းဖြင့် အခက်အခဲတွေ၊ ပြဿနာတွေကို တားဆီးနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည် အကဲဖြတ်မှု အတွက် အလုပ်သမား ဝန်ထမ်းများနှင့် တစ်နှစ်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် သိသာထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်ရှိသော် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလိုပဲ စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါသည်။

တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ရည်ကိုင်ရည် အကဲဖြတ်မှု၏ ဝိဝါဒ
လူအများစုသည် တစ်ကိုယ်တော် အစွမ်းအစကို အလေးပေးသော ထုံးတမ်း အစဉ်အလာ individualistic culture အဝန်းအဝိုင်းမှာ ရှင်သန်နေကြပါသည်။ ကြီးကြီးမားမား အောင်မြင်မှုကို ဖော်ဆောင်နိုင်သူများအား လူအများက တန်ဖိုး ထားတတ်ကြပါသည်။ လေးစားတတ်ကြပါသည်။ အားကျတတ်ကြပါသည်။ ချီးမြှင့်မြှောက်စား တတ်ကြပါသည်။ လူတစ်ယောက် အောင်မြင်သောအခါ “သူတော်” လို့ဆိုပြီး ချီးကျူး ဂုဏ်ပြုလေ့ ရှိကြသည်။ ရှုံးနိမ့်ကျဆင်းသော အခါကျတော့လည်း “သူအသုံးမကျ” လို့ဆိုပြီး အပြစ် မြင်တတ်ကြပါသည်။ တစ်ကိုယ်တော် အစွမ်းအစ အသားပေး အစဉ်အလာထုံးစံ individualistic culture အရ အောင်မြင်မှု သို့တည်းမဟုတ် ရှုံးနိမ့်မှုသည် တစ်ဦးချင်း တစ်ယောက်ချင်း၏ ပယောဂကြောင့် ဖြစ်သည်ဟု ပုံချထားတတ်ကြပါသည်။ ဤသို့ ပုံချခြင်းက အကောင်းကို ဦးတည်ပါသလား သို့တည်းမဟုတ် အဆိုးကို ဦးတည်ပါသလား။ ဤမေးခွန်းကိုတော့ အတွေးအခေါ် ပညာရှင်များ အတွက်ပဲ ချန်ထားလိုက်ပါတော့မည်။ ကျွန်တော်တို့အတွက် စဉ်းစားစရာကတော့ လူတစ်ဦးရဲ့ အလုပ်ဆောင်ရွက် ပြီးစီးမှု (job performance) ကို သူတစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုနှင့် ကျွမ်းကျင်မှုတို့ကပဲ အဆုံးအဖြတ် ပေးပါသလားဆိုသည့် အချက်ပင် ဖြစ်သည်။ အကယ်၍ အဆုံးအဖြတ် ပေးသည်ဟု ဆိုပါက သူတစ်ဦးတည်းရဲ့ လုပ်ရည်ကိုင်ရည်ကို ဆန်းစစ် အကဲဖြတ်ပြီး ဆုချီးမြှင့်တာ၊ သို့တည်းမဟုတ် အပြစ်ပေး အရေးယူတာကို ဒွိဟ ဖြစ်နေစရာ မလိုဘဲ စိတ်ချလက်ချ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ မည်သို့ဖြစ်စေ အလုပ်ဆောင်ရွက် ပြီးစီးမှုကို အလုပ်သမားဝန်ထမ်း တစ်ဦးတည်းရဲ့ ပယောဂအပြင် တခြားသော အကြောင်းအချက်တွေ (တခြားလူတွေ၊ အရင်းအမြစ်တွေ၊ စနစ်တွေ) ကလည်း အဆုံးအဖြတ် ပေးသေးသည်ဟု ဆိုပါက တိုးတက် ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းအတွက် အဆိုပါ အကြောင်းအချက်တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါလိမ့်မည်။ သို့ဆိုလျှင် မည်သည့် အကြောင်းအချက်တွေကို ထည့်သွင်း စဉ်းစားရမည်နည်း။ ယင်းမေးခွန်း၏ အဖြေကို စီမံခန့်ခွဲမှု သီအိုရီအရ ဆွေးနွေး သုံးသပ်ခြင်းဖြင့် ရှာဖွေသွားနိုင်ပါသည်။ သို့သော် သီအိုရီအစား ကျွန်တော်တို့ရဲ့ အတွေ့အကြုံနှင့် ဆင်ခြင်တုံ တရားတွေကို အသုံးပြုပြီး အောက်ပါနမူနာ ဖြစ်ရပ်တွေကို လေ့လာ သုံးသပ်ခြင်းဖြင့် အဖြေ ရှာကြည့်ကြပါစို့လား။

-နိုင်ငံကျော် အဆိုတော် တစ်ဦးသည် သီတင်းကျွတ် မီးထွန်းပွဲတွင် ရပ်ကွက်အပျော်တမ်း တီးဝိုင်းနှင့် တွဲဖက်ပြီး သီဆို ဖျော်ဖြေပါသည်။ အဆိုတော်က အကောင်းဆုံးဖြစ်အောင် ကြိုးကြိုးစားစား သီဆိုစေကာမူ နားထောင်လို့ မကောင်းပါ။ ထို့အတွက် အဆိုတော်ကို အပြစ်တင်ရမှာလား၊ သို့တည်းမဟုတ် သူရဲ့ ကြိုးပမ်းမှုကို ချီးကျူးရမှာလား။
-အကောင်းဆုံး ရှေ့တန်း တိုက်စစ်မှူး တစ်ဦးသည် ခပ်ညံ့ညံ့ ဘောလုံးအသင်းသို့ ပြောင်းရွှေ့သွားပါသည်။ တိုက်စစ်မှူးသည် ပွဲစဉ်တိုင်းမှာ အနည်းဆုံး တစ်ဂိုးရအောင် သွင်းပေးနိုင်ခဲ့ပါသည်။ သို့သော် သူ့ရဲ့ ဘောလုံးအသင်းသည် ၄ ပွဲ ကစားလျှင် ၃ ပွဲ ရှုံးပါသည်။ သို့အတွက် ရှေ့တန်း တိုက်စစ်မှူးကို လက်ခုပ်တီး အားပေးရမှာလား၊ သို့တည်းမဟုတ် အသင်းရဲ့ ညံ့ဖျင်းမှုကိုပဲ လက်ခံလိုက်ရမှာလား။
-လုပ်ငန်းသုံးကုန် ပြတ်လပ်မှုကြောင့် မော်တော်ယာဉ် တပ်ဆင်ရေးလိုင်း (auto assembly line) သည် ပြတ်တောင်းပြတ်တောင်း လည်ပတ် နေရပါသည်။ သို့ကြောင့်  အမှန်တကယ် ထုတ်လုပ်မှုမှာ လျာထားသည်ထက် လျော့နည်းနေပါသည်။ သို့ဆိုလျှင် အဆိုပါ တပ်ဆင်ရေး အလုပ်သမားများကို မည်သို့ ဆန်းစစ် အကဲဖြတ်ရ ပါမည်နည်း။
-လက်လီ အရောင်းဆိုင် တစ်ဆိုင်မှ မန်နေဂျာအား အရောင်းပမာဏကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ရန်နှင့် မမြှင့်တင်နိုင်ပါက အလုပ်မှ ထုတ်ပယ်မည်ဟု အသိပေးထားပါသည်။ တစ်ချိန်တည်းမှာပဲ သူရဲ့ ဝန်ထမ်းအင်အား ဘတ်ဂျက်မှာ ဖြတ်တောက် ခံထားရသဖြင့် အရောင်းဆိုင်မှာ လျော့တိလျော့ရဲ ဖြစ်နေပါသည်။ ငွေသွင်းကောင်တာမှာ ဝယ်သူတွေ အကြာကြီး တန်းစီးနေရသဖြင့် မကျေမနပ် ဖြစ်နေကြသည်။ သို့အတွက် အရောင်းမှာ ကျဆင်းလာနေပါသည်။ ထိုသို့သော အနေအထားတွင် မန်နေဂျာကို အလုပ်မှ ထုတ်ပယ်ဖို့ဆိုတာ အဓိပ္ပာယ် ရှိပါသလား။ ထိုမေးခွန်းထက် ပို၍ အရေးပါသည်မှာ မန်နေဂျာအသစ် ခန့်ထားလို့ကော အရောင်း တက်လာနိုင်ပါမည်လား။

အထက်ပါ နမူနာ ဖြစ်ရပ်တွေကို လေ့လာ သုံးသပ်ခြင်းဖြင့် ပြဿနာကို တွေ့မြင်ရပါပြီလား။ အဆိုပါ ဖြစ်ရပ်များတွင် နိုင်ငံကျော် အဆိုတော်တို့၊ အကောင်းဆုံး ရှေ့တန်း တိုက်စစ်မှူးတို့၊ မော်တော်ယာဉ် တပ်ဆင်ရေး လုပ်သားတို့၊ အရောင်း မန်နေဂျာတို့ တစ်ဦး တစ်ယောက်ချင်း အနေနှင့် ဘယ်လိုပဲ ကြိုးစားကြိုးစား လုပ်ရည်ကိုင်ရည် ပြဿနာကတော့ ရှိနေမှာပဲ ဖြစ်သည်။ အကယ်၍ တစ်ဦး တစ်ယောက်ချင်း အပေါ်မှာသာ အလေးထားနေမည် ဆိုလျှင် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ ဖြေရှင်းနိုင်ဖို့ နေနေသာသာ၊ ပြဿနာတွေရဲ့ တကယ့်အရင်းခံ အကြောင်းတရားကိုပင် ပိုင်းခြားရှာဖွေ ဖော်ထုတ်နိုင်မည် မဟုတ်ပါ။ ကျွန်းကလေး အပေါ်မှာ တစ်ယောက်တည်း ဆိုသလို အထီးတည်း နေထိုင်သူဟူ၍ မရှိပါ။ ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကျွမ်းကျင်မှု၊ ကြိုးပမ်းအားထုတ်မှု အစရှိသော ပုဂ္ဂလိက အကြောင်းခြင်းရာတွေ (individual factors) က သတ်မှတ် ပြဋ္ဌာန်းပေးတာ ရှိသလို တခြားလူတွေရဲ့ အဆုံးအဖြတ်၊ အရင်းအမြစ် ခွဲဝေရရှိမှု၊ တွေ့ကြုံနေရသော စနစ် အစရှိသော မိမိတို့ ထိန်းကွပ်လို့ မရသည့် အကြောင်းအချက်တွေ (factors beyond our direct control) က သတ်မှတ်ပြဋ္ဌာန်း ပေးတာမျိုးလည်း ရှိပါသေးသည်။ ဆိုကြပါစို့၊ အထက်တွင် ဖော်ပြခဲ့သော လက်လီ အရောင်းဆိုင် မန်နေဂျာကို အကဲဖြတ် သုံးသပ်ပါက သူရှုံးနိမ့်သည်ဟု ဆိုရပါမည်။ သူ့နေရာမှာ တခြား မန်နေဂျာ တစ်ယောက်ကို ရုံးချုပ်က အစားထိုး ခန့်ထားဦးတော့ မန်နေဂျာ အသစ်သည်လည်း ရှုံးနိမ့်မှုကိုပဲ ကြုံရမည် ဖြစ်သည်။

နောက်ထပ် မန်နေဂျာ အသစ်အသစ်တွေ မည်သို့ပင် အစားထိုး ခန့်ထားပါစေ၊ လုပ်ငန်းတိုးတက် အောင်မြင်ဖွယ်ရာ အကြောင်းရှိမည် မဟုတ်ပါ။ ထိုသို့ အစားထိုး ခန့်ထားခြင်းသည် တရားမျှတမှု မရှိရုံသာမဟုတ်၊ မိုက်မဲရာလည်း ကျပါသည်။ ထုတ်ပယ်ခံရသူများသည် အရည်အချင်း ပြည့်ဝသော မန်နေဂျာများ ဖြစ်ကောင်းဖြစ်နေ နိုင်ပါသည်။ မန်နေဂျာ အသုံးမကျသောကြောင့် အရောင်းကျဆင်း နေရသည်ဟု ကောက်ချက် ချထားလို့ကတော့ လက်လီ အရောင်းဆိုင်ရဲ့ လုပ်ငန်း ဘာ့ကြောင့် ကျဆင်းနေရတာလဲ ဆိုသည့် တကယ့်အရင်းခံ အကြောင်းတရားကို မည်သည့်အခါမှ ရှာဖွေ တွေ့ရှိလိမ့်မည် မဟုတ်ပါ။ ဆိုရသော် ဤအချက်သည် အရေးအကြီးဆုံးသော အချက် ဖြစ်ပါသည်။ အစဉ်အလာ ဓလေ့ထုံးစံနှင့် ကုမ္ပဏီများ၏ လိုအပ်ချက်များအရ အလုပ်သမားဝန်ထမ်း တစ်ဦးချင်း၏ လုပ်ကိုင်ရည်ကို သီးခြားအကဲဖြတ် နေကြရပါသည်။ အကယ်၍ လုပ်ရည်ကိုင်ရည်ကို အဆုံးအဖြတ်ပေးသည့် တခြားသော အကြောင်းအချက်များကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အလုပ်သမားဝန်ထမ်း တစ်ဦး တစ်ယောက်ချင်းအလိုက် လုပ်ရည်ကိုင်ရည်ကိုပဲ ဇောင်းပေးပြီး focus လုပ် အကဲဖြတ်နေမည် ဆိုလျှင် ယင်းအကဲဖြတ် သုံးသပ်မှုသည် အဓိပ္ပာယ်မရှိ ဖြစ်နေပါလိမ့်မည်။ ဆိုလိုသည်မှာ ပြဿနာရဲ့ တကယ့် အရင်းခံ အကြောင်းတရားကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်သောကြောင့် လုပ်ရည်ကိုင်ရည် တိုးတက်ကောင်းမွန်အောင် ပြုပြင် မွမ်းမံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့အပြင် အလုပ်သမား ဝန်ထမ်းများအား သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိသည့် အကြောင်းအချက်များ အပေါ် အခြေခံပြီး ဒဏ်ပေးတာမျိုးတွေ၊ မှားယွင်းသော အကြောင်းအချက်များ အပေါ် မူတည်ပြီး ဆုပေးတာမျိုးတွေကိုလည်း လုပ်မိတတ်ပါသေးသည်။ ယင်းသည်ပင်လျှင် တစ်ဦး တစ်ယောက်ချင်းရဲ့ လုပ်ရည်ကိုင်ရည်ကို သီးခြား အကဲဖြတ်သည့်အခါ တွေ့ရတတ်သော ဝိဝါဒ ကွဲနိုင်စရာ အချက် ဖြစ်ပါသည်။


မောင်ရေအေး (ဟားဗတ်တက္ကသိုလ်)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons