ကျွမ်းကျင်ဝန်ထမ်း ဖြစ်လာဖို့

ဟိုးအရင် နှစ်ဆယ့်ငါးနှစ်လောက်က အစိုးရဌာန တစ်ခုမှာ အလုပ်ဝင်လုပ် ခဲ့ဖူးတယ်။ ခုနှစ်အားဖြင့် ဆိုရရင် ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီအချိန် ကာလက ကျွန်တော်ဟာ ဘွဲ့ရပြီး အသက် နှစ်ဆယ့်သုံးနှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ ဘွဲ့ရပြီးပြီဆိုတော့ အလုပ်လုပ်ရမယ်ပေါ့။ အဲဒီ အချိန်တုန်းက ဘာဈေးကွက် စီးပွားရေးမှ မရှိသေးသလို ဘယ်ကုမ္ပဏီမှလည်း ပေါ်မလာ ခဲ့သေးပါဘူး။ ဒီတော့ ဌာနဆိုင်ရာ တွေမှာပဲ တစ်ခုပြီး တစ်ခု လေဘာထပ်ပြီး အလုပ်လျှောက် ရပါတယ်။
အဲဒီလိုနဲ့ ကော်ပိုရေးရှင်း တစ်ခုမှာ အလုပ်ရခဲ့တယ်။ လစာက ရှားပါးစရိတ် မပါ တစ်ရာ့ငါးဆယ် ကျပ်ကစပြီး ရတယ်။ အဲဒီ တစ်ရာ့ငါးဆယ် ကျပ်နဲ့ စတဲ့လစာက ကျွမ်းကျင်လစာလို့ ဆိုကြတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ဦးကတော့ ဌာနတစ်ခုမှာ ကွန်ပျူတာ ကတ်ပြားဖောက် စာရေးဆိုပြီး အလုပ်ရတယ်။ သူ့ရဲ့ လစာက တစ်ရာ့သုံးဆယ် ကျပ်ကစတယ်။ အဲဒီလစာက ကျွမ်းကျင်လစာ မဟုတ်ဘူးတဲ့။ သူ့ရဲ့ အစ်မက နောက်ပြီးတော့ သူ့မောင်ကို ပြောပါတယ်။ “နင်က မကျွမ်းကျင်တော့ တစ်ရာ့သုံးဆယ် ကျပ်ကနေ စပြီးတော့ လခ ရတာပေါ့၊ နင့်သူငယ်ချင်းက ကျွမ်းကျင်တော့ တစ်ရာ့ငါးဆယ် ကျပ်ကနေ စပြီး လခရတာပေါ့” တဲ့။
အဲ့ဒီ အချိန်တုန်းက ကျွမ်းကျင်စကေး လစာကို မရဘဲ ရှားပါးတဲ့ ကွန်ပျူတာနဲ့ ထိတွေ့ခွင့်ရတဲ့ ကျွန်တော့် သူငယ်ချင်းဟာ အခုတော့ ကျွမ်းကျင်တဲ့ Computer Programmer တစ်ဦး ဖြစ်နေပါပြီ။ ဌာနဆိုင်ရာ တွေမှာလည်း ကျွမ်းကျင်လစာ စကေးနဲ့ ရိုးရိုးလစာ စကေးတို့ ခွဲခြား သတ်မှတ်ခြင်း မရှိတော့ဘူးလို့ ယူဆမိပါတယ်။
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ အာဆီယံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသ AFTA ကို အကောင်အထည် ဖော်ဆောင်တော့မယ် ဆိုတာကို သတင်းတွေမှာ ဖတ်ရ၊ ကြားသိရတယ်။ အဲဒီအချိန်မှာ လိုအပ်တဲ့ စိန်ခေါ်မှုတွေကို ယခု အချိန်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ သင့်တယ်လို့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက တညီတညွတ်တည်း သုံးသပ်ပြောဆို ကြတဲ့ အသံတွေကို ကြားသိရပါတယ်။
Trade ဆိုတဲ့ ကုန်သွယ်ရေးမှာ Goods ဆိုတဲ့ ကုန်ပစ္စည်း၊ Services ဆိုတဲ့ ဝန်ဆောင်မှု၊ Investment ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု၊ Capital ဆိုတဲ့ အရင်းအနှီးနဲ့ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သားတွေ ပါဝင်တယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ Skilled Labour ဆိုတဲ့ ကျွမ်းကျင်လုပ်သား တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ အရာရောက်ပါတယ်။ တစ်ချိန်တုန်းကတော့ ကျွမ်းကျင်တဲ့ လူသားရင်းမြစ်ရဲ့ အခန်းကဏ္ဍကို သိပ်ပြီး အလေးမထား ခဲ့ပါဘူး။ အခု အချိန်မှာတော့ လူသားရင်းမြစ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုကို အလေးထား စဉ်းစား ခဲ့ကြပါပြီ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့မြင်ကြရ ပါတယ်။
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကလည်း ဝန်ထမ်းအရည်အသွေး မြှင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပို့ချပေးနေတာကို တွေ့ရတယ်။ လက်ရှိအချိန် လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေ လိုအပ် နေသေးတယ်လို့ ဆိုကြပါတယ်။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒီပလိုမာတွေ၊ အောင်လက်မှတ်တွေ ရရှိလိုက်တာနဲ့ ကျွမ်းကျင်ဝန်ထမ်း ဖြစ်မလာနိုင်ပါဘူး။ လုပ်ငန်းခွင် အတွေ့အကြုံလည်း အထိုက်အလျောက်တော့ လိုအပ်ပါသေးတယ်။ အလုပ်ခန့်အပ်မယ့် သူတွေကလည်း လုပ်ငန်းခွင် အတွေ့အကြုံ မရှိရင် အလုပ်မခန့်ချင် ကြပါဘူး။ အလုပ်အကိုင် ရှာဖွေနေကြတဲ့ လူငယ်တချို့ အနေနဲ့လည်း အလုပ်လုပ်ချင်ပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးတဲ့ အတွက် အလုပ်အကိုင် ရှာဖွေတဲ့ နေရာမှာ အခက်အခဲ ရှိနေတာကို တွေ့ရပြန်တယ်။
အလုပ်အပေါ် တန်ဖိုးထားတတ်တဲ့ စိတ်ရှိမှ ကြိုးစား လုပ်ကိုင်ချင်စိတ် ရှိမှ ကျွမ်းကျင်မှု ရှိလာမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိမှပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိလာနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွင်မှု ရှိမှပဲ လုပ်ငန်းနဲ့ ပတ်သက်ရင် အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှု ရှိတယ်ဆိုတာက ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး သေသေချာချာ နားလည် သဘောပေါက် နေတာလို့ ယူဆမိပါတယ်။ အဲဒီလို သေသေချာချာ နားလည် သဘောပေါက် နေမှပဲ သပ်သပ်ရပ်ရပ်နဲ့ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်မှာဖြစ်တယ်။ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက် နေသူတွေ ရှိမှပဲ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ပြီး လုပ်ငန်း အနေအထား တိုးတက်မြင့်မား လာမှာဖြစ်ပါတယ်။
ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေ ကနေ ထွက်လာခဲ့တဲ့ လူတိုင်းကို ပြီးပြည့်စုံ လုံလောက်ပြီလို့ ယူဆလို့ မရပါဘူး။ ဆိုလိုတာက ဘွဲ့တွေ ဒီဂရီတွေ ရခဲ့ပေမဲ့လည်း လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျ ဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။ ပညာခေတ်လို့ ခေါ်ဝေါ်သမုတ် နေကြတဲ့ ဒီနေ့ ဒီအချိန်မှာ ဆိုရင် ပိုပြီးတော့တောင် လေ့လာသင်ယူ စရာတွေ ရှိနေပါသေးတယ်။ သီအိုရီချည်းပဲ ကျွမ်းကျင်တဲ့သူကို ကျွမ်းကျင်လုပ်သား အဖြစ် မသတ်မှတ် နိုင်သလို လက်တွေ့ သက်သက်ပဲ သိရှိနေသူ ကိုလည်း ကျွမ်းကျင်သူ အလုပ်သမား အဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ အချက်တွေ ရှိနေသေးတယ်လို့ ယူဆမိပါတယ်။ ကျွမ်းကျင် အလုပ်သမား ဖြစ်လာဖို့ ဆိုရင် လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်း အပိုင်းကို ပြုလုပ်သင့်ပါတယ်။ လုပ်ငန်းခွင်ကို ဝင်ရောက်လာခဲ့ပြီး လိုအပ်ချက် ရှိနေသေးတဲ့ ဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီး လေ့ကျင့်ခြင်းနဲ့ ပညာပေးခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ဝန်ထမ်းတိုင်း အတွက် ပြုလုပ်သင့်တယ်လို့ ယူဆမိပါတယ်။
စက်မှုဘက်ဆိုင်ရာ ဝန်ထမ်း၊ ရုံးလုပ်ငန်း ဆိုင်ရာဝန်ထမ်း စသဖြင့် အကြမ်းအားဖြင့် ဝန်ထမ်းတွေကို ခွဲခြားသတ်မှတ် နိုင်သလို မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်မှု ရှိအောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စက်မှုဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ ကျောင်းကနေ ထွက်လာပြီး ဘွဲ့ဒီဂရီ ရလာရုံနဲ့ ကျွမ်းကျင်နေတယ် ဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ အတွေ့အကြုံ အရတော့ ကျွန်တော်တို့ ဆီမှာ လုပ်ငန်းခွင် ရောက်မှ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ စက်မှုလုပ်သားတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီဝန်ထမ်းတွေရဲ့ သက်ဆိုင်ရာ အလုပ်တွေကို ကျွမ်းကျင်လာအောင် လုပ်ငန်းခွင်ထဲ ရောက်ရှိပြီးသား ဝန်ထမ်းတွေနဲ့ အတူ ညီတူညီမျှ လုပ်ကိုင်ဆောင်ရွက် နိုင်အောင် ကြိုးပမ်းအားထုတ် မယ်ဆိုရင်တော့ သင်ကြားပြသ ပေးရမှာပါပဲ။
သင်ကြားပြသ ပေးမှုနဲ့ ပတ်သက်ရင် ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူ အပေါ်မှာ မူတည်နေပါတယ်။ အနီးကပ်ဆုံး ဝန်ထမ်းအသစ်ရဲ့ အထက်က တာဝန်ရှိသူက သင်ကြားပြသမှု ပြုသင့်ပါတယ်။ လုပ်ငန်း အနေအထား အရ တာဝန်ရှိသူ အထက်ပုဂ္ဂိုလ်က သင်ကြားပြသ ပေးဖို့ မအားမလပ် ဖြစ်နေရင် လုပ်ငန်းခွင်ထဲမှာ ရှိပြီးသား ကျွမ်းကျင်ဝန်ထမ်းကို သင်ကြားပြသဖို့ တာဝန် ပေးသင့်ပါတယ်။ အဲ့ဒါမှ ဝန်ထမ်း အသစ်အနေနဲ့ ဘာကို လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်မှုကနေ ကင်းဝေးမှာပါပဲ။
သင်ကြားပြသမှုမှာ ရည်ရွယ်ချက် လေးခု ရှိပါတယ်။ အဲဒါတွေကတော့
  1. ကိုယ့်အတွက် အသိဉာဏ် ဗဟုသုတတွေကို တိုးပွားလာစေပြီး ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းအတွက် အတတ်ပညာ လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်တယ်။
  2. လုပ်ငန်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အတတ်ပညာ ဆိုင်ရာ ပြဿနာနဲ့ အခြားသော နှီးနွှယ်ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာရပ်တွေကို ဖြေရှင်းတဲ့ နေရာမှာ အကျုံးဝင်စေဖို့ အတွက် ဖြစ်ပါတယ်။
  3. သင်ယူသူအတွက် တိုးတက်မှု ဖြစ်စေပြီး နားလည်မှု ကျယ်ပြန့်လာစေကာ လုပ်ငန်းခွင် အပါအဝင် လူမှု အဖွဲ့အစည်း အတွက် အကျိုးရှိစေကာ နေထိုင်မှု ဘဝမှာ အဆင်ပြေစေဖို့ အတွက် ဖြစ်တယ်။
  4. သင်ယူသူ အနေနဲ့ လက်ရှိ လုပ်ကိုင်နေရတဲ့ ရာထူးအတွက်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မဟုတ်ဘဲ ရှေ့ဆက်ရမယ့် ရာထူးနေရာ၊ ပိုမိုလာမယ့် တာဝန်ဝတ္တရား လုပ်ငန်းဆောင်တာ တွေအတွက် လုပ်ကိုင်နိုင်အောင်၊ အဆင့်မြင့်တဲ့ လုပ်ငန်းဆိုင်ရာ အသိပညာ ဗဟုသုတ တွေကို ဆက်လက် ရှာမှီးနိုင်အောင် အသင့်ပြင်ဆင် ထားခြင်းပဲ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကို ရောက်ရှိလာမယ့် ဝန်ထမ်း အသစ်အတွက် သူလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရား လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် လုပ်ငန်း အတွေ့အကြုံ ရှိခဲ့သူ၊ အထူးတလည် ကျွမ်းကျင်ရင်းနှီး ပြီးသားလူ ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုရင် သူ့ကို ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်းအတွက် တာဝန် ပေါ့သွားပါလိမ့်မယ်။ ဘာတာဝန်လဲ ဆိုရင် လေ့ကျင့် သင်ကြားခြင်းနဲ့ ပညာပေးခြင်း တာဝန်ပါ။ အဲဒီလို ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ ခန့်အပ်လိုက်တဲ့ လုပ်ငန်း အဖွဲ့အစည်း အနေနဲ့ ဝန်ထမ်းအသစ်ကို လေ့ကျင့် သင်ကြားခြင်း ပြုလုပ် ရမှာပါပဲ။ အချုပ်ဆိုရရင်တော့ သင်ယူသူ ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ရယူဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ အဲဒီလုပ်ငန်း အဖွဲ့အစည်းကနေ ကင်းကွာသွားမှာပဲ ဖြစ်ပါတယ်။
အညွှန်း - THE NATURE OF MANAGEMENT
             By H.R.LIGHT
 Ref : http://news.yatanarpon.com.mm/business/article-4512

မတ်မတ်မြန်မြန် မှန်မှန်မြဲမြဲ

ဟိုတစ်လောက ကိုအောင်မောင်းနဲ့ ကျွန်တော် သွားရင်းလာရင်း လမ်းမှာ ဆုံကြပါတယ်။  အဲတော့ ဆုံခဲ့တဲ့ နှစ်ယောက် ဘယ်သွားရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ နှစ်ယောက်သား မရောက်တာကြာတဲ့ မန္တလေး ကန်တော်ကြီးရဲ့ (တက်သေးအင်း) အနောက်ဘက်က နေပြီး ရွှေကြက်ယက်နဲ့ စစ်ကိုင်း တံတားသစ်ဘက်ကို ဖောက်ထားတဲ့ ကန်ပတ်လမ်းဘက်ကို ရောက်ဖြစ်ခဲ့ကြပါတယ်။ အမှန်ကတော့ ဒီလမ်းက တံတားဦး လေယာဉ်ကွင်းကို သွားဖို့ ရည်ရွယ်ပြီး ဖောက်ထားတဲ့ အမြန် လမ်းမကြီးပါ။ ဒီလမ်းကလေးက အနောက်ဘက်ကို ကြည့်လိုက်ရင် စစ်ကိုင်းတောင် တစ်ကြောလုံးက ဘုရား စေတီတွေကို မြင်ကွင်းကျယ်နဲ့ မြင်နေရပြီး အနားသတ်က တောင်တန်း၊ အလယ်ကြားက မြစ်မင်းဧရာ၊ အဆုံးမှာ လယ်ကွင်းပြင် အရှေ့ဘက်ကတော့ သစ်ပင်ရိပ်တွေကြားက မြင်နေရတဲ့ စေတီ ပုထိုးတွေနဲ့ သိပ်ကို သာယာပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က လမ်းဘေးနားက လူရှင်းတဲ့ အကြော်ဆိုင်လေးမှာ ထိုင်ဖြစ်ကြပါတယ်။ ကိုအောင်မောင်းမှာ အရောင်းအဝယ်နဲ့ ဆက်စပ်ပတ်သက် နေတဲ့ ဇာတ်လမ်းလေးတွေ ရှိတတ်ပါတယ်။ ဒီဇာတ်လမ်းလေးက သူပြောပြတာ ဆိုတော့ ကိုအောင်မောင်း ပြောတာ နားထောင် နေတယ်လို့ပဲ မှတ်လိုက်ပါနော်။

တစ်ရက် ကျွန်တော်နဲ့ တိုင်ပင်စရာရှိလို့ တွေ့ရအောင်ဆိုပြီး “မောင်နိုင်” ဆိုတဲ့ ကုန်သည်လေး တစ်ယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်တော်ကလည်း နှစ်ယောက်လုံး အားတဲ့ အချိန်ညပိုင်း အိမ်ကိုလာဖို့ ခေါ်လိုက်ပါတယ်။ မောင်နိုင် ရောက်လာတော့ အိမ်မှာ မပြောချင်ဘူး ဆိုတာနဲ့ တက်သေးအင်း ကန်တော်ကြီး ဘေးက အုတ်ခုံလေးပေါ်မှာ နှစ်ယောက်သား ထိုင်ဖြစ်ပါတယ်။ မောင်နိုင်က “သူဘယ်လို ဖြေရှင်းရရင် ကောင်းမလဲ” ဆိုတဲ့ ပုစ္ဆာလေးကို ယူလာတာပါ။ တောင်ကြီးက သူ့ကုန်သည်ဆီမှာ သိန်း ရာဂဏန်းလောက် မြှုပ်နေပါသတဲ့။ ဆုံးတော့လည်း မဆုံးနိုင်ပါဘူး။ ငွေကြေး တောင့်တင်းခိုင်မာတဲ့ ကုန်သည်၊ နာမည်ကောင်းရှိတဲ့ ကုန်သည်လည်း ဖြစ်ပါသတဲ့။ ခက်တာက မောင်နိုင်က သူများဖောက်သည်ကို သူက အတင်း လုရောင်းထားတာ။
စ ရောင်းစက ငွေအကြောင်း မပြောဘဲ အကြွေးတွေ များများပေးပြီး အရ ယူထားတာ။ ခက်တာ တစ်ခုက ဝယ်ရင်သာ ကုန်သည်က တိုက်ရိုက် ဖုန်းနဲ့ အော်ဒါ တက်လိုက်တာ။ ငွေပေးရင်း မန်းလေးက သူ့ညီအိမ်မှာ ငွေလွှဲသဘောမျိုးနဲ့ သွားသွားထုတ်နေရတာ။ စ ရောင်းစကတော့ သူက တစ်ပတ်ကို သိန်း သုံးလေးဆယ် ချပေးတာ လောက်တယ်လေ။ အခု သူကလည်း ရောင်းအား တက်လာတော့ သူယူတဲ့ ကုန်ဘိုးက တစ်ပတ်ကို သိန်း ရာဘရိတ်လောက် အသာလေး ရောက်သွားပေမယ့် သူပြန်ချပေးတဲ့ ငွေက စယူစက အတိုင်း သိန်း သုံးလေးဆယ်ပဲ ဖြစ်နေတော့ မောင်နိုင်မှာ ငွေကြပ်သွားတာပေါ့။ ဒါပေမယ့်လည်း ငွေအကြောင်း ပြောလိုက်ရင် စိတ်ခုသွားမှာ ကြောက်တော့ မတောင်းရဲပြန်ဘူး။ ကိုယ့်အတတ်နဲ့ ကိုယ်ဆူးတယ်ဆိုတဲ့ ပုံစံ ဖြစ်နေသပေါ့။ ဒါနဲ့ပဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး ကျွန်တော့်ဆီကို ပြေးလာတာပါ။

“မင်းသူ့ကို တိုက်ရိုက်ကြီး အကြွေး သွားမတောင်းနဲ့။ ဖုန်းနဲ့လည်း ငွေကြပ်တာ ပြုတာ သူ့ကိုလည်း မပြောနဲ့။ သူ့ညီကိုလည်း မပြောနဲ့။ သူမှာတဲ့ ပစ္စည်းကိုလည်း အကြွေးများနေတယ် ဆိုပြီး မပို့ဘဲ မနေနဲ့။ မင်းကိုယ်တိုင် လက်ဆောင် ပစ္စည်းတွေနဲ့ သူတို့မြို့ကို အကြောင်းတစ်ခုပြပြီး အလည်ရောက်လာသလို သွားပြီးရင် မင်းလည်း နည်းနည်းပါးပါး ချတတ်တာပဲ စားသောက်ဆိုင် တစ်ဆိုင်မှာ စားရင်းသောက်ရင်း စကားစမြည် ပြောသလိုနဲ့ မင်းအခက်အခဲတွေကို ပြောပြလိုက် ဒါဆိုရင် ပွဲသိမ်းပဲ” လို့ သင်ပေးလိုက်တယ်။

နောက်နှစ်ပတ်လောက် နေတော့ သူ့ဆီက ဖုန်းဝင်လာပါတယ်။ အိမ်မှာ တောင်ကြီးပြန် လက်ဆောင် ဝင်ပေးခဲ့တယ် ဆိုတာရယ်၊ သူ့ကိစ္စ အဆင်ပြေသွားတယ် ဆိုတဲ့ အကြောင်းရယ်၊ သတင်းကောင်းလေး ကြားရပါတယ်။ ဒီအကြောင်းပြီးလို့မှ သိပ်မကြာခင်မှာ ဖောက်သည်တွေဆီက မောင်နိုင်နဲ့ အရောင်းအဝယ် လုပ်ရင် အရင်လို ငွေမမြန်ဘူး၊ ငွေကြာတယ် ဆိုတဲ့ အကြောင်း၊ ချပေးထားတဲ့ အကြွေးဆိုရင်လည်း အလိုက်တသိနဲ့ ပေးတယ်ဆိုတာ မရှိတော့ဘဲ မတောင်းမချင်း မပေးဘူး ဆိုတဲ့ အသံလေးတွေ ဟိုကဒီက တစ်စွန်း တစ်စ ကြားလာရတယ်။ ကျွန်တော်အတွေးထဲမှာ မောင်နိုင် အကြောင်းက တစ်ဝဲလည်လည် ဖြစ်လာပါတယ်။

သူနဲ့ ကျွန်တော် စတွေ့တာ လွန်ခဲ့သော ဆယ်နှစ်လောက်ကပါ။ အဲဒီ အချိန်တုန်းက ကျွန်တော်ကလည်း ဈေးကို နေ့တိုင်း ဆင်းနေရတဲ့ ရောင်း၊ တောင်း ဘဝပါ။ ရောင်းတောင်းဆိုတာ မနက်ကို ဈေးလိုက်ရောင်းတယ်။ ညနေအကြွေး လိုက်တောင်းတယ်ကို ဆိုလိုတာပါ။ သူက အစက ကျောင်းပြီးကာစမှာ သူ့အဖေရဲ့ မိတ်ဆွေ ဖွင့်ထားတဲ့ မြန်မာ ဘယဆေးဆိုင်မှာ အလုပ် လုပ်ပါတယ်။ သူ့ဆရာက အင်္ဂလိပ်ဆေး လုံးဝ မရောင်းပါဘူး။ ဒီတော့ အဲဒီ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေက အင်္ဂလိပ်ဆေး လိုချင်ရင် သူ့ကို ဝယ်ခိုင်းပါတယ်။ နောက်ဝယ်တာများတော့ ဆိုင်ရှင်တွေနဲ့ သူက ရင်းနှီးလာတဲ့အခါ နယ်က မှာလိုက်တဲ့ ပစ္စည်းကို သူတို့ဆိုင် လာဝယ်ချင်အောင် ဆွဲဆောင်တဲ့ အနေနဲ့ မောင်နိုင်ကို ဝယ်ပေးတဲ့ ငွေပမာဏ အပေါ်မှာ ကော်မရှင် စားပေးပါတယ်။ သူ့ဆရာ ဖောက်သည်တွေကလည်း အင်္ဂလိပ်ဆေး ဆိုရင် သူ့ကိုပဲ အလကား အဝယ်ခိုင်းတာကနေ ဝယ်တဲ့ သူကလည်း ကော်မရှင်ပေး ပြီးခိုင်းတဲ့ အဝယ်တော် သဘောမျိုးထိ တိုးတက်လာပါတယ်။ သူကလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အမြဲတမ်း ဆောင်ရွက်ပေးတာကြောင့်လည်း ဖြစ်ပါတယ်။

သူ့ဆရာဆိုင်မှာ အလုပ် လုပ်နေရင်းက သုံးနှစ်လောက်ကြာတဲ့ အခါမှာ သူ့အမျိုးသမီးက အဲဒီတုန်းက ပုဂ္ဂလိက ဘဏ်ဝန်ထမ်းပါ။ သူအိမ်ထောင်ကျပြီးလို့ မကြာခင် အားလုံးက တိုက်တွန်းတာရယ် သူကိုယ်တိုင်ကလည်း သူများအလုပ်က ရုန်းထွက်ချင်တာရယ် သူဝယ်နေတဲ့ ဆိုင်တွေကလည်း အကူအညီပေးမယ် ဆိုတာရယ်ကြောင့် ဆေးဆိုင်လေး စဖွင့် ဖြစ်သွားပါတယ်။ အစကတော့ သူ့ဆရာကို အားနာတော့ အင်္ဂလိပ်ဆေးနဲ့ စခဲ့ပေမယ့် နောက်အားလုံးက တိုက်တွန်းတော့ သူကျွမ်းကျင်တဲ့ မြန်မာဆေးက အဓိကလို ဖြစ်သွားပါတယ်။ အစကတော့ ဆိုင်မှာ သူတစ်ယောက်တည်းပါ။ ဖြစ်ချင်တော့ သူအမျိုးသမီးကလည်း ဘဏ်က ဝန်ထမ်း လျှော့ချအထဲမှာ အိမ်ထောင်သည် ဆိုပြီး အလျှော့ ခံလိုက်ရပါတယ်။ ဒီတော့ အလိုလို ဆိုင်ပေါ်ကို ရောက်လာတော့တာပေါ့။ တိုတိုပြောရရင် ကြိုးလည်းကြိုးစား လုပ်အားကလည်း တိုးလာတော့ သူတို့ ဆိုင်ကလေးက ခဏလေး အတွင်းမှာ စည်ပင်လို့ စီးပွား တက်လာတယ်လို့ ပြောနိုင်ပါတယ်။
သည်တော့ မိန်းမများ ထုံးစံအတိုင်း စီးပွားတက်ပြီဆိုတာနဲ့ လူသိအောင် ကြွယ်တော့တာပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ ထုံစံလို ဖြစ်နေတာက စီးပွားတက်တယ် ဆိုရင် ရွှေငွေလက်ဝတ် ရတနာတွေ၊ အိမ်အသုံးဆောင် ပစ္စည်းတွေ၊ အိမ်တွေ၊ ခြံတွေ လိုလိုမလိုလို ဝယ်ပြကြတာပါပဲ။ စီးပွားတက်ကြောင်း ပြတဲ့အနေနဲ့ ရွှေဝယ်မယ်၊ စိန်ဝယ်မယ် ဆိုလည်း သူက “ဝယ်စေ” ။ မိန်းမက ဆိုင်ကယ် ဝယ်ချင်တယ်၊ ကားဝယ်ချင်တယ်ဆို “ဝယ်စေ” ပေါ့။ နေစရာ အိမ်ရှိပေမယ့်လည်း ကိုယ်လည်း မနေနိုင်ဘဲနဲ့ ဝယ်စေဆိုတော့ ဘေးကအမြင်မှာ မောင်နိုင်တို့ လင်မယား ခဏလေးနဲ့ စီးပွားတက်တယ်လို့ တိုးလာတဲ့ အိမ်အသုံးအဆောင်တွေကို ကြည့်လို့ အားလုံးက မှတ်ချက်ချကြတာကို ကျေနပ်နေပါသတဲ့။

တကယ်တော့ တိုးလာတဲ့ အိမ်အသုံးအဆောင်တွေကို ကြည့်လို့ အားလုံးက မှတ်ချက်ချကြတာကို ကျေနပ်နေပါသတဲ့။ တကယ်တော့ သူမှာ တိုးပွားလာတယ် ဆိုတဲ့ အသုံးအဆောင် ပစ္စည်းတွေ လက်ဝတ် ရတနာတွေ များများလာတာက အရောင်းအဝယ် ကောင်းလို့ အမြတ်အစွန်းကြောင့် တိုးလာသော ငွေလား။ သူများက ယုံကြည်လို့ ပေးထားတဲ့ တစ်ချိန်မှာ မဖြစ်မနေ ပြန်ပေးရမယ့် ကုန်ကြွေးလား။ ဆိုတာကိုတော့ စဉ်းစားမိပုံ မပေါ်ပါဘူး။ မလိုအပ်တဲ့ နေရာမှာ အသုံးများတော့ ငွေတွေက ငွေသေတွေ ဖြစ်ကုန်ပါတယ်။ သူကို အကြွေးများများ သူများကပေးတော့ သူကလည်း ဒီ့ပြင့်လူတွေကို တစ်ဆင့်များများ ပြန်ပေး။ မလိုအပ်ဘဲနဲ့ပဲ ဝယ်ချင်ရာတွေကို ဝယ်ဆိုတော့ လုပ်ငန်းထဲမှာ ရှိတဲ့ အရင်းအနှီး လှည့်ပတ်ငွေက တစ်ထက်တစ်စ မသိမသာလေး နည်းနည်းလို့ လာပါတယ်။ အဲဒီ အချိန်မှာပဲ သူများဆီက ပြန်ရမှ သူကလည်း သူများပေးစရာကို ပြန်ပေးနိုင်တော့တဲ့ အနေအထားကို ရောက်မှန်းမသိ ရောက်လာတာကို သူ သတိမထားမိလိုက် မသိလိုက်မိပါဘူး။

ကျွန်တော်တို့ မြန်မာ လုပ်ငန်းရှင်တွေရဲ့ အားနည်းချက်က ငွေကြေး စီမံခန့်ခွဲမှု အားနည်းတာပါပဲ။ နေ့စဉ် ဝင်လာတဲ့ ငွေဟာ အားလုံး ကိုယ့်ဟာမဟုတ်ဘူး ဆိုတာကို မေ့ထားတတ်ကြပြီး ရီစရာလို ပြောရရင်တော့ ငါ့ခြံထဲ ရောက်ရင် ငါ့နွားလို့ သတ်မှတ်လိုက်ကြတာ များပါတယ်။ သူများပေးစရာကို မြန်မြန်ပေးနိုင်အောင် ဖယ်ထားမယ် အမှန်တကယ် မြတ်တာကိုမှ သုံးသင့်တာ သုံးလို့ အရင်းအနှီး ကြီးသထက်ကြီးအောင် ပိုငွေကို အရင်းထဲ ပြန်ထည့်မယ်ဆိုတာ အိပ်မက်ထဲတောင် မပါသလောက်ပါ။ စီးပွားတက်ကြောင်း ပြတဲ့အနေနဲ့ ဝယ်ပြမယ်၊ သုံးပြမယ်၊ ဝတ်ပြမယ်၊ လှူပြမယ် (စိတ်ရင်း အမှန်ပါလား မပါလားတော့ မသိဘူး) အလွန်အကျွံ လုပ်တယ်ဆိုတဲ့ လူမျိုးပါ။ ဒီလို လုပ်တတ်တာကြောင့် ဖြစ်လာတာကတော့ တစ်ခုခုများ ထစ်သွားမယ်။ ကိုယ်အကြွေးချပေးတဲ့ ကုန်သည် တစ်ဦးဦးက အထစ်အငေါ့ ဖြစ်သွားမယ်။ ဆိုင်ပြုတ်သွားလို့ အကြွေးတွေများ မပေးနိုင်တော့ဘူးဆိုရင် သူကိုယ်တိုင်ကလည်း စိုက်မဆပ်နိုင်တဲ့ ဘဝမျိုးကို အော်တိုမက်တစ် ရောက်သွားပါတယ်။ ဒီတော့ အကြပ်ရိုက်ကုန်ကြ အဆင်မသင့်ရင် ကိုယ့်ဖောက်သည် စီးပွားပျက်တော့ ကိုယ်ပါရောပြီး စီးပွားပျက်ကုန်ကြပါရော။ အဲဒါက ကိုယ်ရလာတဲ့ အမြတ်တင် သုံးရုံမကဘူး။ သူများရဲ့ အရင်းကိုပါ ဆွဲသုံးလိုက်တာကြောင့် ဖြစ်ရတာပါလို့ ပြောအပြီးမှာ မောသွားတယ်နဲ့ တူပါတယ်။ ရေနွေးကြမ်းကို သောက်နေပါတယ်။

ကျွန်တော်က ဒါဆိုမောင်နိုင်တို့ ဘယ်လိုဖြစ်သွားလဲလို့ မေးတော့ စီးပွားပျက်တဲ့ ထိတော့ ဆိုးမသွားပါဘူး။ ဒါပေမယ့်လည်း များများငွေချ မပေးနိုင်တော့ များများ အကြွေးယူလို့ မရဘူး။ ကြွေး များများယူလို့ မရပြန်တော့ များများ မရောင်းနိုင်ပြန်ဘူးလေ။ ဒီတော့လည်းများများ မမြတ်ဘူးပေါ့ကွာလို့ ပြောပါတယ်။ ကျွန်တော်ခေါင်းထဲ ဖြတ်ကနဲ ဝင်လာကတော့ ငယ်သူငယ်ချင်းလေး ခိုင်စိုးပါ။ ကျွန်တော်တို့ ကလေးဘဝက တစ်ယောက်နဲ့ တစ်ယောက် အရပ်အမြင့် ပြိုင်ကြရင် ဒီကောင်က သူများထက် ပိုမြင့်အောင် ခြေဖျားထောက် ရပ်လေ့ရှိပါတယ်။ အဲတော့ သူ့အကြောင်း သိနေတဲ့ သူငယ်ချင်းတွေက ကြာကြာ အရပ်မြင့် ပြိုင်မယ်ဆိုပြီး စိန်ခေါ်ပါလေရော။ အဲဒီအခါ ခိုင်စိုး မပြိုင်ရဲပါဘူး။ ခြေစုံရပ်တဲ့ ကောင်လောက် ကြာကြာ သူမရပ် နိုင်ဘူးဆိုတာ သူ့ကိုယ်သူ သိနေလို့ပါပဲ။ ဒီလိုပါပဲ။ ကိုယ် အရင်းအနှီး နည်းနည်း သူများငွေ များများနဲ့ အလုပ်လုပ်တဲ့ သူကလည်း ခိုင်စိုးလို လူစားမျိုးနဲ့ မထူးပါဘူး။ ကိုယ့်ငွေက နည်းနည်း သူများ ငွေတွေနဲ့သာ လှည့်ပတ် အလုပ်နေရတဲ့ အချိန်လေးမှာ ကိုယ်ပိုင်အရင်းအနှီး တိုးသထက် တိုးအောင် အရင် စုဆောင်းမယ်။
လုပ်ငန်း လှည့်ပတ်ငွေ ပမာဏ များသထက် များအောင် ပြန်ပြန် ထည့်မယ်လို့ မစဉ်းစားဘဲ ကိုယ့်ငွေမတိုးပွားခင် သူများငွေကို သုံးချင်သလို သုံးလိုက်မယ်ဆိုတဲ့ စိတ်ထားတွေနဲ့သာ အလုပ်လုပ်နေမယ်ဆိုရင် သူ့ငွေ ကိုယ့်ငွေ မခွဲခြား ဖယ်လို့ မထားဘဲ ကုန်အောင် သုံးမယ်ဆိုတဲ့ စိတ်ကလေးကိုသာ မဖျောက်နိုင်ရင်တော့ လုပ်ငန်းတစ်ခုကို ရေရှည်တည်မြဲအောင် ဆောင်ရွက်နိုင်ဖို့ လွယ်မယ် မထင်ပါဘူး။ လူတိုင်းလူတိုင်းဟာ မြန်မြန်ဆိုတဲ့ အချိန်ခဏလေး အတွင်းမှာ မတ်မတ်ရပ်နိုင်ဖို့ ကတော့ လုပ်နိုင်ပါလိမ့်မယ်။ ဖြစ်လည်းဖြစ်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့ သာဓကတွေလည်း ရှိကြပါတယ်။ ဒီလိုမြန်မြန်နဲ့ မတ်မတ် ရပ်နိုင်အောင် လုပ်နိုင်တယ် ဆိုပေမယ့်လည်း မှန်မှန်နဲ့ မြဲနိုင်အောင် ရေရှည် တည်တံ့အောင် ကြိုးစားဖို့ကတော့ ပိုပြီး ခက်ခဲမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒါလေးက ကျွန်တော့် အမြင်လေး ဆိုတော့။ ကဲ..မိတ်ဆွေတို့ကရော..။

ကိုပေါက်(မန္တလေး)

MBA ဘွဲ့ရရင် ဘာဖြစ်မလဲ

စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များသည် ယခုအခါ၌ MBA သင်တန်းတစ်ခုကို တက်လိုက်လျှင် သေချာပေါက် အောင်မြင်ပြီး လုပ်ငန်းခွင်ထဲတွင် အသာစီးရမည်ဟု ကြော်ငြာလေ့ ရှိကြသည်။  အကယ်၍ သင့်တင့်သည့် စီးပွားရေး လုပ်ငန်း ပညာသင်တက္ကသိုလ် တစ်ခုမှ ဘွဲ့ရလျှင် ထိုလုပ်ငန်းခွင်များ၌လည်း ခန့်ထားရန် သင့်တော် ကောင်းမွန်သည်ဟု အဓိပ္ပာယ် ထွက်နေသည်။ ထို့ပြင် အခြား MBA ဘွဲ့ရသူများနှင့် အချိတ်အဆက် မိသွားမည်။ အတန်းထဲ၌ တက်ရောက် သင်ကြားသည့် အတွေ့အကြုံလည်း အနည်းနှင့်အများ ရမည်။ သို့ဖြစ်ရာ ကျောင်းလခ အကုန်ခံပါ၊ ထိုအကျိုးကျေးဇူး များကို အရယူလိုက်ပါဟု စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များက ကြေညာလေ့ ရှိကြသည်။ ပြဿနာမှာ ထိုမျှ မလွယ်ပါ။ ကျောင်းသားတွေက စီးပွားရေး ပညာသင် တက္ကသိုလ်များ၏ ကတိများသည် အနှစ်မရှိ၊ အကာသက်သက် ဖြစ်ကြောင်း သဘောပေါက်စ ပြုလာကြသည်။ MBA ဘွဲ့သင်တန်းတွင် တက်ရောက် သင်ကြားကာ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် အကျိုးကျေးဇူးမှာ ဂရိပြည်သူ့ ကြွေးမြီများလို ဖြစ်နေသည်ဟု ပြောကြသည်။ အသက် ၂၅၊ ၃၀ အရွယ်၌ လုပ်ငန်း အသင့်အတင့် တစ်ခုရှိလျှင်၊ ကုမ္ပဏီက အကုန်အကျ မခံလျှင် MBA ဘွဲ့ရရန် သင်ကြားခြင်းသည် စွန့်စားရမှု ကြီးမားသည်။ သင့်မှာ စီးပွားရေး လုပ်ငန်း အတွေ့အကြုံ ရှိသည်ဆိုလျှင် အကောင်းဆုံး နည်းလမ်းမှာ ထိုအတွေ့အကြုံများကို ဆက်လက် လေ့လာ ဆည်းပူးရန်၊ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်သွားသည်ထက် ပို၍ အသုံးဝင်အောင် လုပ်ငန်းခွင်တွင် ကြိုးစားရန် ဖြစ်သည်။

စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက စီးပွားရေး တိုးတက်မှု နှေးကွေးနေသည့် အချိန်သည် မိမိပညာရေး အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး အချိန်ဟု ပြောလေ့ပြောထ ရှိကြသည်။ သို့သော် ထုတ်ပြောလေ့ မရှိသည့် ကိစ္စတစ်ခုမှာ သင့်ငွေကို သူတို့က လိုအပ်နေခြင်း ဖြစ်သည်။ သင်၏ ချက်လက်မှတ်ကို စောင့်စားနေသည့် စီးပွားရေးပညာသင် တက္ကသိုလ်များ ရှိသည်။ ၎င်းတို့၏ ကျောင်းနှင့် သုတေသန လုပ်ငန်းများ အတွက် ရန်ပုံငွေ လိုအပ်နေကြသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ပြီး ခန့်ထားရသည့် စီးပွားရေး ပညာသင် ပါမောက္ခများလည်း ရှိသည်။ သို့ဖြစ်၍ ကျောင်းသားလောင်းများ အနေဖြင့် သတိထားရသည်မှာ အကယ်၍ MBA ဘွဲ့သည် စွန့်စားရကျိုးနပ်သည် စွန့်စားထိုက်သည်ဟု ယူဆလျှင် အခြားသူများက အဘယ့်ကြောင့် မတက်ဘဲ နေကြသနည်း။ ကိုယ်အထင်ကြီးနေသည့် သူများက MBA ဘွဲ့မရဘဲ၊ မယူဘဲ နေကြသည်က စဉ်းစားရန် လိုသည်။

ဟားဗတ် စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်တွင် မကြာမီက ကျောင်းအုပ်ကြီး အသစ် ရွေးချယ်ခဲ့သည်။ သူသည် ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှု ပညာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ သူ့ကို ဘလွန်းဘတ်စီးပွားရေး ဂျာနယ်က ဂိုမန်ဆက်ခ်ျ ကုမ္ပဏီ၏ ကွန်ဂရက် လွှတ်တော်တွင် တင်ပြချက်များကို ကြည့်ပါသလားဟု မေးသည့်အခါ သူက “ဟားဗတ် စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်ဟာ ဘဏ္ဍာရေး လောကက ဖြစ်ရပ်တွေကို အမြဲတမ်း စောင့်ကြည့်ပါတယ်။ သူတို့ကို သာဓက ထားပြီးလည်း အတုယူလေ့ ရှိတယ်။ ထွက်လာတဲ့ သတင်းတွေကိုလည်း သေသေချာချာ ကြည့်တယ်။ အနည်းဆုံး ဒီဘဏ္ဍာရေး လုပ်ငန်းတွေမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ နားလည်အောင် ကြိုးစားတယ်။ ဂိုမန်ဆက်ခ်ျက ဘာဖြစ်နေတယ် ဆိုတာ တစ်ချိန်ကျရင် လေ့လာပြီးတော့ တင်ပြမယ်။ အဲဒီလုပ်ငန်းကနေ လေ့လာ တင်ပြစရာတွေ ရှိတယ်” ဟု ဖြေသည်။ သူသည် ဂိုမန်ဆက်ခ်ျဘက်က သော်လည်းကောင်း၊ ဂိုမန်ဆက်ခ်ျကို ဝေဖန်သည့်ဘက်က သော်လည်းကောင်း ရပ်တည်ခဲ့ပုံ ရသည်။ သူကကျွန်တော်တို့ ခေတ်၏ စီးပွားရေး လုပ်ငန်း တစ်ခုကိုသာ ထောက်ပြသည်။ စီးပွားရေး လုပ်ငန်း လောကကို သူတို့က ထောက်ပံ့ခြင်း မပြုမီ ဦးစွာ လေ့လာဖို့ လိုအပ်နေကြောင်း ပြသနေသည်။ လေ့လာရာ၌ နောက်ကျနေသည်၊ နှေးသည်။

အရည်အသွေး မြင့်လွန်းနေသလား ယနေ့ခေတ်တွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲနေသည့် စီးပွားရေးအဖွဲ့အစည်းများကို ကြည့်သည့်အခါ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အတွက် MBA ဘွဲ့ရရန် မလိုသည်မှာ ထင်ရှားသည်။ ကမ္ဘာပေါ်တွင် နည်းပညာ အရာတွင် ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်သော၊ ဈေးကွက်ပေါက် အရင်းအနှီး ပမာဏလည်း ကြီးမားသော Apple သည် မကြာမီက Microsoft က ကျော်လွန်၍ သွားခဲ့ရာ Apple ကုမ္ပဏီ၌ ထိပ်တန်း အရာရှိကြီးများသည် MBA ဘွဲ့ရများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်က ထိပ်တန်း အရင်းအနှီး ကြီးမားသည့် ရန်ပုံငွေ အဖွဲ့များ၌ အင်ဂျင်နီယာများ၊ သင်္ချာ ပညာရှင်များနှင့် ရောင်းဝယ်သမားများ၊ အတွေးအခေါ် ကောင်းကာ အစီအစဉ် ဆွဲတတ်သူများကို MBA ဘွဲ့ရများထက် ပို၍ ဦးစားပေးတတ်သည်ကို တွေ့ကြရသည်။ ကိုယ်ကျင့်တရား၊ ပညာကြောင့် မဝံ့မရဲ ဖြစ်နေသည့် သူများထက် ပို၍ လိုလားသည်။

ထွန်းသစ်စ နိုင်ငံများ၌ ၁၉ ရာစုနှစ်က အမေရိကန် ဓားပြများကဲ့သို့ ဥစ္စာဓနများ ရှာဖွေ စုဆောင်းလာခဲ့ပြီး MBA အစီအစဉ်၌ ပါဝင်သည့် သင်တန်းများ၊ ဘာသာရပ်များကို လုံးဝ မသိဘဲ ကြီးပွားလာသူများ ရှိသည်။ စီးပွားရေး လုပ်ငန်း ပညာသင် တက္ကသိုလ်များက သင်ကြား ပေးလိုက်သည့် သင်ရိုးများသည် စီးပွားရေး အပြောင်းအလဲကို အမီ မလိုက်နိုင်။ ဟောင်ကောင်မှ သူဋ္ဌေးကြီး လီကာရှင်းနှင့် မကာအိုမှ စတန်လီဟို သို့မဟုတ် ရူးပတ်မားဒေါ့တို့သည် MBA ဘွဲ့ရများ မဟုတ်ကြ။ သူတို့က MBA ကို စီးပွားရေး လုပ်ငန်း အခွင့်အလမ်း တစ်ခုအဖြစ်သာ မြင်ကောင်းမြင်မည်။ ဤနည်းအားဖြင့်သာ ၎င်းတို့က MBA သင်တန်းကျောင်းများ တည်ထောင်ကာ ရင်းနှီး မြှုပ်နှံကောင်း မြှုပ်နှံမည်။ သူတို့က စရိတ် ကြီးမားတာတွေကိုကြည့်၊ MBA ဘွဲ့ရ တစ်ယောက်နှင့် တစ်ယောက် လခတွေ မညီမျှတာတွေကိုမြင်၊ အထူးသဖြင့် ထိပ်တန်း တက္ကသိုလ်များမှ MBA ဘွဲ့ရပြီး ဘဏ္ဍာရေး လုပ်ငန်းများနှင့် အတိုင်ပင်ခံ လုပ်ငန်းများ၌ ရောက်သည့် လူများ လခ ကောင်းကောင်း ရသည်ကို မြင်မည်။ အများအားဖြင့် MBA ဘွဲ့ရများတွင် အောင်မြင်သည့် လုပ်ငန်းရှင်များ သိပ်မရှိ။

သူတို့က စီးပွားရေး လုပ်ငန်းသည် အခြေခံအားဖြင့် ကိစ္စနှစ်ခုနှင့် ပတ်သက်သည်။ တီထွင် ဆန်းသစ်မှုနှင့် ရောင်းချမှုသာ ဖြစ်သည်ဟု ယူဆသည်။ စီးပွားရေး လုပ်ငန်း ပညာသင် အစီအစဉ် တော်တော်များများ၌ ထိုဘာသာရပ် နှစ်ခုကို သင်ကြားပေးခြင်း မရှိ။ MBA ကွန်ရက်များ အမှန်မည်သို့ ဖြစ်နေသည်ကိုလည်း စဉ်းစားရလိမ့်မည်။ ဟိုနေရာ၊ ဒီနေရာမှ ရောက်လာသည့် စီးပွားရေး လုပ်ငန်း ပညာသင် ကျောင်းသားများဖြင့် ကမ္ဘာအနှံ့ ကွန်ရက်ကြီး တည်ဆောက်နိုင်စရာ အကြောင်းမရှိ။ ကိုယ့်အိမ်မှာ ကိုယ်ကိုယ့်မြို့၊ ကိုယ့်ရွာ၌သာ နေလျှင် ကမ္ဘာ့အနှံ့ ကွန်ရက်ကို ချိတ်ဆက်စရာလည်း မလို။ အကောင်းဆုံးသော ကွန်ရက် တည်ဆောက်သည့် နည်းမှာ ကျောင်းသွားသည့် နည်းလမ်းမဟုတ်။ အောင်မြင်အောင် လုပ်ရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်လိုချင်သမျှ MBA ဘွဲ့ရတွေ၊ မိတ်ဆွေတွေ ရနိုင်သည်။ သူတို့က စီးပွားရေး ပညာရှင် အချို့နှင့် တွေ့ကောင်းတွေ့မည်။ ထိုပညာရှင်များ၏ လျှောက်လွှာများကို ယူပြီးလျှင် ဘေးဖယ် ပစ်လိုက်မည်။

ခင်မောင်ညို (ဘောဂဗေဒ)

ဘွဲ့ဒီဂရီ တစ်ခု၏ အသိမှတ်ပြုခံရခြင်း ရှိမရှိ

ယခု မျက်မှောက်ခေတ် အခါသမယသည် ပညာရေးကို အလေးပေး လိုက်စားလာသော ခေတ်ဖြစ်လာပါ၍ ဘွဲ့ရ ပညာတတ်တွေလည်း ပေါများသော အချိန်အခါ ဖြစ်ပါ၏။ ဘွဲ့ဒီဂရီ အမျိုးအစားတွေလည်း များပြားလာရာ
  • ပြည်တွင်းက ပေးသောဘွဲ့
  • ပြည်ပနိုင်ငံကြီးတွေက ပေးသောဘွဲ့
  • စာပေးစာယူဘွဲ့
  • On Line က ယူသောဘွဲ့
  • နိုင်ငံခြား တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ ပြည်တွင်း သင်တန်းတွေက ပေးသောဘွဲ့
  • ဂုဏ်ထူးဆောင်ဘွဲ့
  • အမှန်တကယ် ကျောင်းတက်၍ စာမေးပွဲ ဖြေပြီးရသောဘွဲ့
စသဖြင့် ဘွဲ့ဒီဂရီ အမျိုးမျိုး ပေါ်ပေါက်လာပါ၏။ ထိုအခါ ၎င်း ဘွဲ့ဒီဂရီ အမျိုးမျိုးနှင့် စပ်လျဉ်း၍လည်း အယူအဆ အမျိုးမျိုး ပေါ်ပေါက်လာရာတွင် အယူအဆတို့မှာ စာပေးစာယူ ဘွဲ့ဆိုလျှင် စာသိပ်မတတ် သလိုလို၊ တကယ် အချိန်ပြည့် ကျောင်းတက်ပါမှ တတ်တော့မလိုလို၊ နာမည်ကြီး နိုင်ငံခြား တက္ကသိုလ်ကြီးတွေက ရသောဘွဲ့ကမှ တန်ဖိုး ရှိသလိုလို၊ ပြည်တွင်းက ဘွဲ့ဆိုလျှင် တန်ဖိုး မရှိသလိုလို၊ နာမည် သိပ်မကြီးသော တက္ကသိုလ်တို့က ရသောဘွဲ့ဆိုလျှင် အသိမှတ်ပြု မခံရသလိုလို စသဖြင့် အယူအဆ ကွဲလွဲမှုတွေလည်း ပေါ်ပေါက် လာပါသောကြောင့် ၎င်း အယူအဆတို့နှင့် သက်ဆိုင်သော သဘောတရား အချို့ကို လက်လှမ်းမီသရွေ့ တင်ပြအပ်ပါသည်။

အလုပ် လုပ်ပိုင်ခွင့် (လိုင်စင်) နှင့် အဆက်အစပ်ရှိသော ဘွဲ့အမျိုးအစား

ဤဘွဲ့ အမျိုးအစားများ၏ ဥပမာတို့မှာ
ဆေးပညာဘွဲ့ (M.B.B.S)
သူနာပြုဘွဲ့ (B.N.Sc)
ဥပဒေဘွဲ့ (L.L.B) စသောဘွဲ့များ ဖြစ်ပါ၏။

ထပ်ဆင့် ရှင်းလင်းရပါသော် M.B.B.S ဘွဲ့ရလျှင် ဘွဲ့နှင်းသဘင် တက်ပြီး ဆရာဝန်တော့ ဖြစ်၏။ သို့သော် ဆေးကုသခွင့် (လိုင်စင်) ကို သက်ဆိုင်ရာ နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ဥပဒေဖြင့် ပြဋ္ဌာန်းထားပါ၏။ M.B.B.S အောင်တိုင်း ဆ.မ (လိုင်စင်) မရပါ။ ဥပဒေ ပြဋ္ဌာန်းချက်၊ စည်းကမ်း ပြဋ္ဌာန်းချက်အတိုင်း အလုပ်သင် ဆရာဝန်သင်တန်း ပြီးမြောက်ခြင်း စသဖြင့် ပြဋ္ဌာန်းချက် ရှိသရွေ့ လျှောက်ထားပြီးမှသာ လိုင်စင်ရပါ၏။ သက်ဆိုင်ရာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လိုအပ်ပါက တခြားနိုင်ငံက ဘွဲ့တွေဖြစ်လျှင် စာမေးပွဲ ပြန်ဖြေရပါသည်။ ထိုအခါ ဘွဲ့အတွက် စာမေးပွဲ ဖြေရတာ မဟုတ်ဘဲ လိုင်စင်အတွက် ဖြေရတာ ဖြစ်ပါ၏။ ဥပဒေ လက်မှတ်များ ဖြစ်သော HGP (High Grade Pleadership), RL (Registered Lawer), LLB (Bachelor of Legal Language) တို့ အောင်ပြီးလျှင်လည်း သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ ပြဋ္ဌာန်းချက် နည်းလမ်းအတိုင်း ရှေ့နေ လိုက်ပါခွင့် လိုင်စင် လျှောက်ထားရပါ၏။ တခြားနိုင်ငံက ဥပဒေဘွဲ့ရများသည် လိုအပ်ပါက စာမေးပွဲ ပြန်ဖြေရပါမည်။ နိုင်ငံတစ်ခု၏ ပုဂ္ဂလိက လုပ်ငန်းရှင်တို့က ရှေ့နေ၊ ဆရာဝန်၊ သူနာပြုများကို ခန့်ထားပါက လိုင်စင်ရများကိုသာ ခန့်ထားခွင့် ရှိပါ၏။ လိုင်စင် ထုတ်ပေးရာ၌ တက္ကသိုလ်၏ နာမည်ကြီးတာနဲ့ မဆိုင်ဘဲ သက်ဆိုင်ရာ နိုင်ငံ၏ အာဏာပိုင် အဖွဲ့က လိုင်စင် ပေးမပေးနဲ့သာ ဆိုင်၏။ ဥပမာ- UK နိုင်ငံက နာမည်ကြီး အီဒင်ဘာရာ ဆေးကောလိပ်က M.B.B.S, FRCS ဘွဲ့များကိုပင် USA နိုင်ငံက ချက်ချင်း လိုင်စင် ထုတ်မပေးပါ။ စာမေးပွဲ ပြန်ဖြေရပါ၏။ USA နိုင်ငံက ဆရာဝန် ဘွဲ့ရများကိုလည်း UK ၌ အလုပ်လုပ်ချင်သော် UK က စာမေးပွဲ ပြန်ဖြေခိုင်း၏။

လိုင်စင်နှင့် အဆက်အစပ် မရှိသော ဘွဲ့များ

ဥပမာအားဖြင့် မြန်မာနိုင်ငံက အင်္ဂလိပ်စာ အဓိကနှင့် ဘွဲ့ရပြီး ထိုင်းနိုင်ငံ စားသောက်ဆိုင် တစ်ခုတွင် မန်နေဂျာရာထူး သွားရောက် လုပ်ကိုင်နိုင်ပါသည်။ မန်နေဂျာရာထူး တစ်ခုအတွက် လိုင်စင် မလိုပါ။

အသိမှတ် ပြုခံရတဲ့ ဘွဲ့ဆိုတာ ဘာလဲ

လိုင်စင်နှင့် ချိတ်ဆက်ထားသော ဘွဲ့များသည်သာလျှင် ဘယ်နိုင်ငံသည် ဘယ်နိုင်ငံက ဘွဲ့ဆိုလျှင် အသိမှတ်ပြု လိုင်စင်ပေးမည် သို့မဟုတ် လိုင်စင်မပေးဘဲ စာမေးပွဲ ဖြေခိုင်းတာရယ်လို့ ရှိပါ၏။ လိုင်စင်နှင့် ချိတ်ဆက်ထားခြင်း မရှိသော ဘွဲ့များကို နိုင်ငံ အသီးသီးက အသိမှတ်ပြုပါတယ်ဟု ကြေညာထားတာ မရှိသလို အသိအမှတ် မပြုပါဘူးဟု ပယ်ချထားတာလည်း မရှိပါ။ ထို့ကြောင့် ၎င်းဘွဲ့များကို ရပါက အရှိကို အရှိအတိုင်း (As it is) သာလျှင် ဖြစ်၏။

ဘွဲ့တွေကို ဘယ်သူက တန်ဖိုးဖြတ်ခြင်း (Evaluate) လုပ်သလဲ

လက်တွေ့ နယ်ပယ်မှာတော့ ဘွဲ့တွေကို တန်ဖိုးဖြတ်နေသူမှာ အလုပ်ခန့်မည့် အလုပ်ရှင် (Boss) သို့မဟုတ် HR ဌာနဖြစ်၏။ Boss တစ်ယောက်သည် သူ့ထံ၌ မန်နေဂျာ အလုပ် လာလျှောက်သော ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ရကို ငြင်းပယ်ခွင့် ရှိသလို ဖွံ့ဖြိုးဆဲ နိုင်ငံက စာပေးစာယူ ဘွဲ့ရကို မန်နေဂျာ ခန့်ပိုင်ခွင့် ရှိ၏။ ထို့ကြောင့် ဘွဲ့တစ်ခုကို တန်ဖိုး ရှိမရှိ ဆုံးဖြတ်ရာတွင် ဘွဲ့ပေးလိုက်သော ပါမောက္ခချုပ်က အဓိက အခရာ မကျ၊ အလုပ်ခန့်မည့် Boss က အဓိက ကျပါ၏။

ဘွဲ့ရတစ်ဦး တကယ် တတ်၊ မတတ် ပြဿနာ

ဘွဲ့ရတစ်ဦးသည် တကယ် တတ်မတတ်နှင့် စပ်လျဉ်း၍ ပြဿနာကို ဖြေရှင်းရန် တာဝန်ရှိသူမှာ အလုပ်ခန့်မည့် အလုပ်ရှင်သာလျှင် ဖြစ်ပါသည်။ အမှန်တကယ် တတ်အောင်သင်ရန် တာဝန်ရှိသူကတော့ သက်ဆိုင်ရာ တက္ကသိုလ် ဆရာများ ဖြစ်၏။ သို့သော် မတတ်လျှင်လည်း မည်သည့် ပါမောက္ခချုပ်ကမှ ဘွဲ့ကို ပြန်သိမ်းတယ်ရယ်လို့ မရှိပါ။ တတ်မတတ် စိစစ်ရန်နှင့် လိုအပ်က စာမေးပွဲ ထပ်စစ်ရန်မှာ အလုပ်ရှင်၏ တာဝန်သာ ဖြစ်ပါ၏။ ဘွဲ့ရသွားတဲ့ ကျောင်းသား တစ်ယောက် အနေနှင့်ကတော့ တကယ် တတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ဘွဲ့လက်မှတ်ကို ယူသွား၍ မိမိ၏ ဧည့်ခန်း၌ ချိတ်ဆွဲလိုက်ပါပြီ။ သူ၏သာရေး (မင်္ဂလာဆောင်) ၌ လည်းကောင်း၊ သူ၏ နာရေး ကြော်ငြာ၌ လည်းကောင်း သူရသည့် ဘွဲ့ကို သူ့နာမည် နောက်က ရေးတော့မှာသာ ဖြစ်၏။ ထို့ကြောင့် ဘွဲ့ရရှိပါက အရှိကို အရှိအတိုင်းသာ ဖြစ်၏။

ကျောင်းသား ဈေးကွက်များများ လိုချင်သော်လည်း အလုပ်သမားဈေးကွက် မပေးလိုသော နိုင်ငံကြီးများ

မြန်မာပြည်က မိန်းကလေး တစ်ယောက်သည် UK နိုင်ငံက B.Sc ဘွဲ့ကို လိုချင်၍ UK ၌ လေးနှစ်သွား၍ ကျောင်းတက်ရာတွင် မိဘများက ပေါင်စတာလင်ငွေ သောင်းဂဏန်းမက ကုန်ပါ၏။ သို့နှင့် B.Sc (London) ဘွဲ့ရသောအခါ UK နိုင်ငံ၌ အလုပ်ရဖို့ မလွယ်ပါ။ နေ့စား အလုပ်တွေသာ လိုက်လုပ်နေရ၏။ အကယ်၍ (၂) နှစ်အတွင်း အလုပ်မရပါက ဗီဇာသက်တမ်း ကုန်၍ ပြန်လာရမည် ဖြစ်ပါ၏။ ထို့ကြောင့် B.Sc (London) ဆိုသော ဘွဲ့ကို အဓိပ္ပာယ် ပြန်ဆိုရပါသော်
- စက်မှုနိုင်ငံကြီးက တက္ကသိုလ်ကြီးတွေက ကျောင်းလခ လိုချင်လှပါ၏။
- အလုပ်သမား ဈေးကွက်မှာတော့ နေရာ မပေးချင်ဟု အဓိပ္ပာယ် ထွက်နေပါသည်။

လူငယ်တို့အတွက် သင်ခန်းစာအချို့
  • စက်မှု နိုင်ငံကြီးတွေက တက္ကသိုလ်ကြီးတွေ၏ ဘွဲ့များသည် ကောင်းပါ၏။ သို့သော် ကျောင်းလခ အဆမတန် ဆိုလျှင်တော့ မကောင်းပါ။
  • မည်သည့်ဘွဲ့မျိုးဖြစ်စေ Something is better than nothing မရှိတာထက် စာလျှင် ကောင်း၏ဟု သဘောပိုက်၍ အခွင့်အရေး ပေးလျှင်ယူသင့်၏။ မိုးရွာတုန်း ရေခံသင့်ပါ၏။
  • မသင်အပ်သော ပညာသည် မရှိ။ ရတုန်းမှာ ယူမထားသင့်သော ဘွဲ့ရယ်လို့ မရှိပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံက လူငယ် တစ်ယောက်သည် စာပေးစာယူနဲ့သာ ဘွဲ့ရသွားပြီး နိုင်ငံကြီး တစ်ခု၌ အလုပ်ကြမ်း လုပ်၏။ ၎င်းနောက် ကုမ္ပဏီတစ်ခု၌ စာရေးလုပ်၏။ တစ်စတစ်စနဲ့ Supervisor အဆင့် လုပ်နိုင်လာပါတယ်။ လုပ်ငန်းလည်း ကျွမ်းလာပြီး မန်နေဂျာ လုပ်ရန်ပင် တာစူလာပါ၏။ ထိုစဉ် ထိုနိုင်ငံကြီး၏ တက္ကသိုလ်ကြီးက MBA ဝင်ခွင့် သင်တန်းကို ဝင်ဖြေ၏။ သင်တန်းဝင်ခွင့် အတွက် မိမိ၏ ဖွံ့ဖြိုးဆဲ နိုင်ငံက စာပေးစာယူ ဘွဲ့လက်မှတ်လေးကို ထုတ်ပြသောအခါ တက္ကသိုလ်ကြီးက လက်ခံသည်ဟု ဆိုပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

ဒေါက်တာထွန်းဝင်း

ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အဆိုးမြင်ဝါဒီတို့ အကြောင်း

လုပ်စရာအလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဟာ ပထမဦးစားဖြစ်တဲ့ အချိန်မှာ ခင်ဗျားဟာ အသေးစိတ် လေ့လာဆန်းစစ်ဖို့ အလုပ်ကို ခပ်ဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဖွယ် ရှိပါတယ်။  ကုန်ကုန်ပြောရရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ စပ်လျဉ်းတဲ့ သံသယ တစ်ခုတလေမျှကို အကြောင်းပြုပြီးတော့တောင် အရေးယူ ဆောင်ရွက်ဖို့ ငြင်းပယ်ကောင်း ငြင်းပယ် နိုင်ပါတယ်။

လုပ်စရာရှိတဲ့ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ခြင်း (get it right) ဟာ လူသားတို့ရဲ့ အမူအကျင့်အပေါ် သြဇာ လွှမ်းမိုးတတ်တဲ့ နောက်ထပ် အလုပ်ပဓာနပြု အာရုံကျမှု (task-focused intent) တစ်ခု ဖြစ်ပါတယ်။ (ပထမတစ်ခုဖြစ်တဲ့ အလုပ် ပြီးမြောက်ရေး ကိုသာ ပဓာနပြု အာရုံကျမှု (get it done) အကြောင်းကို ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့ပြီးပါပြီ။) ခင်ဗျားဟာ အမှားကျူးလွန်မိမှာ စိုးလို့ဆိုပြီး သေချာပေါက် ဖြစ်နိုင်ချေရှိတဲ့ အချိန်မှာ အဲဒီ အလုပ်ကိစ္စနဲ့ စပ်လျဉ်းပြီး အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ရတာကြောင့် အလုပ်ကို တဖြည်းဖြည်း အရှိန်လျှော့ပြီး စိမ်ပြေနပြေ လုပ်ကိုင်ဆောင်ရွက်လာနိုင်ပါတယ်။ ခင်ဗျားဟာ ရလဒ် အနေနဲ့ ဘာ ထွက်ပေါ်လာမယ် ဆိုတာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို မယုံကြည်တာကြောင့် လုပ်ဆောင်ချက် မှန်သမျှကို ရှောင်ရှားဖို့အထိ အားထုတ်ကောင်း အားထုတ်လာနိုင်ပါတယ်။ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ရေးဆီ အာရုံကျချိန်မှာ ကဖျက်ယဖျက် လုပ်မှု သို့မဟုတ် ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ သူ့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို ဖရိုဖရဲနဲ့ အလေးဂရုပြုစရာ မလိုတော့သယောင် ထင်မှတ်လာပါတယ်။ အလုပ် မှန်ကန်ရေးအပေါ် အလွန်အကျွံ အာရုံစိုက်လာတဲ့ အခါမှာတော့ ရလဒ်က အဆိုးမြင် ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီ ဦးတည် ဖြစ်ပေါ်လာပါတယ်။ ခိုလိုလူ၊ မြုံစိစိ ပုဂ္ဂိုလ်နဲ့ အပျက်မြင်သမားတို့ အားလုံးဟာ ဆိုခဲ့ပါ အမူအကျင့်အတွက် နမူနာ စံပြ လူသားတွေပါပဲ။

(၁) ခိုလိုလူ
ကျွန်တော်တို့ရဲ့ မပြီးပြည့်စုံလှတဲ့ လောကကြီးမှာ ခိုလိုလူက သူ့အဖို့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်း ကင်းမဲ့နေတယ်လို့ ယုံကြည်ထားပါတယ်။ မှားယွင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ မရေရာ မသေချာမှုတွေ အားလုံးက သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေ စေပါတယ်။ ခိုလိုလူတွေဟာ အဖြေရှာမှု အားလုံးကို စွန့်ပစ်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက် မြင့်မားလာတာနဲ့ အမျှ သူတို့ဟာ ဝါးလုံးချေးသုတ်ရမ်းဖို့ လိုအပ်တဲ့ သက်သေ အထောက်အထား အဖြစ် အသုံးပြုနိုင်တဲ့ ပြဿနာ မှန်သမျှအပေါ် အာရုံစိုက်ကြပါတယ်။ သူတို့က “ဘယ်ဟာမှ မမှန်ဘူး၊ အားလုံး အမှားတွေချည်းပဲ” လို့ စတင် ညည်းညူကြပါတယ်။ ဒါ့ကြောင့် အဲဒီလို ညည်းညူခြင်းက တခြားလူတွေကို စိတ်ပျက်ဖွယ် ဖြစ်စေပြီး နောက်ထပ် ညည်းညူစရာတွေ ဖြစ်ပေါ်စေမယ့် ယိုယွင်း ပျက်စီးတဲ့ အခြေအနေတွေကို ပေါ်ပေါက်လာစေပါတယ်။

(၂) မြုံစိစိပုဂ္ဂိုလ်
ခိုလိုလူနဲ့ မတူတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ အမှားအယွင်းတွေ ဖြစ်ပေါ်စေမယ့် အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခါမှာ ချက်ချင်းလက်ငင်း အကူအညီ မဲ့သွားသလို မခံစားရပါဘူး။ သို့ပေမဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ တဖြည်းဖြည်းချင်း မျှော်လင့်ချက် ကင်းမဲ့လာသူ ဖြစ်ပါတယ်။ မှားသွားတဲ့ ကိစ္စဟာ ဘယ်တော့မှ ပြန်ပြီး မှန်လာမှာ မဟုတ်ဘူးလို့ ခံယူထားတဲ့ မြုံစိစိ ပုဂ္ဂိုလ်ဟာ သူတို့ ဘယ်လို ခံစားရတယ် ဆိုတာကို တခြားသူတွေ သိသွားမှာနဲ့ စပ်လျဉ်းပြီး ရှက်ကြောက်မှုတော့ မရှိပါဘူး။ “အဲဒါကို မေ့လိုက်စမ်းပါ။ ငါတို့ ဒါကို ကြိုးစားခဲ့တာပဲ။ အဲဒါဟာ အလုပ် မဖြစ်ခဲ့သလို အခုလည်း ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်စုံတစ်ဦးက တစ်မျိုး ကွဲပြားစွာ ပြောခဲ့မယ်ဆိုရင် ခင်ဗျားဟာ မိမိ ကိုယ်ကို့ယ် လှည့်စားတာနဲ့ အတူတူ ဖြစ်မှာပဲ။ ဆုံးရှုံးမယ့် ကိစ္စ တစ်ခုအတွက် မိမိရဲ့ ခွန်အား စိုက်ထုတ်မှုတွေကို ဖြုန်းတီးမနေပါနဲ့။ အရှုံးပေးလိုက်စမ်းပါ” ဆိုတဲ့ စကားမျိုးတွေ ပြောတတ်ပါတယ်။ အဲဒီလို အမူအကျင့်ဆိုင်ရာ တွင်းနက်ကြီးက တခြားလူတွေကို မြုံစိစိ ပုဂ္ဂိုလ်ရဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ ချိုင့်ခွက်ကြီးထဲ ရောက်ရှိသွားအောင် စုပ်ယူလေ့ ရှိပါတယ်။

(၃) အဆိုးမြင်သမား
ဖြစ်ရပ်တွေဟာ ပြီးပြည့်စုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို မမီတဲ့အခါ တချို့လူတွေဟာ စိတ်ပျက်လက်ပျက်နဲ့ အလုံးစုံ နောက်ဆုတ် သွားတတ်ကြပါတယ်။ မှန်ကန်စွာ လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း အတွက် နောက်ဆုံး အနေနဲ့ ဟစ်ကြွေးမှု ရှိနိုင်ပါတယ်။ အဲဒါကတော့ “ကောင်းပြီ၊ ခင်ဗျားနည်း ခင်ဗျားဟန်နဲ့သာ လုပ်ပေတော့။ တကယ်လို့ အဲဒါ အလုပ်မဖြစ်ဘူး ဆိုရင် ကျွန်တော့်ဆီကို ငိုကြွေးပြီး ရောက်မလာပါနဲ့” လို့ ပြောဆိုတတ်ပြီး ဘာမျှ မလုပ်ဘဲ နေလေ့ ရှိပါတယ်။ ဒီနေရာမှာ သိရှိထားရမယ့် သော့ချက်တွေ ကတော့

(၁) အမူအကျင့်တွေဟာ တစ်ခါတစ်ရံ အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ တွန်းအားကြောင့် ဖြစ်ပေါ် လာရတယ် ဆိုတာကို  နားလည် သဘောပေါက်ပါ။
ထပ်ပြောလိုတာက အဲဒါဟာ ပြုပြင်လို့ မရလောက်အောင် ဆိုးဝါးခြင်း သို့မဟုတ် မသင့်လျော်ခြင်း မဟုတ်ပါဘူး။ စင်စစ်အားဖြင့် အဲဒါဟာ အခြေအနေက လိုလား တောင်းဆိုတဲ့အတိုင်း အတိအကျ ဖြစ်နိုင်ပါတယ်။

(၂) အလုပ်ကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အာရုံကျခြင်းရဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွ ရှိမှုကို သိရှိပါ။
လူတွေဟာ အမှား မကျူးလွန်မိအောင် အသေးစိတ် အာရုံစိုက်နိုင်ဖို့ အတွက် ဖြည်းဖြည်းမှန်မှန် စိန်ပြေနပြေ လုပ်တတ်ကြပါတယ်။ ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ စပ်လျဉ်းပြီး ထည့်သွင်း စဉ်းစားတာကြောင့် ဘာမျှ မလုပ်ဘဲလည်း နေကောင်း နေနိုင်ပါတယ်။ သူတို့ဟာ မိမိအလုပ်အပေါ် အပြည့်အဝ အရေးမထားတတ်တဲ့ တခြားလူတွေရဲ့ အမှားတွေကိုတော့ တွေ့မြင်တတ်ကြပါတယ်။

(၃) အလုပ် မှန်ကန်စွာ ပြီးမြောက်ရေးကို အာရုံကျခြင်းဟာ ဇီဇာကြောင်တတ်တဲ့ အမူအကျင့်ဆီသို့ ဦးတည် သွားတတ်ကြောင်း သတိပြုပါ။
ဒါကို ခိုလိုလူရဲ့ ညည်းညူခြင်း သို့မဟုတ် မြုံစိစိပုဂ္ဂိုလ်ရဲ့ အပျက်သဘောရှုမြင်ခြင်း သို့မဟုတ် အဆိုးမြင်ဝါဒီရဲ့ အသံတိတ် နောက်ဆုတ်မှု အဖြစ် ထုတ်ဖော်ပြသနိုင်ပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ အချက်က ဘာကိုမျှ အပြုသဘော အမြင်နဲ့ သေချာပေါက် မဆောင်ရွက်တတ်ခြင်းပါပဲ။
Ref: Dealing with Difficult People by Dr.Rick Brinkman and Dr. Rick Kirschner

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons